ရှမ်း နှစ်သစ်ကူးပွဲ ကျင်းပခွင့် ကန့်သတ်

ရှမ်းတိုင်းရင်းသားများ နှစ်စဉ်ကျင်းပသည့် ရှမ်းနှစ်သစ်ကူး ပွဲတော်ကို ရှမ်းပြည်နယ် မြို့နယ် တချို့တွင် သက်ဆိုင်ရာ အာဏာပိုင် များက ကန့်သတ်မူများ ပြုလုပ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နှင့် သိန္နီမြို့တို့တွင် ဒီဇင်ဘာ ၇ ရက်နေ့ ကျရောက်သည့် ရှမ်းနှစ်သစ်ကူး ပွဲတော် ကျင်းပရန် အတွက် အာဏာပိုင်များက နေ့လယ်ပိုင်းတွင်သာ ခွင့်ပြုပြီး ညပိုင်းတွင် ခွင့်မပြုကြောင်း သိန္နီမြို့ခံတဦးက ပြော သည်။

“နှစ်သစ်ကို စောင့်ကြိုပြီး ပွဲအစီအစဉ်တွေကို ကျင်းပရတာက နှစ်သစ်ကူးပွဲတော်ရဲ့အနှစ်သာရပဲ၊ နှစ်သစ်ကို ကြိုရမယ့် ည အချိန်မှာ ပွဲကျင်းပခွင့် မပေးဘူးဆိုတော့ နှစ်သစ်ကူးပွဲက ဘယ်လိုလုပ် အဓိပ္ပာယ် ရှိတော့မှာလဲ”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

အပစ်ရပ် ရှမ်းပြည်တပ်မတော်- မြောက်ပိုင်း (SSA-N) နှင့် အစိုးရတပ်များ မကြာသေးမီက တိုက်ပွဲဖြစ်ခဲ့သည့် နေရာ အနီး ရှိ တန့်ယန်းမြို့တွင်လည်း အာဏာပိုင်များက ပွဲကျင်းပခွင့်မပြုကြောင်း၊ ရှမ်းဆရာတော် တပါးက မည်သည့်ပြဿနာမျှ မဖြစ် စေရဟု အာမခံမှသာ ကျင်းပခွင့်ရရှိသည်ဟု တန့်ယန်းမြို့ခံတဦးက ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်လည်း ရှမ်းနှစ်သစ်ကူးပွဲတော်ကို ယခင်နှစ်များက ၂ ရက်မှ ၃ ရက်အထိ ပွဲကျင်းပရက် ဆက်တိုက် ခွင့်ပြုသော်လည်း ယခုနှစ်တွင်မူ ဒီဇင်ဘာလ ၆ ရက်နေ့ တရက်တည်းသာ ကျင်းပရန်၊ ပွဲတော်ကိုလည်း နေ့ အချိန်၌သာ ကျင်းပရန် ညွှန်ကြားထားမှုများရှိသည်ဟု လားရှိုးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

၎င်းက“ကျနော်တို့က ရှမ်းလူမျိုးတွေ၊ နေတာကလည်း ရှမ်းပြည်မှာ၊ ရှမ်းတွေရဲ့ ရိုးရာပွဲတွေကိုလည်း ကျင်းပခွင့် မရဘူး၊ ရှမ်းစာပေ ဆိုရင်လည်း အခြေခံလောက်ပဲ သင်ကြားခွင့်ရတယ်၊ နောက်ဆိုရင် ကျနော်တို့ လူမျိုးတွေ ဘယ်လိုဖြစ်မလဲ ဆိုတာ မတွေးတတ်ဘူး”ဟု ဆိုသည်။

ရှမ်းစာပေ သင်ကြားခွင့်ကိုလည်း အာဏာပိုင်များက ကန့်သတ်ကြောင်း၊ အခြေခံ အဆင့်လောက်သာ သင်ကြားခွင့် ရ ကြောင်း၊ စာပေသင်ကြားချိန်ကိုလည်း ကန့်သတ်ထားကြောင်း အဆိုပါ လားရှိုးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းမှ တာဝန်ရှိသူက ပြောပြသည်။

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင်လည်း ဒီဇင်ဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ရှမ်းနှစ်သစ်ကူးပွဲတော် ကို ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။

လာမည့် ဒီဇင်ဘာ ၇ ရက်နေ့သည် ရှမ်းနှစ်ဆန်း တရက်နေ့ဖြစ်ပြီး ရှမ်းပြက္ခဒိန်အရ ၂၁၀၅ ခုနှစ် ကျရောက်မည် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်ကတည်းက ရှမ်းလူမျိုးတို့သည် ယခု တရုတ်ပြည် ယူနန်နယ်၏ အနောက်ဘက်နှင့် မြောက်ဘက် ရွှေလီ မြစ်ဝှမ်းဒေသတွင် အင်အား စုစည်းကာ ကိုယ်ပိုင် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံဖြင့် နန်ချို နိုင်ငံ တော်ကို တည်ထောင်ကာ နေထိုင်ခဲ့ကြောင်းသိရသည်။

ခရစ်တော်မပေါ်မီ (BC 94) တွင် ရှမ်းဘုရင်တပါး ဖြစ်သည့် စော(ဝ်)ဦးတည်ဖ သည် ဗုဒ္ဓသာသနာတော်ကို ကိုးကွယ်လို သဖြင့် သားတော် စော(ဝ်)ခွန်စိုင်းအား သီဟိုဠ်(ယခု သီရိလင်္ကာနိုင်ငံ)သို့ စေလွှတ်၍ ပိဋကတ်သုံးပုံကို ပင့်ဆောင် စေခဲ့ပြီး နန်ချိုနိုင်ငံသို့ စော(ဝ်)ခွန်စိုင်းနှင့် ပိဋကတ်သုံးပုံ ပြန်ရောက်သည့် နှစ်၊ လ မှစတင်၍ ရှမ်းသက္ကရာဇ်ကို ရေတွက်ခဲ့သည်ဟု ရှမ်း သမိုင်းပြုစုသူ တဦးက ဧရာဝတီသို့ ပြောသည်။

ရှေးအခါက ရှမ်းနက္ခတ် ပညာရှင်များသည် နှစ်သစ်ကူးနေ့ကို သတ်မှတ်ရာတွင် နေ-လ-ကြယ်-နက္ခတ် တို့ကို ကြည့်ပြီး အချိန် နာရီ အတိအကျဖြင့် သတ်မှတ်ကြသော်လည်း ယခုအခါတွင် နတ်တော်လဆန်း ၁ ရက်နေ့ကို နှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ်ကြကြောင်း သိရှိရသည်။

ရှမ်းနှစ်သစ်ကူးကာလတွင် လူငယ်များ စုပေါင်းကာ နှစ်သစ်အတွက် ဆုမွန်ကောင်းများတောင်းပေးခြင်း၊ အိမ်ရှင်များ အတွက် နှစ်သစ်ကူးသီချင်းများ သီဆိုပေးခြင်းတို့ကို တအိမ်တက်ဆင်း ပြုလုပ်ကြသည်။

ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။

Leave a comment