နိုဝင်ဘာတွင် မုန်တိုင်း လာရန်ရှိသေးဟု ဒေါက်တာထွန်းလွင် ပြော

ရွေးကောက်ပွဲ ပြုလုပ်မည့် နိုဝင်ဘာလတွင် မုန်တိုင်းတခု ထပ်ဖြစ်ရန်ရှိနေကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

၂၀၁၀ ပြည့်နှစ်နှင့် သဏ္ဍာန်တူနှစ်များ (analogueyears) ရွေးချယ်လေ့လာမှုအရ နိုဝင်ဘာလအတွင်း မုန်တိုင်းဖြစ်ရန် အလားအလာတွေ့ရှိချက်မှာ (၆၀) ရာခိုင်နှုန်း ရှိနေကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

၎င်းက “နှစ်တွေအားလုံးက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း (၆) ကြိမ်ဖြစ်ခဲ့တယ်လို့ ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ ဂီရိ အပါအ၀င်မှာ ဒီနှစ်ထဲမုန်တိုင်းက (၄) ကြိမ်သာဖြစ်ပါသေးတယ်” ဟု ပြောသည်။

လတ်တလော ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ လေထုမငြိမ်သက်မှုများဖြစ်နေကာ ပင်လယ်ရေအပူချိန် ပြန်လည်မြင့်တက်နေကြောင်း၊ ကပ္ပလီကျွန်းစုဧ။်တောင်ဖက်အစွယ်တွင် ပင်လယ်ရေအပူချိန်များ တက်နေသည်ကို အထူးဂရုပြု စောင့်ကြည့်ရန်လိုနေကြောင်းလည်း ၎င်းကပြောသည်။

“မိုးလေ၀သ သတင်းတွေကို အမှန်အတိုင်း ပြည်သူတွေသိနိုင်ဖို့ ကျနော်ထွန်းလွင်ကလည်း အင်တာနက်မှာ သတင်းတွေကို အချိန်နဲ့တပြေးညီ တင်ပြနေပါတယ်” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

နိုဝင်ဘာလသည် မြန်မာ့မုန်တိုင်းသမိုင်းတွင် မုန်တိုင်းများဖြစ်တတ်သောလ ဖြစ်ပြီး ထိုလတွင် မြန်မာနိုင်ငံကိုလည်း မုန်တိုင်းဝင်တတ်သောလ ဖြစ်ကြောင်း၊ ထို့ကြောင့် အရေးကြီးကြောင်း ၎င်းကဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်ကစကာ နှစ်စဉ်ဆက်တိုက် မုန်တိုင်းဖြတ်နေပြီး အောက်တိုဘာ (၂၂) ရက်နေ့က ရခိုင်ပြည်နယ်ကိုဝင်ခဲ့သော မုန်တိုင်းနှင့်ဆိုပါက မုန်တိုင်း (၅) လုံးရှိကြောင်း သိရသည်။

၂၀၀၈ခု နှစ်ကတိုက်ခဲ့သော ဆိုင်ကလုန်းနာဂစ်ကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း လူပေါင်းများစွာ သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၂) ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးမှဖြတ်သွားသော ဆိုင်ကလုန်းဂီရိကြောင့် ကျောက်ဖြူ၊ မြေပုံမြို့များ အပျက်စီးများကာ ယင်းမုန်တိုင်းနှင့်ပတ်သက်ပြီး နအဖက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ခေတ်ပြိုင်သတင်းထောက် တက်လူ ရေးသားသည်။

မဲမပေးဘဲ နေနိုင်ခွင့်ရှိကြောင်း စာရွက်များ ရန်ကုန်မြို့တွင်း ပြန့်နေ


ရွေးကောက်ပွဲအတွက် ကြိုတင်မဲကို အတင်းပေးခိုင်း၍မရကြောင်း၊ ပြည်သူတယောက်သည် မဲမပေးလိုပါက မဲမပေးဘဲ နေနိုင်ကြောင်း ရေးသားထားသည့် စာများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသည့် လက်ကမ်းကြော်ငြာစာများ ရန်ကုန်တွင် ဖြန့်ဝေနေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့တွင်း ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်တို့တွင် ယင်းသို့စာရွက်များ ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

“မနေ့က ကျနော်တို့ ဆိပ်ကမ်းသာလမ်းမှာ ဝေသွားတာပဲ။ ဘယ်သူဝေတယ် ဆိုတာ မသိပေမယ့် ဝေသွားတဲ့စာရွက်မှာ ဒေါ်စုပုံပါတယ်။ ကျနော်တို့လည်း ဒေါ်စုပုံပါတာတွေ့တော့ လိုက်တောင်းတာပေါ့။ ကျနော်တို့ ဒေါ်စုပုံ မတွေ့ရတာ ကြာပြီလေ” ဟု ကျောက်တံတားမြို့နယ် (၉) ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

အဆိုပါစာရွက်တွင် “ရွေးကောက်ပွဲဥပဒေနှင့် ဆန့်ကျင်ပြီး မသမာမှုတွေ့ရှိရင် ပြည်သူတွေအနေနဲ့ ရဲစခန်းကို တိုင်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောထားသည့် ရက်စွဲနှင့်တကွ ဖော်ပြထားသည်။

စာရွက်များဝေသူသည် မည်သူမည်ဝါဟု အတိအကျမသိရသော်လည်း စာရွက်ဝေသွားသည်ကို တွေ့လိုက်ရကြောင်း ကြံ့ဖွံ့ပါတီဝင်တဦးက ပြောသည်။

“စာရွက်ဝေတာတွေ့တယ်။ ကျနော်က ကြံ့ဖွံ့ပါတီဝင်ဖြစ်ပေမယ့် ပြည်သူတယောက်ပဲလေ။ ပြည်သူဆိုတာ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရမယ်လေ။ ဒါကြောင့် ကျနော်လည်း ယူထားလိုက်တယ်” ဟု ပန်းဘဲတန်းမြို့နယ်နေ ကြံ့ဖွံ့ပါတီဝင် ဘွဲ့ရလူငယ်တဦးက ပြောသည်။

အတင်းအကျပ် ခြိမ်းခြောက်မဲပေးခိုင်းသူသည်သာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဖြစ်သည်ဟုလည်းကောင်း၊ ခြိမ်းခြောက်ပြီး မဲပေးခိုင်းခြင်းသည် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်သည်ဟုလည်းကောင်း စသည့်ကောက်နုတ်စာများနှင့် ရွေးကောက်ပွဲနည်းဥပဒေများပါ ကြိုတင်မဲမပေးဘဲ နေနိုင်ခွင့်ရှိကြောင်းကိုလည်း အဆိုပါစာရွက်တွင် ရေးသားထားသည်။

လှိုင်မြို့နယ်၊ အင်းစိန်လမ်းမတွင်နေထိုင်သူ အသက် (၅၀) ကျော်အမျိုးသမီးတဦးက “ကျမတို့ လှိုင်မှာတော့ တနေ့က ဝေတာ။ လူငယ်တွေတဲ့ အဲလိုပြောကြတာပဲ။ ဘယ်သူပဲဝေေ၀ အဲဒီလို ဝေလို့ပဲ ပြည်သူတွေက အခုလုပ်မယ့်ရွေးကောက်ပွဲမှာ မဲမပေးဘဲနေလို့ ရ မရ၊ ပေးချင်မှပေးမယ်၊ မပေးဘဲလည်း နေချင် နေလို့ရတယ်ဆိုတာ သိရတယ်လေ။ ကျမ တကယ်ကို မသိခဲ့ဘူး။ ကြံ့ခိုင်ရေးက သူတို့ကိုပဲ မဲပေးဖို့ကို ရယကတွေက အိမ်တွေကို လိုက်ပြောနေတယ်လေ။ ကျမတို့က ကြောက်တယ်။ အခု ဒီစာရွက်လေးရတော့ မကြောက်တော့ဘူး” ဟု ပြောဆိုသည်။ ရန်ကုန်မြို့နယ် အသီးသီးတွင် ယင်းစာရွက်များ ဝေငှနေကြောင်း စုံစမ်းသိရှိရသည်။

ရွေးကောက်ပွဲ ဆန့်ကျင်သည့် အဆိုပါ မဲမပေးရေးလှုပ်ရှားမှု လက်ကမ်းစာရွက်များကို ယခုလဆန်းပိုင်းမှစတင်ကာ ဖြန့်ဝေနေခြင်းဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသည့် ပြည်တွင်းမှ လူငယ်များ၊ ရုံးဝန်ထမ်းများ၊ ပြည်သူများပါ ပါဝင်၍ လက်ဆင့်ကမ်း ဖြန့်ဝေနေခြင်းဖြစ်ကြောင်း၊ တဦးတယောက် အဖွဲ့အစည်းတခုအနေဖြင့် မဟုတ်ဘဲ အားလုံးစုပေါင်း၍ မိမိတို့အသိစိတ်ဖြင့် စုပေါင်းလှုပ်ရှားမှုတရပ်ဖြစ်ကြောင်း ပြည်တွင်းမှ အန်အယ်လ်ဒီလူငယ်တဦးက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။

ခေတ်ပြိုင်သတင်းထောက် မျိုးချစ်သူ ရေးသားသည်။

တပ်မိသားစုများထံမှ မဲရရှိရေး ကစထမှူးများ တာဝန်ယူထား

လာမည့်နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲမတိုင်မီကာလနှင့် ရွေးကောက်ပွဲကာလအတွင်း တပ်တွင်း အုပ်ချုပ်မှုလျော့နည်းသည့် ပြဿနာများ မဖြစ်ရေးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား တပ်မိသားစုဝင်များက မဲထည့်သွားရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) များက ၎င်းတို့ သက်ဆိုင်ရာ စစ်တိုင်းများအလိုက် တာဝန်ယူလုပ်ဆောင်နေသည်။

မကြာသေးမီလပိုင်းက ပဲခူးနှင့်ရန်ကုန်ရှိ တပ်မအချို့တွင် ဖြစ်ပွားခဲ့သည့် တပ်သားများ၏ အပ်နှံထားသည့်စုငွေများ ပြန်လည်ရရှိရေး အာဏာဖီဆန်တောင်းဆိုမှု ကိစ္စမျိုးအပါအ၀င် အုပ်ချုပ်ရေးလျော့နည်းမှုကြောင့် ပြဿနာများမဖြစ်ရန် ကစထ (၁) မှူး ဗိုလ်ချုပ် မြင့်စိုး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နယ်လှည့်ကွင်းဆင်းခဲ့သည်ဟု စစ်တပ်နှင့် နီးစပ်သူ ဗန်းမော်ဒေသခံ စစ်မှုထမ်းဟောင်းတဦးက ပြောသည်။

၎င်းက “ကစထမှူးက မြစ်ကြီးနားကနေ ဗန်မော်ရောက်လာတာ၊ တပ်မှာ (၉) ရက်နေ့မှာ လာအိပ်သွားတယ်။ လွယ်ဂျယ်တို့၊ ဧရာဝတီ စင်းခန်းတံတားတို့ သွားကြည့်တယ်။ နောက်နေ့ တပ်မိသားစုတွေနဲ့တွေ့တာ။ သူပြောတာကတော့ တပ်ထဲမှာ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ဖို့၊ ခွင့်မဲ့တို့၊ ပစ်တာခတ်တာ စတဲ့ အုပ်ချုပ်မှု လျော့နည်းတဲ့ ဖြစ်စဉ်တွေ မဖြစ်ဖို့၊ ထူးခြားတာက ပြည်ခိုင်ဖြိုးပါတီကို မဲထည့်ဖို့ ပြောသွားတယ်။ နောင်တက်လာမယ့် အစိုးရဟာလည်း ပြည်ခိုင်ဖြိုးပဲ ဖြစ်ရမယ်ပေါ့” ဟု ပြောသည်။

ကစထ (၁) မှူး ဗိုလ်ချုပ် မြင့်စိုးသည် ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်း တပ်ရာထူးအပြောင်းအလဲတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တို့ကို ကိုင်တွယ်ရသည့် ကစထမှူးအဖြစ် ရာထူးတက်လာသူဖြစ်ပြီး ယခင်က နမခ တိုင်းမှူးဖြစ်ခဲ့သည်။

ကစထမှူးနှင့် တိုင်းမှူးများပြောင်းတိုင်း ယခုကဲ့သို့ နယ်လှည့် တပ်စစ်ဆေးသည့် အလေ့အထရှိသော်လည်း ယခုကိစ္စမှာ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက မဲရရေးကိုသာ တပ်ထုအတွင်း လုပ်ဆောင်နေပုံရကြောင်း အဆိုပါ စစ်မှုထမ်းဟောင်းက ပြောသည်။

၎င်းက “အခုက ပြည်ခိုင်ဖြိုးကို မဲထည့်ရမယ်ဆိုပြီး အခုလို တပ်မိသားစုကို တိုက်ရိုက်လာပြောတာ။ အစောကတည်းကလည်း အဲလို မဲထည့်ဖို့၊ တပ်မှူးတွေက ကြီးကြပ်ဖို့ အော်ဒါထွက်ထားတယ်လို့ ကြားရတယ်။ ပြီးတော့ အခုက တပ်ထဲ ချေးငွေ ချေးနိုင်အောင် စီစဉ်ပေးနေတယ်၊ ငွေချေးလို့ရတယ်၊ အောက်ခြေတပ်ကို ပြန်ကြည့်ပေးလာတာက ထူးခြားတယ်။ တပ်ကလူတွေ ငတ်ပြတ်နေတာတော့ မှန်တယ်။ တပ်မတွေလို စုကြေးငွေတောင်းတဲ့အဆင့်မျိုးတော့ ဒီဘက် ရှိမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မှောင်ခိုလုပ်စားတာ၊ ထော်လာဂျီသမား၊ ဆိုင်ကယ်သမားတွေဆီက ငွေတောင်းတာ အဲလို လုပ်ခွင့်ရနေတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတဝန်းလုံးရှိ စစ်တိုင်းများကို ကွပ်ကဲရန် ကစထမှူး (၆) ဦး ခန့်အပ်ထားပြီး သြဂုတ်လကုန်ပိုင်းက (၆) ဦးစလုံး အသစ်ခန့်အပ်ခဲ့ရာ ဗိုလ်ချုပ်မြင့်စိုး ကစထ (၁) မှူး၊ ဗိုလ်ချုပ် အောင်သန်းထွဋ် ကစထ (၂) မှူး၊ ဗိုလ်ချုပ် လှမင်း ကစထ (၃) မှူး၊ ဗိုလ်ချုပ် သက်နိုင်ဝင်း ကစထ (၄) မှူး၊ ဗိုလ်ချုပ် တင်ငွေ ကစထ (၅) မှူးနှင့် ဗိုလ်ချုပ် စိုးဝင်း ကစထ (၆) မှူး ဖြစ်လာသည်။

ကြံ့ဖွံ့ပါတီအား လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်က ဥက္ကဋ္ဌတာဝန်ယူထားပြီး နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲ၌ မြန်မာတနိုင်ငံလုံးရှိ မဲဆန္ဒနယ်အားလုံးနီးပါးတွင် ဝင်ရောက်အရွေးခံရန် ရှိနေသကဲ့သို့ စစ်တပ်မှ နုတ်ထွက်ထားသူ အတော်များများ ကြံ့ဖွံ့ပါတီမှ ဝင်ရောက်အရွေးခံရန်ရှိသည်။

ခေတ်ပြိုင်သတင်းထောက် ပေါက်ပေါက် ရေးသားသည်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ တပ်မှထွက်ပြေး

ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် သွားရောက်ပူးပေါင်းမည့် ကရင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို လက်ဦးမှုယူ၍ သုတ်သင်ရန်နှင့် ၎င်းတို့သွားရောက်သည့် အဓိက နယ်စပ်လမ်းကြောများကို ပိတ်ဆို့ထားရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က အမိန့်ပေးထားသည်ဟု နယ်ခြားစောင့်တပ်အရာရှိတဦးက ပြောသည်။

၎င်းက “ဒီကေဘီအေ ကနေ ကရင်နယ်ခြားစောင့်တပ် အသွင်ပြောင်းထားတဲ့အထဲက တပ်ဖွဲ့ဝင် (၁၀၀) ကျော်ဟာ အသွင်ပြောင်းပြီးတာနဲ့ တလကျော်ကာလအတွင်းမှာ ကေအန်ယူနဲ့ ဒီကေဘီအေ ခွဲထွက် ဗိုလ်နှုတ်ခမ်းမွှေးတပ်ဘက်ကို လက်နက်တွေနဲ့အတူ သွားပူးပေါင်းတာတွေကို ထိန်းချုပ်ဖို့အတွက် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်းက အောက်ခြေတပ်မှူးတွေကို အမိန့်ပေးထားတယ်” ဟု ပြောသည်။

အဆိုပါတပ်ဖွဲ့ဝင်များသည် နအဖစစ်တပ်၏ ဖိနှိပ်အုပ်ချုပ်မှုအောက်တွင် မနေလို၍ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇)၊ တပ်မဟာ (၆) နှင့် ခွဲထွက် ဒီကေဘီအေတပ်မဟာ (၅) စသည့်တပ်များနှင့် လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု တပ်ဖွဲ့ဝင်များက ပြောသည်။

ကေအန်ယူ လက်အောက်ခံ ကေအန်အယ်လ်အေ တပ်မဟာ (၇) တွင် လာရောက်ပူးပေါင်းသည့် လှိုင်းဘွဲ့အခြေစိုက် နယ်ခြားစောင့်တပ်မှ အရာရှိတဦးက “လွန်ခဲ့တဲ့သြဂုတ်လ (၁၈) ရက်နေ့က ဒီကေဘီအေကို နယ်ခြားစောင့်တပ်အဖြစ် စပြီးပြောင်းခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျနော်တို့အားလုံးဟာ နအဖလက်အောက်ခံ တပ်ဖွဲ့ဝင်တွေအဖြစ် သစ္စာခံကြရတယ်။ ကရင်အမျိုးသားအလံတော်နဲ့ အဆောင်အယောင်တွေ ဘာတခုမှ အသုံးပြုခွင့်မရှိတော့ဘူး။ ဘာလုပ်ပိုင်ခွင့်မှလည်း မရှိတော့ဘူး။ ဒါကြောင့် ဒီကိုပြန်လာတာပါ” ဟု ပြောသည်။

နယ်ခြားစောင့်တပ်မှ ထွက်ပြေးသူများအနက် လိုက်လံဖမ်းဆီးရမိသူ (၁၀) ဦးခန့်ကိုလည်း ဖမ်းဆီးမိသည့် တောထဲ၌ပင် လက်နက်များကိုသိမ်းကာ သတ်ပစ်လိုက်သည့်ဖြစ်ရပ်များ လှိုင်းဘွဲ့နှင့်မြ၀တီမြို့နယ်တို့တွင် ယခင်လအတွင်း၌ ဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောသည်။

အဆိုပါ လာရောက်ပူးပေါင်းသူ (၁၀၀) ခန့်သည် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအတွက် နအဖ က တပ်ဆင်ပေးသည့် လက်နက်ငယ်များနှင့် အခြားလက်နက်ကြီးအချို့ အပါအ၀င် လက်နက်အရေအတွက် (၁၀၀) ကျော်ပါရှိသည်ဟု ကေအန်အယ်လ်အေ တပ်မှူးတဦးက ပြောသည်။

လှိုင်းဘွဲ့မြို့နယ်တွင် အခြေစိုက်သည့် နယ်ခြားစောင့် တပ်ရင်းမှူးတဦးက ကေအန်အယ်အေ တပ်မဟာ (၇) ဒေသတွင် ရောက်ရှိနေသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို ပြန်လည်လွှဲပြောင်းပေးရန် တပ်မဟာ (၇) ၏ အဆင့်မြင့်တပ်မှူးများထံ ဆက်သွယ်ခဲ့သော်လည်း ကေအန်အယ်လ်အေမှ ငြင်းဆန်ခဲ့သည်ဟု သိရသည်။

ကေအန်ယူမှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေက “ပြန်လာတဲ့လူတွေကို ကောင်းမွန်စွာလက်ခံတယ်။ သူတို့ဆန္ဒအတိုင်း ဖြစ်ချင်တာကို ဦးစားပေးတယ်။ အများစုကတော့ အပြင်မှာပဲ သာမန်အရပ်သားအနေနဲ့ နေကြတာများတယ်။ သူတို့ယုံကြည်ချက်နဲ့ သူတို့လာတာ ဘာမှပြန်ပို့စရာ အကြောင်းမရှိဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဒီကေဘီအေအဖွဲ့ကို နအဖက ပြီးခဲ့သည့် သြဂုတ်လ (၁၈) ရက်နေ့မှ စတင်ကာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းပေးခဲ့သည်။

ခေတ်ပြိုင်သတင်းထောက် ရဲရင့် ရေးသားသည်။

ထွေ/အုပ်ဦးစီးဌာန ၀န်ထမ်းများအား ၀န်ထမ်းအိမ်ရာမှ ဖယ်ခိုင်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တာဝန်ကျနေသည့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးရုံး တာဝန်ကျ ဝန်ထမ်းမိသားစုများအား ၎င်းတို့နေထိုင်ရာ ဝန်ထမ်းအိမ်ရာများမှ အောက်တိုဘာ လကုန်ရက် နောက်ဆုံးထား၍ ရွှေ့ပြောင်းကြရန် အမိန့်ထုတ်ထားသည်။

မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ၀န်ထမ်းအိမ်ရာများတွင် နေထိုင်ကြသည့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးများမှ ဝန်ထမ်းမိသားစု (၁၆) စုအား ရွှေ့ပြောင်းခိုင်းထားသည်ဟု ပြောင်းရွှေ့ရမည့် ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “သူတို့ပြောတာက ရွေးကောက်ပွဲပြီးရင် နောက်တက်လာမယ့် အစိုးရအဖွဲ့က သူ့အုပ်ချုပ်ရေးဝန်ထမ်းတွေ ထားမယ်၊ ဒါကြောင့် နေရာဖယ်ပေးရမယ်ပေါ့။ ဆိုတော့ ကျနော်တို့တွေ အလုပ်ပြုတ်ရင်လည်း ပြုတ်သွားမှာပေါ့။ ကျနော်တို့က ဒီနယ်သားမဟုတ်ဘူး။ အဲလိုပြောင်းခိုင်းတော့ ဘယ်မှာ နေရမှန်းမသိဖြစ်နေတယ်” ဟု ပြောသည်။

ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူများသည် ရုံးစာရေး၊ လက်နှိပ်စက်စာရေး၊ ရုံးအကူ စသည့်အောက်ခြေ၀န်ထမ်းများ ဖြစ်ကြပြီး အချို့မှာ မြစ်ကြီးနားမြို့ခံများ မဟုတ်သည့်အတွက် အိမ်ခန်းငှားရမ်းနေထိုင်ရန် အဆင်မပြေကြကြောင်း သိရသည်။

အထွေထွေအုပ်ချုပ်ရေးရုံးများတွင် နှစ်ပေါင်းများစွာ လုပ်လာခဲ့ပြီး ဌာနက ချထားပေးသည့် လုံးချင်းအိမ်များ၌ အသားကျ နေထိုင်လာခဲ့ရာမှ ယခုကဲ့သို့ မောင်းထုတ်နေခြင်းမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်လာခဲ့ကြသည့် ဝန်ထမ်းများအပေါ် ထောက်ထားညှာတာမှု ကင်းမဲ့ရာကျကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။

၎င်းက “ဒီမှာမနေနဲ့ ပြောင်းချင်ရာပြောင်း ဆိုတဲ့သဘောက ကျနော်တို့ ဝန်ထမ်းတွေအပေါ် လုံးဝ ငဲ့ညှာထောက်ထားမှု မရှိတာပေါ့ဗျာ။ ရတဲ့လစာငွေနဲ့ အိမ်ငှားရမယ်၊ ရုံးလာတက်ဖို့ အခက်ခဲတွေလည်း ဖြစ်မယ်။ အချို့က အလုပ်ကနေ ထွက်မယ် ဖြစ်လာတယ်။ ကျနော်တို့ ဒီအလုပ်မှာ ဆက်ရှိဖို့ဆိုတာ မသေချာတဲ့ ဘဝ ဖြစ်နေတယ်။ ပြည်နယ် ဝန်ကြီးချုပ်အတွက် မြစ်ကြီးနား၊ မြို့သစ်ကြီးရပ်ကွက်ဘက်မှာ အိမ်ဆောက်ထားပြီဆိုတော့ ရွေးကောက်ပွဲပြီးရင် ဝန်ထမ်းအသစ်တွေခန့်မယ်၊ လက်ရှိ ထွေ/အုပ် ဝန်ထမ်းတွေအားလုံး ဖြုတ်မယ်ဆိုပြီး အသံတွေ ထွက်နေတာလေ” ဟု ပြောသည်။

နိုဝင်ဘာ (၇) ရက်နေ့ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အဆိုပါ ပါတီနှင့် မဟာမိတ်ပြုထားသည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) တို့ကသာ အဓိကယှဉ်ပြိုင်ကြမည် ဖြစ်သည့်အတွက် ၀န်ထမ်းများအပါအ၀င် ပြည်သူတို့ စိတ်ဝင်စားမှု မရှိကြကြောင်း ဒေသခံများက ပြောသည်။

ထိုသို့စိတ်ဝင်စားမှု မရှိသည့်အခြေအနေတွင် ရွေးကောက်ပွဲကျင်းပမည့်ရက်မတိုင်မီ ယခုအချိန်မှစ၍ အထွေထွေအုပ်ချုပ်ရေးရုံး ၀န်ထမ်းတို့သည် နေအိမ်များမှ ဖယ်ရှားခံနေရပြီး အလုပ်ဆက်လက် ရရှိရေးအတွက် စိုးရိမ်ပူပန်နေကြရသည်။

ခေတ်ပြိုင်သတင်းထောက် ခိုင်လင်း ရေးသားသည်။

မန္တလေး မဲဆွယ်မှုတွင် အန်ဒီအက်ဖ်ပါတီ ဦးဆောင်

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့၌ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေကြရာတွင် အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီက ဦးဆောင်နေကြောင်း မြို့ခံများထံမှ သိရသည်။

မန္တလေးမြို့ခံ စာပေသမားတဦးက “မန္တလေးကနေ ပြိုင်မယ့်ပါတီ အတော်များများ ရှိတယ်။ ကြံ့ဖွံ့၊ တစည၊ အန်ဒီအက်ဖ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အစရှိသဖြင့်ပေါ့။ ဒါပေမယ့် ရွေးကောက်ပွဲ မဲဆွယ်တာနဲ့ ပတ်သက်လို့ကတော့ လူတွေကြားထဲမှာ အန်ဒီအက်ဖ် ပါတီကိုပဲ မြင်ရတယ်။ သူတို့က ဆိုင်ကယ်တွေနဲ့ လက်ဖက်ရည်ဆိုင်တကာ လျှောက်သွားတယ်။ လူတွေကို ပါတီ စည်းရုံးရေး လက်ကမ်းစာစောင်တွေ ဝေတယ်။ နောက် ဘယ်မြို့နယ်မှာ နေသလဲ မေးပြီး အဲဒီ မြို့နယ်ကနေ ဝင်ပြိုင်မယ့် အန်ဒီအက်ဖ် အမတ်လောင်းတွေရဲ့ ကိုယ်ရေးရာဇဝင်ပါတဲ့ လက်ကမ်းစာစောင်လေးတွေ လိုက်ဝေတယ်။ အခြားပါတီတွေ လှုပ်ရှားတာကို သိပ်မတွေ့ရဘူး” ဟု ပြောသည်။

မန္တလေးမြို့ခံ စီးပွားရေးသမား တဦးကလည်း “ခုရက်ပိုင်း အစိုးရက မီးတွေ မှန်မှန်ပေးနေတယ်။ စက်မှုဇုန်တွေကိုတောင် ဘယ်နှစ်ကနဲ့မှ မတူအောင် မနက် (၆) နာရီကနေ ညနေ (၄) နာရီအထိ ပေးနေတယ်၊ ရွေးကောက်ပွဲနီးလို့ ကြံ့ဖွံ့ပါတီ မဲရအောင် လုပ်ပေးတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် မန္တလေးသားတွေက အဲဒါ စိတ်မဝင်စားဘူး။ မြို့တော်ဝန် ဘုန်းဇော်ဟန် ဘယ်လောက် လာဘ်စားထားတယ်ဆိုတဲ့ကိစ္စ ဒီဗွီဘီရုပ်သံက ဖွင့်ချသွားတာကိုပဲ စိတ်ဝင်စားနေကြတယ်။ လောလောဆယ် ကြံ့ဖွံ့က မန္တလေးမှာ အရမ်းနာမည်ပျက်နေတော့ စည်းရုံးရေး ပေါ်ပေါ်ထင်ထင် မလုပ်တာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

ရွေးကောက်ပွဲကိစ္စ စိတ်ဝင်စားမှု အခြေအနေနှင့်ပတ်သက်၍ မန္တလေးမြို့ခံအချို့အား ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားသူများက ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးတို့တွင် ကပ်ထားသည့် မဲပေးပိုင်ခွင့်စာရင်းတွင် ကိုယ့်နာမည် ပါ မပါ သွားကြည့်သူ အလွန်နည်းပါးကြောင်း ပြောဆိုကြသည်။

ထို့ကြောင့် စက်တင်ဘာ (၂၆) နောက်ဆုံးထား၍ မဲစာရင်းတွင် မပါခြင်း၊ ပါဝင်သော်လည်း အချက်အလက် မှားနေခြင်း စသည်တို့ နှင့်ပတ်သက်ပြီး မည်သူမျှ ကော်မရှင်ကို တင်ပြတောင်းဆိုခြင်း မလုပ်ကြကြောင်း၊ လွှတ်တော် (၃) ရပ်အတွက် အမတ်လောင်း အမည်များကို ရပ်ကွက်ကော်မရှင်ရုံးတွင် ကပ်ထားပေးသော်လည်း သွားမကြည့်ကြခြင်းကြောင့် မည်သူနှင့် မည်သူ ပြိုင်မည်၊ လူဘယ်နှယောက် ပါမည် ဆိုသည်ကို တိတိကျကျ မသိကြကြောင်း ပြောဆိုကြသည်။

မန္တလေးမြို့ခံ တက္ကသိုလ်ကျောင်းသားတဦးက “ မဲ (၃) ပုံးပေးရမလား၊ (၄) ပုံးပေးရမလား ဆိုတာလည်း ကျနော်တို့ သေသေချာချာမသိဘူး။ ကိုယ့်နာမည် မဲစာရင်းမှာ ပါ မပါ သွားမကြည့်လို့ မသိဘူး။ နိုဝင်ဘာ (၇) ရက်မှာ မဲပေး မပေးလည်း ဘာမှ မဆုံးဖြတ်ရသေးဘူး” ဟု ဆိုသည်။

ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းတို့ကမူ ပြည်သူတို့အနေဖြင့် မဲရုံသို့သွားပြီး မဲသွားမပေးပါက ကြံ့ဖွံ့ကို အနိုင်ပေးလိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ခြင်းကြောင့် မဲသွားပေးကြပါရန် စည်းရုံးနေကြောင်း သိရသည်။

ခေတ်ပြိုင်သတင်းထောက် မျိုးဝင်းဇော် ရေးသားသည်။

ပါတီဝင် အရေအတွက်အတိုင်း မဲရရှိစေရန် ကြံ့ဖွံ့က စည်းရုံးလှုပ်ရှားနေ

ပြည်သူများကို ပါတီဝင်ခိုင်းပြီး ပါတီဝင်များအားလုံး အရေအတွက်အတိုင်း မဲရရှိရန် ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နအဖ၀န်ကြီးချုပ် ဦးသိန်းစိန်က ကြံ့ဖွံ့ပါတီမှ စည်းရုံးရေးမှူးများ အားလုံးကို ညွှန်ကြားထားကြောင်း သိရသည်။

ယခုလဆန်းပိုင်းတွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၌ စည်းရုံးရေးဆင်းခဲ့သည့် ကြံ့ဖွံ့ပါတီမှ စည်းရုံးရေးအဖွဲ့ဝင်တဦးက “ကျနော်တို့က ပါတီဝင်အရေအတွက် များအောင်ပဲ ဆောင်ရွက်ပေးရတာ။ မဲရတာ မရတာ ပူစရာမလိုဘူးလေ။ ပါတီဝင်ပြီဆိုတာနဲ့ ဘယ်ပါတီကိုမှ မဲပေးလို့မရတော့ဘူးဆိုတာ တခါတည်းပြောပြီးသား” ဟု ဆိုသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း၌လည်း အသက် (၁၈) နှစ်ပြည့်ပြီးသည့် ၀န်ထမ်းမဟုတ်သော သူများကို ကြံ့ဖွံ့ပါတီဝင်ခိုင်းကာ မည်သည့်ပါတီကိုမျှ မဲမပေးရဟု ပါတီစည်းရုံးရေးမှူးများက ရပ်ကွက်အတွင်း လာရောက်ပြောဆိုနေကြကြောင်း အဆိုပါမြို့နယ်တွင် နေထိုင်သူ သူနာပြုဆရာမတဦးက ပြောသည်။

“ကျမက သူနာပြုဆိုတော့ ၀န်ထမ်းဖြစ်တဲ့အတွက် သူတို့က ပါတီတော့ မ၀င်ခိုင်းဘူး။ ဒါပေမယ့် ကျမတို့ မိသားစုထဲက မဲပေးနိုင်မယ့်သူတွေကိုတော့ ပါတီဝင်ခိုင်းတယ်။ ပြီးတော့ ကျမတို့ ၀န်ထမ်းတွေကိုလည်း ဘယ်ပါတီကိုမှ မပတ်သက်ရဘူး၊ ဘယ်ပါတီကိုမှ မဲမပေးရဘူးလို့ ပြောထားတယ်” ဟု ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် သီတင်းပတ်၌ ပြည်တွင်းထုတ် အပတ်စဉ်သတင်းဂျာနယ် တခုဖြစ်သော မြန်မာနယူးစ်ဝိခ်ဂျာနယ်တွင် ရွေးကောက်ပွဲဝင်ရန် ဆောင်ရွက်နေပုံများနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းကို မေးမြန်းရာတွင် “အဘက်ဘက်ကပြင်ဆင်ပြီးတော့ ကြိုးစားဆောင်ရွက်ရမှာပါ၊ လိပ်ပြာမသန့်ရတဲ့အဖြစ်မျိုးတော့ အရောက်မခံနိုင်ဘူး” ဟု ဖြေကြားခဲ့ကြောင်း ဖော်ပြပါရှိသည်။

“ကျနော် နားလည်သလောက်တော့ လိပ်ပြာမသန့်ရတဲ့အဖြစ် အရောက်မခံဘူးဆိုတာက မဟုတ်တာတွေကို ဘာမှမလုပ်ဘူး၊ လုံးဝ စစ်စစ်မှန်မှန်ပဲ ဆောင်ရွက်မယ်လို့ နားလည်တယ်။ ဒါပေမယ့် ကျနော်တို့ သိရသလောက်တော့ ရန်ကုန်မှာ ဦးအောင်သိန်းလင်းက ကြံ့ဖွံ့အမတ်လောင်းတွေအတွက် လိုအပ်တာတွေအားလုံးကို ဆောင်ရွက်ပေးနေတယ်၊ အဓိက ကတော့လမ်းပေါ့ဗျာ။ လမ်းတလမ်း ခင်းမယ်ဆိုရင် ပါတီဝင်အရေအတွက်ရမှပဲ ခင်းပေးတယ်ဗျ။ ကျနော်တို့ ပန်းဘဲတန်းမှာ လူတွေကို ပါတီဝင်ဖို့လိုက်ပြောပြီး လမ်းခင်းပေးမယ်တဲ့။ အခုက ပါတီမဖြစ်မနေ၀င်မှ လမ်းခင်းပေးမလိုလို၊ ဒီလိုလုပ်နေတာ ဦးအောင်သိန်းလင်းလို လူက လိပ်ပြာသန့်တယ်တဲ့လားဗျာ” ဟု ပန်းဘဲတန်းမြို့နယ်မှ ဘွဲ့ရလူငယ်တဦးက ပြောသည်။

တောင်ဥက္ကလာပမြို့နယ် တောင်ငူလမ်းနေသူများ ပြောပြချက်အရ ဦးအောင်သိန်းလင်းအတွက် မဲရရှိရေးကို ကြံ့ဖွံ့ပါတီမှ တောင်ဥက္ကလာမြို့နယ် စည်းရုံးရေး တာဝန်ခံများက ဆောင်ရွက်ပေးရကြောင်း၊ ပါတီဝင်အရေအတွက်အတိုင်း မဲရရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

တောင်ငူလမ်းတွင်နေထိုင်သူတဦးက “ကျနော်တို့ကို ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးတယောက်က လာပြောတယ်။ ဘာလိုလဲ ပြောပါတဲ့။ လမ်း မကောင်းရင် လမ်း၊ ရေမရရင် ရေ ကိစ္စပေါ့ဗျာ။ အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်တဲ့။ ကျနော်တို့က ဒါ လာဘ်ထိုးပြီး မဲဆွယ်တာလို့ သိကိုသိတယ်။ ကျနော်တို့ နလပိန်းမဟုတ်ဘူး၊ ဘာမှမလိုဘူး၊ ဘာမှလည်း လုပ်ပေးစရာမလိုဘူး၊ အားလုံး အဆင်ပြေတယ်လို့ ပြောလိုက်တယ်” ဟု ရှင်းပြသည်။

ခေတ်ပြိုင်သတင်းထောက် တက်လူ ရေးသားသည်။

မြန်မာဒုက္ခသည်စခန်း (၂) ခုတွင် တုပ်ကွေးရောဂါ ဖြစ်သူများ

မြန်မာဒုက္ခသည်စခန်း (၂) ခုတွင် တုပ်ကွေးရောဂါဖြစ်ပွားသူ (၁,၅၀၀) ခန့်ရှိသည့်အနက် သေဆုံးသူ (၂) ဦးရှိပြီး ၀က်တုပ်ကွေးဖြစ်ပွားနေသူ (၅) ဦးရှိကြောင်း ထိုင်းကျန်းမာရေးဌာနက စစ်ဆေးတွေ့ရှိခဲ့သည်။

တုပ်ကွေးရောဂါ ကူးစက်မှု ဆိုးရွားစွာဖြစ်ပေါ်နေသည့် ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင် မဲ့စရီးယမ်းမြို့နယ်ရှိ မယ်ရာမိုစခန်းနှင့် မဲ့လာအူးစခန်း (၂) ခု၌ ရောဂါကူးစက်မှုကို ကာကွယ်ရန် ထိုင်းအာဏာပိုင်များက စခန်းအတွင်း ၀င်ထွက်သွားလာမှုများကို ကန့်သတ်လိုက်ပြီး လူစုလူဝေးမလုပ်ရန် တားမြစ်ထားသည်ဟု သိရသည်။

စခန်းကျန်းမာရေးဝန်ထမ်းတဦးက “ဒီစခန်း (၂) ခုမှာ တုပ်ကွေးရောဂါ ဖြစ်နေသူတွေထဲက (၅) ဦးကို ချင်းမိုင်ဆေးရုံပို့ပြီး စစ်ဆေးတာ အားလုံး AH1N1 ရောဂါဖြစ်ပွားနေတာ သိရတယ်။ စခန်းထဲမှာ တုပ်ကွေးဖြစ်နေတဲ့လူက (၁,၅၀၀) နီးနီးလောက်ရှိတယ်။ အဲဒီ အထဲကနေ AH1N1 ဖြစ်တဲ့လူ ဘယ်လောက်ရှိလဲ မသိရသေးဘူး။ ဒီလူအားလုံးကို မြို့ပေါ်တက်ပြီး ဆေးစစ်ဖို့ကလည်း အခြေအနေကမပေးဘူး။ ဒီရက်ပိုင်းမှာပဲ (၂) ယောက်ကတော့ တုပ်ကွေးနဲ့ သေသွားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလလယ်မှ စတင်ဖြစ်ပွားခဲ့သည့် တုပ်ကွေးရောဂါ ကူးစက်မှုကြောင့် ထိုင်းကျန်းမာရေးဌာနနှင့် စခန်းအာဏာပိုင်များက ထိုစခန်းများအား စက်တင်ဘာလကုန်မှစ၍ ယခုလ အောက်တိုဘာ (၁၃) ရက်နေ့အထိ လုံးဝ ၀င်ထွက်ခွင့် ပိတ်ပင်ထားသည်ဟု ကရင်ဒုက္ခသည်ကော်မတီ၏ ဥက္ကဋ္ဌက ပြောသည်။

ရောဂါထိန်းချုပ်နိုင်ရေးအတွက် ထိုင်းကျန်းမာရေးအဖွဲ့နှင့် ဒုက္ခသည်များကို ကျန်းမာရေးအကူအညီများပေးနေသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက စခန်းအတွင်းလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါစခန်းများအတွင်းရှိ စာသင်ကျောင်းများကိုလည်း ယခင်လကုန်မှစတင်ကာ ပိတ်ထားရပြီး အခြေအနေဆိုးရွားနေသည့် လူနာများကို စခန်းဆေးရုံများရှိ အထူးကြပ်မတ်ဆောင်များတွင် ဆေးဝါးကုသပေးနေသည်ဟု စခန်းကျန်းမာရေး ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “စနစ်တကျနဲ့ ရောဂါထိန်းချုပ်မှု မလုပ်နိုင်ရင်တော့ ဒီကူးစက်ရောဂါက အတော်ကို ကြောက်ဖို့ကောင်းတယ်။ အရင်လလယ်က စဖြစ်တာ ဘာမှမကြာသေးဘူး။ အခု ဒုက္ခသည် (၁,၅၀၀) လောက်ဖြစ်နေပြီ” ဟု ပြောသည်။

အဆိုပါစခန်း (၂) ခုတွင် လတ်တလော ဖြစ်နေသည့် တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းသည် စိုးရိမ်ရသည့် အခြေအနေတွင်ရှိပြီး အလားတူဖြစ်ရပ်မျိုး ယခင်က ဒုက္ခသည်စခန်းများတွင် ဖြစ်ပွားခဲ့ခြင်းမရှိဟု သိရသည်။

ဝက်တုပ်ကွေးရောဂါသည် ကိုယ်ပူချိန်မြင့်မားခြင်း၊ နှာစေး၊ လည်ချောင်းနာခြင်း၊ အသက်ရှုကြပ်ခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်သည်ကို တွေ့ရှိရပြီး အသက်သေဆုံးနိုင်စေသည့် ကူးစက်ရောဂါတမျိုးဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင် မဲ့စရီးယမ်းမြို့နယ်ရှိ မယ်ရာမိုစခန်းတွင် ဒုက္ခသည်(၁၉,၅၁၀) ဦးနှင့် မဲ့လာအူးစခန်းတွင် ဒုက္ခသည် (၁၆,၈၅၀) ဦး နေထိုင်လျက်ရှိသည်။

ခေတ်ပြိုင်သတင်းထောက် ရဲရင့် ရေးသားသည်။

မဲပေးခွင့်ရှိသူစာရင်းတွင် မွန်လူမျိုးကို ဖျောက်ထား

ရွေးကောက်ပွဲ ကော်မရှင်က ဖြန့်ဝေလိုက်သည့် မွန်ပြည်နယ် တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်အတွက် တိုင်းရင်းသားလူမျိုး မဲဆန္ဒပေးခွင့်ရသူ စာရင်းတွင် မဲပေးခွင့်ရှိသူ မွန်လူမျိုး၏စာရင်းကို အတိအကျ ဖော်ပြထားခြင်းမရှိဘဲ ဖျောက်ဖျက်ထားကြောင်း သိရှိရသည်။

ထိုစာရင်းတွင် မွန်ပြည်နယ်၌ မဲပေးခွင့်ရှိသူ စုစုပေါင်း (၁၂) သိန်းကျော်အနက် ဗမာလူမျိုး (၄၂၁,၄၇၀) ဦး၊ ပအိုဝ်းလူမျိုး (၃၃,၁၆၅) ဦး၊ ကရင် (၁၄၃,၅၀၆) ဦး ရှိကြကြောင်း ကိန်းဂဏန်းဖြင့် အတိအကျ ဖော်ပြထားသော်လည်း မွန်လူမျိုးဇယားကွက်တွင် တစုံတရာ ဖော်ပြထားခြင်း မရှိဘဲ ကွက်လပ်အဖြစ်သာ ထားရှိကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (အေအမ်ဒီပီ) မှ မြို့နယ် စည်းရုံးရေးတာဝန်ခံတဦးက ပြောကြားသည်။

“တိုင်းရင်းသားလူမျိုးတွေ ခွဲပြီး ပြထားတဲ့ ဇယားထဲမှာ ပါတဲ့ ရှမ်း၊ လီဆူး၊ ရဝမ်၊ ချင်း တို့အကွက်လိုပဲ မဲပေးခွင့်ရှိတဲ့ မွန်လူမျိုး အရေအတွက်အကွက်မှာ ဘာမှ ရေးမထားဘူး ခင်ဗျ၊ ဒါဟာ ပြည်သူတွေ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းတာကို အခွင့်ကောင်းယူပြီး တမင်လုပ်တာ ဖြစ်တယ်။ နိုင်ငံရေးပါတီတွေ ထင်ယောင်ထင်မှား ဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ လှည့်စားသလို ဖြစ်နေတာပေါ့” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

ယင်းကဲ့သို့ ဖော်ပြထားခြင်း မရှိ၍ မဲပေးခွင့်ရှိသူ ဗမာ၊ ပအိုဝ်း၊ ကရင် ဦးရေ စုစုပေါင်းမှလွဲ၍ ပြည်နယ်လွှတ်တော် မဲဆန္ဒရှင်စာရင်းအရ ကျန်သည့် မဲဆန္ဒရှင် (၆) သိန်းခွဲမှာ မွန်လူမျိုးဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မှတ်ယူထားသည်ဟု ဆိုသည်။

သို့သော် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် မဲပေးခွင့်ရှိသူ အရေအတွက် မှန် မမှန် စစ်ဆေးရန်၊ တိုက်ကြည့်ရန်အတွက် ငွေအား၊ လူအား၊ အချိန် လုံလောက်မှု မရှိခြင်းတို့ကြောင့် အေအမ်ဒီပီအနေဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် မဲဆန္ဒရှင်စာရင်းတွင်မူ မဲပေးခွင့်ရှိသူ ဦးရေ (၁,၂၅၃,၇၁၂) ဦး ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သည့်စာရင်းတွင် ဖော်ပြထားသည်။

အဆိုပါ အေအမ်ဒီပီ စည်းရုံးရေးမှူးက “ဥပမာ မဲပေးခွင့်ရှိသူ သောင်းဂဏန်းလောက် ရှိနိုင်တဲ့ ရေးမြို့နယ်၊ လမိုင်းမြို့မှာဆိုရင် မဲပေးခွင့်ရှိသူ အရေအတွက် (၆,၈၅၈) ယောက်ပဲ ရှိတယ်လို့ ရေးထားတယ်။ တချို့ရွာတွေဆို တင်ပြတဲ့လူဦးရေ နည်းနေတယ်ဆိုပြီး ကျေးရွာ စာရေးတွေကနေတဆင့် မဲပေးခွင့်ရှိတဲ့ လူဦးရေ စာရင်းကို ထပ်ဖြည့်ခိုင်းတာတို့၊ တရွာမှာ အယောက် (၃,၀၀၀) ထက် စာရင်းမကျော်ဖို့ ညွှန်ကြားတာတို့ မွန်ပြည်နယ်အနှံ့မှာ ဖြစ်ပျက်နေတယ်။ ဒါက ဘာဖြစ်လာသလဲဆိုတော့ မဲပေးတဲ့လူဦးရေ ဘယ်လောက်ပဲ သတ်မှတ်သတ်မှတ်ထားပေါ့။ အယောက် (၁) ထောင်မှာ မဲလာထည့်တဲ့ (၁၀) ယောက်၊ အယောက် (၁၀၀) ပဲ ရှိရင်လည်း ဒီရွေးကောက်ပွဲက အထမြောက် အောင်မြင်တာပဲဆိုတော့ ကျေးရွာလူကြီးတွေကလည်း ရမ်းသမ်းပြီး လူဦးရေစာရင်းတွေ တင်နေတာ ဖြစ်တယ်” ဟု ဆိုသည်။

အဆိုပါစာရင်းအရ ပြည်နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့အတွက် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် (၂) ခုတွင် မဲပေးခွင့်ရှိသူ (၁၇၁,၈၅၂) ဦး၊ ကျိုက်မရော (၁၃၈,၂၄၉) ဦး၊ ချောင်းဆုံ (၁၀၈,၉၃၆) ဦး၊ မုဒုံ (၁၃၂,၄၄၄) ဦး၊ သံဖြူဇရပ် (၉၇,၄၈၇) ဦး၊ ရေး (၁၅၀,၆၄၃) ဦး၊ သထုံ (၁၄၀,၅၅၅) ဦး၊ ကျိုက်ထို (၈၁,၈၃၂) ဦး၊ ဘီးလင်း (၈၉,၀၂၀) ဦး၊ ပေါင် (၁၄၂,၆၉၄) ဦး ရှိသည်။

အဆိုပါ ဦးရေသည် မွန်ပြည်နယ် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်ရှိ မြို့နယ်ပေါင်း (၁၀) ခုကို မြို့နယ် (၁) ခုလျှင် မဲဆန္ဒနယ် (၂) ခုစီခွဲကာ မဲဆန္ဒနယ်အားလုံး (၂၀) ခု သတ်မှတ်ပေးထားခြင်းဖြစ်သည်။

ယင်းဆန္ဒမဲပေးခွင့်ရှိသူ စာရင်းကို ပြီးခဲ့သည့် စက်တင်ဘာ (၂၀) ရက်နေ့မှစ၍ မြို့နယ်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ခွဲများထံသို့ စတင် ဖြန့်ဝေပေးခဲ့သော်လည်း ကော်မရှင်ရုံးများတွင် လူသိရှင်ကြား ကြော်ငြာကပ်ထားခြင်းမျိုး မဟုတ်ကြောင်း သိရသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ခေါင်းဆောင်တဦးက “နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ အလုပ်လုပ်နေတဲ့ သန်းချီရှိတဲ့ ဒေသခံ မွန်လူမျိုးတွေရဲ့ စာရင်းလည်း ဒီအထဲမှာ မပါဘူး။ သေချာတာကတော့ ဗမာပြည်အထက်ပိုင်းကနေ မွန်ပြည်နယ်ကို အလုပ်လာလုပ်ကြတဲ့ သိန်းချီ ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့စာရင်းတော့ ဒီစာရင်းထဲမှာ မပါပါဘူး။ သူတို့တွေဟာ ခြံတွေ၊ လယ်ယာတွေထဲမှာ နေထိုင်အလုပ်လုပ်နေကြတဲ့သူတွေ ဆိုတော့ သူတို့စာရင်းကို တကူးတက လိုက်ယူမယ့်သူ မရှိဘူးလေ။ ပြီးတော့ ကိုယ့်နာမည်မပါလို့ ကော်မရှင်ရုံးသွားပြီး လျှောက်တဲ့သူလည်း မရှိသလောက်ရှားပါတယ်။ ဒါကြောင့် အချိန်နည်းနည်းလေးအတွင်းမှာ မဲပေးနိုင်တဲ့ လူဦးရေ အတိအကျ သိရဖို့ မလွယ်ဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မွန်ပြည်နယ်တွင် ကျေးရွာပေါင်း (၁,၂၀၀) ရှိသည့်အနက် ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်ရှိ ကျေးရွာအုပ်စု (၉) ခုရှိ ကျေးရွာပေါင်း (၅၀) ခန့်ကို နယ်မြေအေးချမ်းမှု မရှိဟုဆိုကာ အခြားတိုင်းရင်းသားဒေသများနည်းတူ ရွေးကောက်ပွဲ ကျင်းပခွင့်မရှိသည့် ဒေသများအဖြစ် ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့် စက်တင်ဘာ (၁၆) ရက်နေ့၌ သတ်မှတ်ခဲ့သည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

ယုဇနကုမ္ပဏီ အလုပ်သမားများအား လက်နက်ထုတ်ပေး

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ ယုဇနကုမ္ပဏီ၏ စိုက်ပျိုးရေးခြံ အလုပ်သမားများအား နအဖစစ်တပ်က ပြည်သူ့စစ်သင်တန်းပေးကာ အောက်တိုဘာ (၂) ရက်နေ့၌ လက်နက်များထုတ်ပေးခဲ့သည်။

တနိုင်း-နမ္မတီး လီဒိုလမ်းမပေါ်ရှိ ယုဇနကုမ္ပဏီ၏ ပလောပီနံနှင့် ကြံစိုက်ပျိုးရေးခြံ အလုပ်သမားများအား တနိုင်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ၏ ကြီးကြပ်မှုဖြင့် ပြည်သူ့စစ်သင်တန်းများကို မကြာသေးခင် လပိုင်းကစ၍ ပို့ချနေပြီး ပြီးခဲ့သည့် စနေနေ့က အမ် (၂၂) မောင်းပြန်ရိုင်ဖယ်သေနတ် အလက် (၆ဝ) တပ်ဆင်ပေးခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။

၎င်းက “ယုဇနရဲ့ အလုပ်သမားတွေပဲ သင်တန်းတက်ရတယ်။ ဒေသခံရွာသားတွေ မပါဘူး။ အခုသင်တန်း အပတ်စဉ် (၃) ခုလောက် ဆင်းသွားပြီ။ သင်တန်းတပတ်ကို (၁ဝဝ) ကျော် (၂ဝဝ) နီးပါးဆိုတော့ လူအနည်းဆုံး (၅ဝဝ) လောက် ရှိမှာပေါ့။ အဲဒါကို လက်နက် တပ်ဆင်ပေးတာ။ တနိုင်း ဒကစမှူးက ဘန်ကောက်ကျေးရွာက ယုဇနရုံးမှာ ထိုင်ပြီး သင်တန်းကို ကွပ်ကဲနေတာ” ဟု ပြောသည်။

၂ဝဝ၆-၂ဝဝ၇ ခုနှစ်မှစ၍ ဖားကန့်မြို့နယ်အတွင်းရှိ ဝရာဇွပ်၊ ရှဒူးဇွပ်၊ ဘန်ကောက်၊ အောင်ရာ၊ နမ်ဆိုင်နှင့် နာဂျာပါကျေးရွာမှ လယ်မြေများ၊ ဥယျာဉ်ခြံမြေများကို စစ်တပ်နှင့်နယ်မြေခံအာဏာပိုင်များက အဓမ္မသိမ်းခဲ့ပြီး အချို့ လူနေအိမ်များကို ရွှေ့ပြောင်းခိုင်းခဲ့သည်။ ယုဇနကုမ္ပဏီက စိုက်မြေဧက သိန်းနှင့်ချီ ဖော်ထုတ်ကာ ပလောပီနံနှင့် ကြံစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်နေပြီး မြန်မာပြည် အောက်ပိုင်းမှ အလုပ်သမား ထောင်နှင့်ချီခေါ်ယူကာ အလုပ်ခိုင်းစေနေခြင်းဖြစ်သည်။

စိုက်ပျိုးရေးခြံအလုပ်သမားများကို ကုမ္ပဏီက လစာပုံမှန်မရှင်းနိုင်၍ အလုပ်ခြံကနေ ထွက်ပြေးမှုများ၊ ဒေသအတွင်း ကျေးရွာများမှ ကြက်၊ ဝက်၊ နွား စသည့် ပျောက်ဆုံးမှုများ အစောပိုင်းကာလများက ရှိခဲ့ကြောင်း အဆိုပါဒေသခံက ပြောသည်။

၎င်းက “အဲဒီက အလုပ်သမားတွေက ရွာထဲ အရက်လာသောက်၊ မူးရူးပြီးဆဲဆို၊ ပြီးတော့ ခိုးတာဝှက်တာ လုပ်သေးတယ်၊ စရိုက် ကြမ်းတယ်။ ဒေသခံ လူငယ်တွေနဲ့လည်း ခဏခဏ စကားများ ရန်ဖြစ်တယ်။ တခါကဆို လူငယ်ချင်း စကားများတာ လယ်ထွန်စက်တွေနဲ့ အလုပ်သမားတွေ ခေါ်လာပြီး ရွာထဲမှာ အိမ်ခြံတွေ၊ ဓာတ်တိုင်တွေ ဖျက်ဆီးသောင်းကျန်းတဲ့အထိ ဖြစ်ခဲ့ဖူးတယ်။ အခုဆို သေနတ်တွေ ကိုင်လာပြီဆိုတော့ ဒီထက် ပိုဆိုးလာမလား မပြောတတ်ဘူး” ဟု ပြောသည်။

ယုဇနကုမ္ပဏီက စိုက်ပျိုးရေးလုပ်နေသည့် ယခုဒေသများသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) က နအဖနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်သည့် ၁၉၉၄ ခုနှစ် မတိုင်မီက နှစ်ဖက်တပ်များအကြား မကြာခဏ တိုက်ပွဲများဖြစ်သည့် နေရာဖြစ်သကဲ့သို့ ကေအိုင်အို တပ်ဖွဲ့ဝင်များ ဖြတ်သန်းသွားလာ လှုပ်ရှားသည့် ဒေသလည်း ဖြစ်ခဲ့သည်။

ယခုအခါ ကေအိုင်အိုနှင့် နအဖအကြား နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ သဘောတူညီမှု မရရှိဘဲ စစ်ရေးတင်းမာမှုများ ရှိနေချိန်တွင် စိုက်ပျိုးရေးခြံအလုပ်သမားများအား နအဖစစ်တပ်က စစ်သင်တန်းပေးကာ လက်နက် တပ်ဆင်ပေးခြင်းဖြစ်သည်။

ခေတ်ပြိုင်သတင်းထောက် ခိုင်လင်း ရေးသားသည်။