နေပြည်တော် စားသောက်ဆိုင်များ ည ၉ နာရီပိတ်ရန်အမိန့်ထုတ်

နေပြည်တော်ခရိုင်ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အပါအ၀င် ဆိုင်များကို ည ၉ နာရီပိတ်ရန် အမိန့် ထုတ်ပြန်ထားကြောင်း ဒေသခံ အာဏာပိုင်များက ပြောသည်။

အဆိုပါ ဒေသန္တရ အမိန့်ကို နေပြည်တော်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထုန်ပြန်ခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁ ရက်နေ့မှ စတင်ကာ အကျိုးသက်ရောက်ခဲ့ကြောင်း သိရသည်။

“ဇန်န၀ါရီ ၁ ရက်နေ့ကစပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်ပါမကျန် ည ၉ နာရီ ပိတ်ရမယ်။ ဇန်န၀ါရီ ၄ ရက်နေ့ကတော့ ည ၆ နာရီပိတ်ရမယ်” ဟု သတင်းတပ်ဖွဲ့ (ပျဉ်းမနား) မှ အရာရှိ တဦးက ပြောသည်။

ထိုကဲ့သို့ သတ်မှတ်ချိန် ကျော်လွန်ရောင်းချသည့် ဆိုင်များကို လိုင်စင် ပိတ်သိမ်းသည်အထိ အရေး ယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုကဲ့သို့ ဆိုင်များကို အချိန် သတ်မှတ် ပိတ်ခိုင်းခြင်းကို ယမန်နှစ် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ အပြီးတွင်လည်း ထုတ်ပြန်ခဲ့သေးကြောင်း သိရသည်။

“ရွေးကောက်ပွဲတုန်းကတော့ လုံခြုံရေး အကြောင်းပြချက်ကြောင့်ပါ။ အခု ပိတ်ခိုင်းတာက ဘာကြောင့် ဆိုတာ မသိပါဘူး။လွတ်လပ်ရေးနေ့မှာတော့ ဒီလိုလုပ်ခဲပါတယ်” ဟု ယင်းက သတင်းတပ်ဖွဲ့ အရာရှိက ဆိုသည်။

ယမန်နှစ် နိုဝင်ဘာလက ယခုကဲ့သို့ ဆိုင်ခန်းများ ပိတ်ခိုင်းစဉ် သတ်မှတ်ချိန်အမီ မပိတ်သည့် လက်ဖက်ရည်ဆိုင် တဆိုင်အား အရေးယူခဲ့ကြောင်း ပျဉ်းမနား အခြေစိုက် ရယက တဦးက ပြောသည်။

“နိုဝင်ဘာ ၆ ရက်နေ့က ည ၆ နာရီ ပိတ်ခိုင်းတာကို နောက်ကျတဲ့ ပေါင်းလောင်း အားကစားရုံ ရှေ့က ရာစုသစ် လက်ဖက်ရည် ဆိုင်ကို ပိတ်သိမ်းတဲ့အထိ အရေးယူခဲ့ပါတယ်” ဟု သူက ဆိုသည်။

ယင်း ရာစုသစ် လက်ဖက်ရည်ဆိုင်သည် ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ပျဉ်းမနားလာစဉ်က မိန့်ခွန်း ပြောခဲ့သည့် ဆိုင်ဖြစ်သည့်အတွက် အာဏာပိုင်များက အငြိုးဖြင့် ပိတ်ခိုင်းခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောကြသည်။

ဧရာဝတီသတင်းထောက် စည်သူ ရေးသားသည်။

စစ်မှန်သောလွတ်လပ်ရေး ပေါ်ထွန်းရန် ကြိုးစားဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံတွင် စစ်မှန်သော လွတ်လပ်ရေး ပေါ်ထွန်းရန် တိုင်းရင်းသား ပြည်သူများ အားလုံး ညီညွတ်စွာဖြင့် ကြိုးစား ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ရန်ကုန် ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်မှန်သော လွတ်လပ်ရေးသည် စစ်မှန်သော လူ့အခွင့်အရေးအပေါ် အခြေခံ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ယနေ့ မြန်မာပြည်သူလူထုသည် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စိုးရိမ် ကြောင့်ကြမှုများ၊ မလုံခြုံမှုများကို ခံစားနေရပြီး ယုံကြည်ချက်အတွက် ထောင်သွင်း အကျဉ်းချထားခြင်း ခံရသော နိုင်ငံရေးအကျဉ်းသားများ ရှိနေကြောင်း၊ ယနေ့ လွတ်လပ်ရေး အချိန်အခါ သမယတွင် လွတ်လပ်ရေး ရယူပေးခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများကို သတိရရန် လိုအပ်သကဲ့သို့ ယခုလက်ရှိ မတရားဖမ်းဆီး ချုပ်နှောင်ခံနေရသော နိုင်ငံရေး အကျဉ်းသားများကိုလည်း မမေ့ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော လွတ်လပ်ရေးရရှိရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“လွတ်လပ်ချင်တယ်၊ တိုးတက်ချင်တယ် ဆိုရင် ကိုယ်ကနေ စပြီးတော့ ကြိုးစားရမယ်။ တခြားသူတွေ ဘာလုပ်နေလဲ ဆိုတာ မကြည့်ပါနဲ့။ ကိုယ်ဘာလုပ်နေလဲ ဆိုတာ ပြန်ပြီးတော့ဆင်ခြင်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် အထွေထွေအခက်အခဲများ ကြုံတွေ့နေရပြီး ပြည်သူ အများစုက နေ့စဉ်နှင့်အမျှ အထူး စိုးရိမ်ပူပန် ကြောင့်ကြနေရကာ အနာဂတ် မျှော်လင့်ချက် ပျောက်ကွယ် နေသကဲ့သို့ ခံစားနေရသည်ဟု ပြောသည်။

“နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့၊ တိုင်းပြည်မှာ အမှန်တကယ် ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ ပြေလည်ဖို့ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များပါဝင်တဲ့ တွေ့ဆုံဆွေး နွေးပဲဖြစ်ဖို့၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆောင်ရွက်ဖို့ နအဖ ကို တိုက်တွန်းချက်ပါတဲ့ NLD ကြေညာချက်ကိုလည်း ဒီနေ့ ထုတ်ပြန်ပါတယ်” ဟု NLD ဗဟို အလုပ်အမှုဆောင် တဦးက ဆိုသည်။

၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာ့စီးပွားရေး သုံးသပ်ချက် စာတမ်းကို ထုတ်ပြန်ခဲ့ပြီး မြန်မာ့စီးပွားရေး အကျပ်အတည်းမှ လွန်မြောက်နိုင်သော နည်းလမ်းများအနေဖြင့် လူမျိုးအားလုံး တန်းတူညီမျှ အလုပ်လုပ်နိုင်ရန် အခွင့်အလမ်း ရရှိစေရေး၊ ၀င်ငွေအဆင့် အတန်းမြင့်မားကာ ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေး၊ ဒေသ အလိုက်နှင့် လူမျိုးများအကြား တည်ရှိနေသည့် လူမှုရေး စီးပွားရေး မညီမျှမှုများ လျော့နည်းစေရေး ဆောင်ရွက်ရမည်ဟု သုံးသပ်ဖော်ပြထားသည်။

အဆိုပါစာတမ်း၌ မြန်မာနိုင်ငံတွင် ပြည်တွင်း လှည့်လည်သုံးစွဲငွေ အဖြစ် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလက ကျပ်ကုဋေပေါင်း ၁၈၀၀ ခန့်သာ ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ကျပ်ကုဋေ ၄ သိန်းကျော်အထိ များပြားလာခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားကြောင်း၊ လက်ရှိတွင် လွတ်လပ်သော စီးပွားရေးစနစ် ကျင့်သုံးသည်ဟု ဆိုသော်လည်း အခွင့်ထူးခံအသိုင်းအ၀န်းကို စီးပွားရေး အခွင့်အလမ်းများ ပေးအပ်သော ပုဂ္ဂလိက လက်ဝါးကြီးအုပ် စနစ်ကိုသာ အသုံးပြုနေကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးတွင် ကျခံ သုံးစွဲမှုမှာ လွန်စွာ နည်းပါးကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပြည်သူ့အရေးကို မစဉ်းစားဘဲ ဆည်မြောင်း၊ တာတမံ၊ မြစ်ကူးတံတားများ လွန်ကဲစွာ တည်ဆောက် သဖြင့် စိုက်ပျိုးမြေများ အကြီးအကျယ် ထိခိုက်နေကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး ယင်းစာတမ်းတွင်ပင် အစိုးရဘတ်ဂျက် လိုငွေပြမှုကို ထိန်းသိမ်းရန် ငွေစက္ကူသစ်များ ထပ်မံရိုက်နှိပ်ခြင်း မပြုဘဲ အစိုးရ ငွေချေးစာချုပ်များ ပိုမိုရောင်းချခြင်း၊ အခွန်ငွေကို အလေအလွင့်မရှိစေရန် ကောက်ခံခြင်းများ ပြုလုပ်၍ ထိရောက်စွာ သုံးစွဲသင့်ကြောင်း အကြံပြုထားသည်။

NLD အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ၏ အကျိုးဆက်အား သုံးသပ်ရန် လိုအပ်သည်ကို အသိအမှတ်ပြုကြောင်း၊ လူသား အရင်းအမြစ်နှင့် ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်တိုးမြှင့်ကာ တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်းမြင်သာသော၊ တာဝန်ခံသော၊ အကျင့်ပျက်လာဘ်စားမှု ကင်းသော၊ ထက်မြက်ထိရောက်သော မျှတပြီး တမျိုးသားလုံးပါဝင်နိုင်သော အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်ရန် လိုအပ်ကြောင်း ထိုစီးပွားရေးသုံးသပ်ချက် ကြေညာ စာတမ်းတွင် ဖော်ပြထားသည်။

ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ NLD အဖွဲ့ဝင်များ၊ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ ရန်ကုန် အခြေစိုက် နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ အပါအဝင် အင်အား အင်အားရာဂဏန်းချီ၍ တက်ရောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၆၃ နှစ်မြောက်လွတ်လပ်ရေးအခမ်းအနား တက်ရောက် လာသူများကို စစ်အစိုးရ ရဲများက ဓာတ်ပုံရိုက်ကူးခြင်း၊ မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သော်လည်း တစုံတရာ အနှောင့်အယှက် ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

အခမ်းအနားအပြီး နိုင်ငံရေးအကျဉ်းသားနှင့် မိသားစုဝင်များကို ကူညီစောင့်ရှောက်မှုပေး လိုသော စေတနာရှင်များအား နိုင်ငံရေးအကျဉ်းသား အမည်ပါသော မဲလိပ်များ နှိုက်ယူ မဲဖောက်ကာ တာဝန်ယူစေသည့် အစီအစဉ် ကျင်းပသည်။

ဒေါ်အောင်ဆန်းစုကြည်က လှိုင်သာယာမြို့နယ်မှ နိုင်ငံရေးအကျဉ်းသား တဦး၏ မိသားစုကို ကူညီရန် မဲပေါက်ခဲ့သည်။ အလားတူ ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို NLD ပါတီမှ ခွဲထွက်ထူထောင်ကာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီကလည်း ၎င်း ရုံးချုပ်တွင် ယနေ့ ကျင်းပခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်သွေးချွေးတို့ဖြင့် ရင်းနှီးရယူခဲ့သည့် ရလဒ်ဖြစ်သဖြင့် ဤအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း NDF ပါတီ တာဝန်ရှိသူများက ဆိုသည်။

လွတ်လပ်ရေးအား ပိုင်ဆိုင်ခြင်းနှင့်အတူ ထိမ်းသိမ်းဖို့ရန် တာဝန်လည်း မြန်မာပြည်သူများ ထံတွင်ရှိကြောင်း၊ လွတ်လပ်ရေးတွင် အခွင့်အရေးများ ရှိသကဲ့သို့ တာဝန်များလည်းရှိကြောင်း၊ NDF သည် ငြိမ်းချမ်းသောနည်း၊ စီးပွား ရေးဖွံ့ဖြိုး တိုးတက်သော လမ်းကြောင်းမှ အမျိုးသား ရင်ကြားစေ့ရေး ပန်းတိုင်သို့ အရောက်ချီတက်ပြီး ထိုမှ တဆင့် ဒီမိုကရေစီ လူ့ဘောင်သို့ ချီတက်ရန် မျှော်မှန်ကြောင်း အဆိုပါ အခမ်းအနားတွင် NDF ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေကပြောသည်။

လွတ်လပ်သော နိုင်ငံတခုရှိ ပြည်သူများတွင် ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ ဖြစ်မှု၊ ခိုကိုးရာမဲ့မှု၊ ပညာမတတ်မှု၊ ကျန်းမာရေး ချို့တဲ့မှု စသည့် လူမှုရေး နာကျင်မှုများ ရှိနေပါက အနှစ်သာရ ပြည့်ဝသည့် လွတ်လပ်မှု မဖြစ်နိုင်ဟု အမျိုးသား ဒီမိုကရေစီအင်အားစုက ခံယူထားကြောင်း NDF က ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ ထုတ်ပြန်သည်။

၎င်း အခမ်းအနားသို့ ရန်ကုန်တိုင်းအတွင်းရှိ NDF ပါတီဝင်များ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ကြပြီး သဘာပတိအဖြစ် နိုင်ငံရေးဦးဆောင်သူ ဦးခင်မောင်ဆွေမှ ဆောင်ရွက်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် NDF ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး အနိုင် ရရှိခဲ့သော်လည်း သဃန်းကျွန်းမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်အား ပါတီမှ ထုတ်ပယ်ထားသည့်အတွက် အနိုင်ရ ကိုယ်စားလှယ် ၁၅ ဦး ရှိသည့် ပါတီဖြစ်သည်။

ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေးပို့သည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာပါရှိပြီး ယင်းသဝဏ်လွှာ၌ စစ်အုပ်ချုပ်ရေး ယူထားသည့်ကာလအတွင်း တပ်မတော်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံကောင်းများကို ဘက်စုံ တည်ဆောက်ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ တည်ဆောက်ပေးနိုင်မှုများသည် သမိုင်း မှတ်တိုင်အဖြစ် ကျန်ရှိနေမည် ဖြစ်ကြောင်း၊ ပြည်သူများအပေါ်၌ စေတနာကြီးမားပြီး တာဝန်ကျေသည့် တပ်မတော် ဖြစ်ကြောင်း ပါရှိသည်။

“မြန်မာနိုင်ငံကို အင်အားချည့်နဲ့ သွားစေရန်အတွက် တခုတည်းသော နည်းလမ်းမှာ ပြည်ထောင်စုပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ယိုယွင်း ပျက်စီးရေးပင် ဖြစ်ပေသည်။ ထိုအချက်ကို ဖော်ဆောင်ရန်အတွက် နိုင်ငံရေး သစ္စာတရား နည်းပါး သူတို့ကို အသိမဲ့သော်လည်းကောင်း၊ သိပါလျက်သော်လည်းကောင်း စည်းရုံးသိမ်းသွင်း အသုံးချကာ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်းကို ဖျက်လိုဖျက်ဆီး ကြံစည်အားထုတ် လုပ်ဆောင်လာနိုင်ပေသည်” ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်း၏ သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားသည်။

ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် နိုင်ငံသူ နိုင်ငံသားများအတွက် ဂုဏ်ယူဖွယ်ရာ အစဉ်အလာကောင်း ဖြစ်သည် ဟူ၍လည်း ၎င်း သဝဏ်လွှာတွင် ပါရှိသည်။

ဧရာဝတီ သတင်းထောက် အောင်သက်ဝိုင်းနှင့် မြတ်ကျော့ ရေးသားသည်။

NLD ရန်ပုံငွေ ဈေးရောင်းပွဲ ကျပ်သိန်း ၂၀၀ ကျော်ဖိုးရောင်းရ

နိုင်ငံရေး အကျဉ်းသားများ ကူညီရေးနှင့် လူမှုအထောက် အကူပြုရေး ရန်ပုံငွေအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကျင်းပသည့် ဈေးရောင်းပွဲတော်သို့ လူပေါင်း ထောင်နှင့်ချီ၍ လာရောက်ခဲ့ပြီး ကျပ်သိန်း ၂၀၀ ကျော်ဖိုး ရောင်းချခဲ့ရကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ကျင်းပခဲ့သည့် ဈေးရောင်း ပွဲတော်သည် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပထမဆုံး ပြန်လည် ပြုလုပ်သည့်ပွဲ ဖြစ်ကြောင်း၊ ယခု ပွဲသည် ဈေးရောင်းသည်နှင့် မတူဘဲ အလှူအတန်းတခု ကျင်းပသည့် ပုံစံမျိုးနှင့် ပိုတူကြောင်း NLD လူငယ်အဖွဲ့ဝင် တဦးဖြစ်သူ ကိုရာဇာက ပြောသည်။

“ပြီးခဲ့တဲ့ နှစ်ရက်မှာ ရောင်းရတာကတော့ သိန်း ၁၀၀ ကျော်မယ်။ ဒီနေ့နဲ့ဆိုရင် သိန်း ၂၀၀ ဖိုးလောက် ရောင်းရတယ်။ ဒီကနေ ရတဲ့အကျိုး အမြတ်တွေကို လူကြီးတွေက အချိုးကျ ပြန်ခွဲပြီး လူမှုရေး လုပ်ငန်းတွေမှာ အသုံးပြုသွားဖို့ ရှိတယ်” ဟု ကိုရာဇာက ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီကာလများတွင် NLD သည် လူမှုအခြေပြု လုပ်ငန်းများ အတွက် ပင်နီတိုက်ပုံများ၊ NLD အမှတ်တရ ရင်ထိုးတံဆိပ်များကို ရောင်းချ၍ လူမှုရေး လုပ်ငန်းများ အတွက် အသုံးပြုခဲ့သည်ဟု ပြောပြသည်။

ဦးအေးသာအောင်က ဆက်လက်၍ “ဒီနှစ်အတွက် ထူးခြားတာကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းတင်တို့က သူတို့ရထားတဲ့ လက်ဆောင်ပစ္စည်းတွေကို လူမှုရေးလုပ်ငန်း ရန်ပုံငွေအတွက် ဈေးပွဲတော်မှာ ပြန်ရောင်းတယ်ဆိုတဲ့ ကိစ္စပါပဲ။ အရင်နှစ်တွေတုန်းကတော့ ဒါမျိုး မရှိခဲ့ဘူးလေ” ဟု ဆိုသည်။

ဈေးရောင်းပွဲတော်တွင် NLD ပါတီတွင်းမှ ဌာနအလိုက် ရောင်းချခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်း ၂၀ ခန့် ပါဝင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးဆွဲထားသည့် ပို့စ်ကတ်များ အပါအဝင် ဓာတ်ပုံ၊ သော့ချိတ်၊ စာအုပ်စာတမ်းများနှင့် တိုင်းရင်းသား ဝတ်စုံများကို ရောင်းချခဲ့ကြောင်းလည်း သိရှိရသည်။

ကိုရာဇာက “လာရောင်းကြတာကတော့ မြို့နယ်၊ ပြည်နယ်အလိုက်က NLD အဖွဲ့ဝင်တွေ၊ ကျနော်တို့ လူငယ်အဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ ခြံအမှတ် ၅၄ လို့ နာမည်ပေးထားတဲ့ အန်တီစု ပါဝင်တဲ့ အရောင်းဌာနတွေကနေ ရောင်းချကြတယ်။ ခြံအမှတ် ၅၄ အဖွဲ့ကတော့ အန်တီစုနဲ့ သက်ဆိုင်တဲ့ ပို့စ်ကတ်၊ ပြက္ခဒိန်၊ သော့ချိတ်တွေ ရောင်းချတယ်။ သူတို့ကတော့ ရောင်းအကောင်းဆုံးပဲ” ဟု ပြောသည်။

ဈေးရောင်းပွဲတော်သို့ သွားရောက်ခဲ့သူ ရန်ကုန်မြို့ခံတဦးက “လူတွေ တော်တော်သွားကြတယ်။ အားပေးတဲ့ သူတွေလည်း များတယ်။ အန်တီစုနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အများကြီး ရောင်းရတယ်။ တခြားပစ္စည်းတွေ ဥပမာ တိုင်းရင်းသား အဝတ်အထည်တို့ စာအုပ်တွေ ဘာတွေကိုလည်း ဈေးပွဲတော်မှာ ရောင်းကြတယ်။ ဒါပေမယ့် အန်တီစုပုံပါတဲ့ ပြက္ခဒိန်တို့၊ သူဆွဲထားတဲ့ ပန်းချီပို့စ်ကတ်တွေ၊ သော့ချိတ်လေးတွေကို အများဆုံး ဝယ်ကြတယ်။ တချို့တွေဆိုရင် သော့ချိတ်တွေဝယ်ပြီး ဖုန်းမှာ ချက်ခြင်း တပ်လိုက်ကြတာမျိုးလည်း ရှိတယ်” ဟု ဆိုသည်။

ရန်ကုန် အခြေစိုက် သတင်းထောက်တဦးကလည်း “သူတို့ရောင်းတဲ့ ဈေးနှုန်းတွေက တအားကြီး ဈေးကြီးတာမျိုး မဟုတ်တော့ ဈေးရောင်းပွဲ သွားကြတဲ့သူတိုင်းနီးပါး ဝယ်ကြတယ်။ ပြီးတော့ ခုကာလကလည်း ဒေါ်စုပုံနဲ့ ဗိုလ်ချုပ်ပုံတွေကို လွတ်လွတ်လပ်လပ် သဘောမျိုး ဝယ်ခွင့်ရနေတဲ့ အခါကျတော့ လူတွေ တော်တော်ဝယ်ကြပါတယ်။ တခြားနေရာတွေမှာ ရောင်းလို့မရတော့ ဝယ်နိုင်ကြတာပေါ့”ဟု ပြောသည်။

ယခု ဈေးရောင်းပွဲတော်၏ အကျိုးအမြတ်များကို နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ရေး၊ HIV/AIDS ဝေဒနာရှင်များ ပြုစုရေး၊ သဘာဝ ဘေးဒဏ်ခံရသော ဒေသများအတွက် ကူညီရေးတို့၌ ပြန်လည် အသုံးပြုသွားမည်ဟုလည်း သိရှိရသည်။

NLD သည် လူမှုအခြေပြု လုပ်ငန်းများအဖြစ် HIV/AIDS ဝေဒနာရှင်များကို ဂေဟာ သုံးခုဖွင့်လှစ်၍ စောင့်ရှောက်ခြင်း၊ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကဲ့သို့သော သဘာဝဘေးဒဏ်ခံ ဒေသများကို ထောက်ပံ့ကူညီခြင်း၊ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

လက်ရှိ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၀ ကျော်တို့ကို အမြန်ဆုံးလွှတ်ပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အပါအဝင် အခြားသော အဖွဲ့အစည်းများက ယမန်နေ့က တောင်းဆိုခဲ့ကြသည်။

ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။

ဖုန်းများကို ကြားဖြတ်ခိုးယူနားထောင်ရန် စီစဉ်နေ

စစ်အစိုးရက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ နယ်ပယ်နှင့် မီဒီယာ လုပ်ငန်းတို့မှ လူပေါင်း ၃၀၀၀ ကျော်တို့၏ တယ်လီဖုန်းများကို ကြားဖြတ် နားထောင်ရန် စီစဉ်လျက်ရှိသည်ဟု ယင်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ယင်းကဲ့သို့ တယ်လီဖုန်းများကို ကြားဖြတ်ခိုးယူ နားထောင်ရန် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) က စီစဉ်ခြင်းဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာဌာနက နည်းပညာပိုင်း အကောင် အထည်ဖော် ပေးရကြောင်း သိရသည်။

ဖုန်းများ ခိုးယူနားထောင်သည့် လုပ်ငန်းကို စရဖ အဖွဲ့ဝင် ၂၀ ကျော်နှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ၁ ဦးတို့က အလှည့်ကျနှုန်း ၂၄ နာရီ တာဝန် ယူသွားရမည် ဖြစ်ကြောင်း၊ သို့ရာတွင် မည်သည့်နေရာတွင် အခြေစိုက်စခန်း ထားရှိမည်ကို ရွေးချယ်နေဆဲ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။

ဖုန်းများကို ခိုးယူနားထောင်ရာတွင် GSM နှင့် CDMA စသည့် မိုဘိုင်း ဖုန်းများသာပါဝင်ပြီး ကြိုးဖုန်းများ မပါဝင်ဟု သိရသည်။

ဖုန်း ခိုးယူနားထောင်ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ စရဖ က စာရင်းပေးထား သူများထဲတွင် နိုင်ငံရေးနယ်ပယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမှုဆောင် လူကြီးများအပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်တချို့နှင့် တသီးပုဂ္ဂလ လွှတ်တော်အမတ် တချို့တို့၏ ဖုန်းများလည်း ပါဝင်သည်ဟု သူက ဆက်ပြောသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးထွန်းမြင့်နိုင်၊ ဦးချစ်ခိုင် နှင့် ဦးနေအောင်တို့အပြင် တခြားစီးပွားရေးလုပ်ငန်းရှင်ပေါင်း ၆၀ ကျော်တို့၏ ဖုန်းနံပါတ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အနိုင်ရ လွှတ်တော်အမတ်များ ဖြစ်သည့် ဦးခင်ရွှေ၊ ဦးဌေးမြင့်၊ ဦးဝင်းမြင့်၊ ဦးကိုကိုကြီးတို့၏ ဖုန်းနံပါတ်များလည်း ပါဝင်နေကြောင်း သိရသည်။

လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်သည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ မဖြူဖြူသင်း၊ ဒေါ်ရွှေဇီးကွက်နှင့် အနုပညာနယ်ပယ်မှ ဒါရိုက်တာ မောင်မျိုးမင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ ချိုတူးဇော်၊ အဆိုတော် အနဂ္ဂ၊ ရန်ရန်ချန်း၊ ကျားပေါက်နှင့် တခြားဟစ်ပ်ဟော့ပ်အဆိုတော်အချို့တို့ ပါဝင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောပြသည်။

၎င်းပြင် Eleven Media Group မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသန်းထွဋ်အောင်၊ The Voice ဂျာနယ်မှ ဒေါက်တာ နေ၀င်းမောင်၊ 7Days သတင်း ဂျာနယ် အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်း၊ Yangon Media Group မှ အယ်ဒီတာချုပ် ကိုကို (စက်မှုတက္ကသိုလ်) နှင့် နိုင်ငံခြား သတင်းထောက်များ ဖြစ်သော ဒေါ်အေးအေးဝင်း၊ ဦးအောင်လှထွန်းတို့၏ ဖုန်းများသည် လည်း ကြားဖြတ်နားထောင်မည့် စာရင်းတွင် ပါဝင်ကြောင်း တွေ့ရသည်။

တယ်လီဖုန်း ကြားဖြတ်နားထောင်မည့်သူများ စာရင်းတွင် ကြံ့ဖွံ့ပါတီအနိုင်ရ အမတ်များ၊ စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်နေသဖြင့် ယခုအစီအစဉ်နှင့် ပတ်သက်၍ စရဖ အဖွဲ့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် တိုက်ရိုက် ညွှန်ကြားခြင်း ဖြစ်နိုင်ကြောင်း ဆက်သွယ်ရေးမှ တာဝန်ရှိသူက ခန့်မှန်းပြောဆိုသည်။

ယခင် ထောက်လှမ်းရေးခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်အာဏာရှိစဉ် စစ်ထောက်လှမ်းရေး ခေတ်က ယင်းကဲ့သို့ တယ်လီဖုန်းများ ကြားဖြတ်ခိုးယူ နားထောင်သည့် အစီအစဉ် ရှိခဲ့သော်လည်း စစ်ထောက်လှမ်းရေး အဖွဲ့ဖျက်သိမ်းခဲ့သည့် ၂၀၀၄ ခုနှစ် နောက်ပိုင်းတွင် ယင်းအစီအစဉ် ပျက်ပြယ်သွားခဲ့သည်။

“အရင် စစ်ထောက်လှမ်းရေး ခေတ်တုန်းကတော့ တယ်လီဖုန်းက ရှားတယ်။ သူတို့ခိုးနားထောင်တာက အလုပ်ဖြစ်တယ်။ အခုနောက်ပိုင်းက ဖုန်းတွေက ပေါလာတော့ တော်တော်များများလည်း ဖုန်းတွေ ပြောင်းကိုင်လာတော့ သူတို့အစီအစဉ်က အောင်မြင်မယ် မထင်ဘူး” ဟု ဆက်သွယ်ရေး အရာရှိ တဦးက ပြောသည်။

မြန်မာ စစ်အစိုးရသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အတိုက်အခံ နိုင်ငံရေးသမားများနှင့် တက်ကြွ လှုပ်ရှားသူများကို အမြဲတစေ စောင့်ကြည့်နေလေ့ရှိပြီး တယ်လီဖုန်း မှတ်တမ်းများကို သက်သေခံချက်များပြုလုပ်ကာ တရားစွဲဆို၍ ထောင်ဒဏ် အပြစ်ပေးမှုများ ပြုလုပ်လေ့ရှိသည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအပြီး ကာလတွင်လည်း မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားများ၊ သတင်းစာ ဆရာများနှင့် ကျောင်းသားလူငယ်တို့၏ တယ်လီဖုန်း အလုံး ၂၀၀ ခန့်ကို အကြောင်းပြချက်မရှိဘဲ ပိတ်ပင်ခဲ့သည်။

ဧရာဝတီသတင်းထောက် ဆက်လင်း ရေးသားသည်။

၀၄.၀၁.၂၀၁၁ အတွက် ဧရာဝတီသတင်းတိုများ

သတင်းတိုများ

မဲဆောက် UN ရုံးရှေ့တွင် လက်ပစ်ဗုံး ၂ လုံးဖြင့် ဆန္ဒပြနေသူ လက်နက်ချ အဖမ်းခံ

ယနေ့နံနက် ၈ နာရီခန့်က မဲဆောက် UN ရုံးရှေ့တွင် DKBA အဖွဲ့မှ စောသံမဏိသည် လက်ပစ်ဗုံး ၂ လုံးကို စနက်တံ ဖြုတ်ကိုင်၍ မြန်မာပြည်ကို ဒီမိုကရေစီ နိုင်ငံအဖြစ် ပြောင်းလဲပေးရေး အပါအဝင် အချက် ၄ ချက်ဖြင့် ဆန္ဒပြခဲ့ကြောင်း၊ ထိုင်းအာဏာပိုင်များက ၁ နာရီခန့် လာရောက်ညှိနှိုင်းရာ တရားမဝင် လက်နက်ကိုင်ဆောင်မှုမှအပမည်သို့မှ အရေးမယူ ဟူသော သဘောတူညီချက် ရရှိခဲ့သဖြင့် ၉ နာရီခန့်တွင် လက်နက်ချ အဖမ်းခံခဲ့ကြောင်း သိရသည်။ Read more Add comment (0) Hits: 1193
သတင်းတိုများ

ရခိုင်ပြည်နယ်တွင် ကြံ့ဖွံ့က အနိုင်ရ RNDP ပါတီကိုတရားစွဲ

ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်၏ ကော်မရှင်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ အနိုင်ရ ကိုယ်စားလှယ် ဦးလှမောင်သိန်းတို့အား ကြံ့ဖွံ့ပါတီမှ ရှုံးနိမ့်ခဲ့သည့် ကိုယ်စားလှယ် ဦးသိန်းမောင်က တရားစွဲဆိုထားကြောင်း RNDP ၏ တာဝန်ရှိသူက ပြောသည်။ တရားစွဲဆိုရာတွင် RNDP ကိုယ်စားလှယ်သည် မဲမသမာမှု ပြုလုပ်ခဲ့ကြောင်း၊ ကော်မရှင် သည်လည်း တရားမမျှတကြောင်း စသည့် အချက် ၁၅ ချက်ဖြင့် တိုင်ကြားထားကြောင်း ၎င်းက ဆက်ပြောသည်။ Read more Add comment (0) Hits: 223
သတင်းတိုများ

NLD ဈေးရောင်းပွဲတွင် တရက် ကျပ် သိန်း ၅၀ ကျော် ရောင်းရ

ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်ကျင်းပသည့် NLD ဈေးရောင်းပွဲတော်တွင် တရက်လျှင် ကျပ်သိန်း ၅၀ ဖိုးခန့် ရောင်းချ ခဲ့ရကြောင်း သိရှိရသည်။ ၎င်းဈေးရောင်းပွဲမှ ရရှိသည့် အမြတ်အစွန်းကို NLD လူမှုအထောက်အကူပြုအဖွဲ့မှ စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင်များနှင့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့မည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဈေးဝင်ရောင်းပေးခဲ့သည့် အဆိုပါပွဲမှာ ယနေ့ နောက်ဆုံးဖြစ်သည်။ Read more Add comment (0) Hits: 314
သတင်းတိုများ

ဒီမိုကရေစီအရေး လှုပ်ရှားသူများက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆို

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အပါအဝင် ပြည်တွင်းအခြေစိုက် သံဃာတော်များ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများ စုစုပေါင်း အဖွဲ့ ၁၁ ဖွဲ့တို့က နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၀ ကျော်ကို ချက်ခြင်း လွှတ်ပေးရန် ယမန်နေ့က တောင်းဆိုလိုက်ကြောင်း သိရသည်။ ရွေးကောက်ပွဲအပြီး အစိုးရသစ် မပေါ်ပေါက်မီကာလတွင် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရန်လိုအပ်သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂက ပြောဆိုသည်။ Read more Add comment (0) Hits: 103
သတင်းတိုများ

ဒေါ်လာဈေးကျ၊ ပြည်ပပို့ကုန်လုပ်ငန်းများ အရှုံးပေါ်ရပ်ဆိုင်း

အမေရိကန် တဒေါ်လာလျှင် ဒီဇင်ဘာ လကုန်ပိုင်းက ၈၅၀ ကျပ်ရှိရာမှ ယခု ၈၂၇ ကျပ်အထိ ကျဆင်းသွားပြီး ဆန်၊ ပဲမျိုးစုံ၊ ငါးပုဇွန်နှင့် ရေထွက်ပစ္စည်း တင်ပို့သည့် လုပ်ငန်းများ အပါအ၀င် ပြည်ပပို့ကုန် လုပ်ငန်းများအားလုံးနီးပါး အရှုံးပေါ် ရပ်ဆိုင်းထားရကြောင်း သိရသည်။ FEC ၁ ယူနစ် လျှင် ၇၉၀ ကျပ်သာ ရှိပြီး အရောင်းအ၀ယ် အလွန်ပါးသည်။ ရွှေဈေးမှာမှာလည်း ကျဆင်းနေပြီး အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ဒီဇင်ဘာလကုန်ပိုင်း၌ ၆၅၀၀၀၀ ကျပ်ကျော် ရှိရာမှ ယခု ၆၄၀၀၀၀ ကျပ် အထိ ဈေးကျဆင်းသွားသည်။ Read more Add comment (0) Hits: 1019
သတင်းတိုများ

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦး နိုင်ငံရေးသင်တန်း တက်ရမည်

ပြည်သူ့လွှတ်တော်အတွက် တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦးနှင့် အမျိုးသားလွှတ်တော်အတွက် ၅၆ ဦး စုစုပေါင်း တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အပြီးသတ်ရွေးချယ်လိုက်ပြီး ဖြစ်သောကြောင့် ၎င်းတို့သည် နေပြည်တော်တွင် ဇန်န၀ါရီလ ၆ ရက်နေ့မှ စတင်၍ တပတ်ကြာ ဥပဒေရေးရာနှင့် နိုင်ငံရေး သင်တန်း တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။ Read more Add comment (0) Hits: 818

စစ်တိုင်းဌာနချုပ် အသစ်တိုးချဲ့

စစ်အစိုးရက “အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်” ဟု အမည်ပေးထားသည့် တိုင်းစစ်ဌာနချုပ် အသစ်ကို ရှမ်းပြည်တောင်ပိုင်းတွင် ထပ်မံဖွင့်လှစ်လိုက်သည်။

အဆိုပါ တိုင်းစစ်ဌာချုပ်သစ်ကို တောင်ကြီးနှင့် ကျိုင်းတုံဒေသ အကြားရှိ ခိုလမ်ဒေသတွင် အဓိက အခြေစိုက်မည်ဖြစ်ပြီး တိုင်းမှူးအဖြစ် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မြထွန်းဦးအား ပြီးခဲ့သည့် သောကြာနေ့က အတည်ပြုခန့်အပ်လိုက်ကြောင်း နေပြည်တော်ရှိ စစ်တပ်အသိုင်းအ၀န်းက ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးချုပ် မြထွန်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (DSA) ၂၅ မှ ဖြစ်ပြီး စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ဖွဲ့စည်းခါစက ဒုဗိုလ်မှူးကြီး တဦးအဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေအတွင်း လှုပ်ရှားခဲ့ပြီး ဗိုလ်ချုပ် ထိန်မောင် လက်နက်ချလာစေရန် အဓိကလှုပ်ရှားခဲ့သူလည်း ဖြစ်သည်။

ထို့နောက် မကွေးတိုင်း ပခုက္ကူမြို့တွင် ဖွင့်လှစ်ထားသည့် တပ်မ ၁၀၁ ၏ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနှစ် သြဂုတ်လအတွင်းက ပြုလုပ်ခဲ့သည့် စစ်တပ်အတွင်း ရာထူးအပြောင်းအရွှေ့တွင် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ခိုလမ်၊ ကျိုင်းတောင်း၊ မိုးနဲဒေသသည် ရှမ်းပြည်တပ်မတော် – တောင်ပိုင်း (SSA-S) တပ်များနှင့် ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း (SSA- N) တပ်များ လှုပ်ရှားနေသော ဒေသဖြစ်ပြီး လေတပ်အခြေစိုက် စခန်းဖြစ်သည့် နမ့်ဆန်မြို့နှင့်လည်း အနီးဆုံးတည်ရှိသည့် ဒေသဖြစ်သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးခါစ၌ မေမြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ရန်ကုန်၊ အင်းစိန် အခြေစိုက်သည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ၂ ခုသာ ဖွင့်လှစ်ခဲ့သော်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်တွင် စစ်တိုင်းကြီးများကို ၉ ခုအထိ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။

၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့် နောက်တွင် ယခင် မန္တလေးမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို မုံရွာသို့ ပြောင်းရွှေ့စေပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မန္တလေးမြို့သို့ ပြောင်းရွှေ့စေကာ ပဲခူးတိုင်း တောင်ငူမြို့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဟု အသစ်ဖွင့်စေသည်။

၁၉၉၆ ခုနှစ်က မြန်မာပြည်အောက်ပိုင်း ပင်လယ်ကမ်းရိုးတန်းမြို့ ဖြစ်သည့် မြိတ်မြို့ အခြေစိုက် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်နှင့် ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံမြို့ အခြေစိုက် တြိဂံတိုင်း စစ်ဌာနချုပ်တို့ကို ဖွင့်လှစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ ရုံးစိုက်သည့် နေပြည်တော်ကို အခြေပြုပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ်ကို ထပ်မံဖွင့်လှစ်ခဲ့သည်။

လက်ရှိ မြန်မာ့တပ်မတော် ဖွဲ့စည်းပုံတွင် ယခု စစ်တိုင်းသစ် အပါအဝင် စစ်တိုင်းကြီး စုစုပေါင်း ၁၄ ခုဖြင့် ဖွဲ့စည်းထားပြီး တပ်မစစ်ဌာနချုပ် ၁၀ ခု၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် ၂၀ ဖြင့် ဖွဲ့စည်းထားသည်။

ထို့အပြင် စစ်အစိုးရက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ ကယားပြည်နယ် လွိုင်ကော်ဒေသနှင့် အနောက်မြောက် တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ တနိုင်းဒေသတွင်လည်း စစ်တိုင်းအသစ်များကို ထပ်မံဖွင့်လှစ်သွားရန် ရှိသည်ဟုလည်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်ဒေသသည် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားဒေသနှင့် ကပ်လျက် တည်ရှိပြီး အဆိုပါ ဒေသတွင် လက်ရှိ ကရင်နီ တိုးတက်ရေးပါတီ (KNPP) တပ်များ လှုပ်ရှားနေသည့် ဒေသဖြစ်သည့်အတွက် စစ်အစိုးရ အတွက် အရေးပါကြောင်း ထို့ကြောင့် စစ်ဌာနချုပ်များ ဖွင့်လှစ်လိမ့်မည်ဟု ထင်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောကလည်း သုံးသပ်သည်။

လွိုင်ကော်ဒေသနှင့် ပျဉ်းမနား၊ ပေါင်းလောင်းဒေသတွင် ယခင်က ဗမာပြည် ကွန်မြူနစ်ပါတီ လှုပ်ရှားခဲ့သည့် ဒေသများဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ပင်လောင်းဒေသနှင့်လည်း ဆက်စပ်နေသည်။ နေပြည်တော် တပ်ကုန်းမြို့မှ ပင်လောင်း ဒေသသို့ သွားရောက်နိုင်ပြီး ထိုမှတဆင့် လွိုင်ကော်မြို့သို့ ကားလမ်းဆက်သွယ်ထားသည်။

ဧရာဝတီသတင်းထောက် ရန်ပိုင် ရေးသားသည်။

NLD ပြန်ကြားရေး မြန်ဆန်ရန် သတင်းနည်းပညာ သုံးမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြန်ကြားရေး လုပ်ငန်းများ သွက်လက်မြန်ဆန်ရေး ၊ လူထုနှင့် တိုက်ရိုက်ထိတွေ့နိုင်ရေးတို့ အတွက် သတင်းနည်းပညာ အသုံးပြုသွားရန် ပါတီတွင်း ညှိနှိုင်းလျက် ရှိကြောင်း သိရသည်။

“ပါတီလုပ်ဆောင်ချက်တွေကို အများသိနိုင်အောင် အွန်လိုင်းအသုံးပြုနိုင်ဖို့ ဥပဒေအထောက်အကူပြုအဖွဲ့တွေနဲ့ ညှိနှိုင်းနေပါတယ်။ မကြာမီမှာ လုပ်ဆောင်လာနိုင်လိမ့်မယ်လို့ထင်ပါတယ်”ဟု ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်လူငယ်များ တွေ့ဆုံပွဲကို ကူညီပေးခဲ့သူ ၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိမ်းက“NLDဟာ သမားရိုးကျလမ်းကြောင်းကြီးကိုပဲ သွားနေတယ်။ ခေတ်နဲ့ အညီပြုပြင်ပြောင်းလဲမှုတွေ သိပ်မလုပ်နိုင် ဘူး။ အင်တာနက်တင်မကဘူးဗျာ။မနေ့က ကျနော်တို့ လူငယ်တွေနဲ့ တွေ့ဆုံချိန်မှာ တွေ့ရတာက ရုံးလုပ်ငန်းတွေမှာတောင် ကွန်ပျူတာ ပြည့်ပြည်၀၀ မသုံးနိုင်သေးဘူး။ ဘာနဲ့တူလဲဆိုတော့ အစိုးရ ရုံးအိုကြီး တရုံးနဲ့ တူနေတယ်”ဟု ပြောသည်။

NLD ပါတီအနေဖြင့် ပါတီလူငယ်များ၏ လုပ်ဆောင်နိုင်စွမ်းကို ယုံယုံကြည်ကြည်နှင့် ညှိနှိုင်းလုပ်ဆောင်သင့်သည်ဟုလည်း ၄င်းက ဆက်လက်ပြောဆိုသည်။

“ကျနော်ကြားသလောက်ကတော့ ပါတီကလူကြီးတွေကလည်း တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားတယ်။ လုပ်ခဲ့ရင် ပါတီက ထုတ်ပစ်တာတွေ ၊ ဘာတွေရှိတော့ လူငယ်တွေကလည်း ကျော်မလုပ်ရဲကြဘူး ။ ရုံးတွင်းအောင်းတဲ့ အလေ့အထတွေ ဖြစ်လာတယ်။ နောက်ပိုင်းမှာတော့ ဒါတွေ ပြင်သွားလိမ့်မယ် ထင်ပါတယ်။ ပြင်လည်း ပြင်သင့်နေပါပြီ”ဟု ကိုမျိုးရန်နောင်သိမ်းက သုံးသပ်သည်။

၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီ ၃၇ ခုအနက် အရပ်သားပါတီ အများစုသည် ပါတီဖွဲ့စည်းပုံ ၊ ပါတီခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ ၊ ပါတီရပ်တည်ချက်များကို အင်တာနက်အသုံးပြုကာ ပြည်သူလူထုသိရှိစေရန် ထုတ်ပြန်လာကြသော်လည်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှာမူ ယခုအချိန်ထိ အင်တာနက် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကိုယ်ပိုင် ၀ဘ်ဆိုက်ထောင်ထားသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေက “ကျနော်တို့ လူကြီးတွေကတော့ အင်တာ နက်နည်းပညာနဲ့ အကျွမ်းမ၀င်ဘူး။ သို့သော်လည်း ပါတီက လူငယ်တွေက သူတို့ လုပ်ပေးမယ်ဆိုတော့ ကျနော်တို့က လည်း လုပ်ပေါ့။ ဘာတွေလုပ်ကြမယ် ၊ ဘာတွေ တင်ပြကြမယ်ဆိုတာကိုတော့ လူငယ်တွေက ကျနော်တို့နဲ့ ညှိနှိုင်းပါတယ်။ ဒီအတွက် လည်း ပါတီဝင်ထုအပြင် အခြားသော လူငယ်တွေကအစ ပါတီရဲ့လုပ်ဆောင်ချက်တွေကို မြန်မြန်ဆန်ဆန် သိလာကြ တာပေါ့”ဟု ပြောသည်။

ကနေဒါနိုင်ငံရှိ ဦးကျော်မြင့်နှင့်ပူးပေါင်းကာ ဦးသုဝေပါတီထူထောင်မည်ဆိုသော အင်တာနက် သတင်းကြောင့် ဒီမိုကရက်တစ်ပါတီ မထူထောင်မီကပင် ပါတီကို လူစိတ်ဝင်စားမှုရှိခဲ့သည်ဟုလည်း ဒီမိုကရက်တစ်ပါတီဝင်တဦးက ဆိုသည်။

“၀ဘ်ဆိုက်အတွက် လိုအပ်တာတွေ တင်တာ ချတာကို အများသုံးအင်တာနက်ဆိုင်တွေကပဲ လုပ်တာပါ။ မြန်မာ့ဆက်သွယ်ရေးမှာ အင်တာနက်အသုံးပြုခွင့် လျှောက်ထားပြီး သုံးစွဲဖို့ဆိုတာကလည်း ငွေရေး ကြေးရေးအရ မဖြစ်နိုင်သေးဘူးလေ”ဟု အဆိုပါ ဒီမိုကရက်တစ် ပါတီဝင်က ပြောသည်။

NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက် လာပြီးနောက် သူမအနေဖြင့် အွန်လိုင်းမှတဆင့် လူထုနှင့်ထိတွေ့လိုကြောင်း ၊ ဒုတိယပင်လုံညီလာခံကိုလည်း တယ်လီ ကွန်ဖရင့် ဖြင့် ပြုလုပ်နိုင်မည့် နည်းလမ်းလည်း ရှိနိုင်ကြောင်း ၊ အင်တာနက်အသုံးပြုနိုင်ရေး တရားဝင် လျှောက်ထားသွားမည်ဖြစ်ကြောင်း
ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့်ခရီးစဉ်အတွင်း၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင်ဖြစ်ပွားခဲ့သော ဒီပဲယင်းအရေးအခင်းအပြီး NLD ပါတီ နယ်ရုံးခွဲများကို စစ်အစိုးရက ပိတ်ပစ်ခဲ့ပြီး ရန်ကုန်ရှိ NLD ရုံးချုပ်ဖုန်းကိုလည်း ယခုအချိန်အထိ ဖြတ်တောက်ထား သည်။

“ကျနော်သိသလောက်တော့ ရွေးကောက်ပွဲဝင်ပါတီတွေအားလုံး အများသုံးအင်တာနက်ဆိုင်တွေကပဲ အသုံးပြုနေတာပါ။ ပါတီဝင် လူငယ်တွေကပဲ အွန်လိုင်းစာမျက်နှာတွေကို ဖွဲ့စည်းပေးနေကြတာပါ ၊ NLD အနေနဲ့လည်း ဒါမျိုးတွေလုပ်ဖို့သင့်ပါပြီ။ လုပ်မှသာ လည်း ပါတီလုပ်ဆောင်ချက်တွေ ပိုပြီး ထိရောက်လာမှာပါ ၊ ဆက်သွယ်ရေးရုံးက ခွင့်ပြုချက်ရဖို့ ထိုင်စောင့်နေမယ်ဆိုရင်တော့ မလွယ် ပါဘူး”ဟု ကိုမျိုးရန်နောင်သိမ်းက သုံးသပ်ပြောဆိုသည်။

၂၀၁၀ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၁၀ ပါတီကို တရားဝင် ရပ်တည်ခွင့် မရှိတော့ကြောင်း စက်တင်ဘာ ၁၄ ရက်တွင် စစ်အစိုးရပိုင် မီဒီယာများမှတဆင့် ကြေညာခဲ့ပြီးနောက် NLD ပါတီသည် အခမ်းအနားများကိုလည်း ဒုဥက္ကဌ ဦးတင်ဦးနေအိမ်သို့ ပြောင်းရွှေ့ကျင်းပခဲ့သည်။

“မလိုအပ်ဘဲ ထိပ်တိုက်တွေ့မှုကို မပြုလုပ်ချင်တဲ့အတွက် ပါတီရုံးချုပ်မှာ အခမ်းအနားလုပ်တာတွေကို ခဏရပ်ထားခဲ့တယ်။ ဒေါ် အောင်ဆန်းစုကြည် လွတ်လာပြီးနောက် ဥပဒေအရ တရားဝင်ပါတီဖြစ်တယ်ဆိုတာကို တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီးချိန်ကစ ပြီး ပါတီလုပ်ဆောင်ချက်တွေကို အကုန်ပြန်လုပ်နေပါပြီ”ဟု ဦးအုန်းကြိုင်က ပြောသည်။

NLD ပါတီ ပြန်ကြားရေးကော်မတီကို ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဦးခင်မောင်ဆွေက ဦးဆောင်ခဲ့ သည်။

ထို့နောက် ဦးခင်မောင်ဆွေ ဦးဆောင်သော NLD အဖွဲ့ဝင်တချို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့အင်အားစုအဖြစ် ပါတီ ထူထောင် ကာ ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ရာ ယခုအခါ NLD ပါတီ ပြန်ကြားရေးကော်မတီတွင် ဦးဉာဏ်ဝင်း ၊ ဦးအုန်းကြိုင် ၊ ဦးကြည်တိုးနှင့် လူငယ် တချို့ တာဝန်ယူထားကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် မင်းနိုင်သူ ရေးသားသည်။

စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး အဆိုပြုလွှာ ဦးသိန်းညွန့် တင်သွင်းမည်

အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ အနိုင်ရထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် ကိုယ်စားလှယ် တချို့သည် ပေါ်ပေါက်လာမည့် လွှတ်တော်၌ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ထားမှုအား ရုပ်သိမ်းပေးရေး အဆိုပြုလွှာ တစောင်ကို တင်သွင်းသွားမည်ဟု သိရသည်။

ဦးသိန်းညွန့်နှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်မှ အနိုင်ရထားသော NDF တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်၊ ဒေါ်စမ်းစမ်းမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်တို့ ပူးပေါင်း၍ အဆိုပြု တင်သွင်းသွားမည်ဟု ၎င်းက ဆိုသည်။

“အဆိုပြုလွှာကို ရေးဆွဲနေပါပြီ။ ဒီ စီးပွားရေး ပိတ်ဆို့မှုက စစ်ဗိုလ်ချုပ်ကြီးတွေထက် ပြည်သူတွေကိုပဲ ထိတဲ့အတွက် တင်ပြ တောင်းဆိုသွားမှာပါ။ ထိရောက်မှု မရှိလည်းဘဲ ဖြစ်နိုင်တဲ့အထိ တောင်းဆိုရမှာပေါ့” ဟု ဦးသိန်းညွန့်က ဧရာဝတီကို ပြောသည်။

အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ စက်ရုံအလုပ်ရုံများ မရှိ၍ ပြည်သူများ အလုပ်လက်မဲ့ဖြစ်နေကြပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း ဦးသိန်းညွန့်က ဆိုသည်။

ဦးသိန်းညွန့်သည် NDF ပါတီ၏ ဒုတိယခေါင်းဆောင်အဖြစ်မှ ထုတ်ပယ်ခံထားရသူ ဖြစ်သည်။ ၎င်းသည် ၁၉၉၀ ရွေးကောက်ပွဲ တွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ အနိုင်ရ လွှတ်တော် အမတ် တဦးဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ဦးသိန်းညွန့်အပါအဝင် NLD အဖွဲ့ဝင်တချို့သည် NLD ပါတီမှ ခွဲထွက်၍ NDF ပါတီကို တည်ထောင်ခဲ့ကြသည်။

မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (BLC) ၏ ဥက္ကဋ္ဌ ဦးသိန်းဦးက “စီးပွားရေးပိတ်ဆို့မှုက စစ်အာဏာရှင်တွေကိုပဲ အဓိက ထိတာပါ။ စစ်လက်နက် ၀ယ်မရတာတွေ၊ နိုင်ငံတကာကို ခရီးသွားလာခွင့်မရတာတွေ၊ နိုင်ငံခြားဘဏ်တွေနဲ့ ငွေကြေးကိစ္စ ဆောင်ရွက်မှုတွေက ထိရောက်မှုရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။

စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးခြင်းသည် စီးပွားရေးပိတ်ဆို့မှု တခုတည်းကြောင့် မဟုတ်ဘဲ စစ်အစိုးရ၏ တင်းကျပ်သော မူဝါဒ၊ ဥပဒေများနှင့် စစ်အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင့်သာဖြစ်ကြောင်း ဦးသိန်းဦးကဆိုသည်။

စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများ နှေးကွေး နေသည်ဟု ဦးသိန်းညွန့်က ပြောဆိုနေသော်လည်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ ကဏ္ဍအားလုံး ဖွံ့ဖြိုးတိုးတက်နေကြောင်း ပြောဆိုသည်ကို အစိုးရ မီဒီယာများက ဆက်တိုက် ဖော်ပြနေသည်။

ပိတ်ဆို့မှုများ ရုပ်သိမ်းရေးသည် မြန်မာ့နိုင်ငံရေး ပြောင်းလဲ တိုးတက်လာမှုအပေါ်၌ မူတည်မည်ဖြစ်ပြီး ပေါ်ပေါက်လာမည့် လွှတ်တော်သည် စစ်အာဏာရှင်များ အာဏာတည်မြဲရေးအတွက်ဖြစ်၍ ၎င်းတို့၏ ပြောဆိုမှုအား ကမ္ဘာက စိတ်ဝင်စားမှု နည်းမည်ဟု ဦးသိန်းဦးကဆိုသည်။

လွှတ်တော်သည် မဲပေးနိုင်သူ ၇၀ ရာခိုင်နှုန်းအား ကိုယ်စားပြုထားသည့်အတွက် ၎င်းကို အလေးမထားပါက စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်နေသည့် အနောက်နိုင်ငံများ၏ ဒီမိုကရေစီကို ပြန်လည်သုံးသပ်ရမည်ဟု ဦးသိန်းညွန့်က ပြောသည်။

ဧရာဝတီသတင်းထောက် ခင်ဦးသာ ရေးသားသည်။

ကျောက်မျက်ပြပွဲအပြီး ဒေါ်လာဈေး ထိုးကျ

ပြည်တွင်း၌ ယခုနှစ်ကုန်ပိုင်းတွင် တန်ဖိုးကျဆင်းနေသော အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ၌ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံကျော်ဖိုး ရောင်းချခဲ့ရပြီးနောက် ဒေါ်လာတန်ဖိုး ထိုးကျသွားပြီး မြန်မာကျပ်ငွေတန်ဖိုးမှာမူ အလွန်မြင့်တက်နေသည်။

ယခုနှစ်ဆန်းတွင် အမေရိကန် တဒေါ်လာသည် ကျပ် ၁၀၀၀ ကျော် ပေါက်ဈေးရှိခဲ့ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့သော မြန်မာ့ကျောက်မျက်ရတနာပြပွဲ မတိုင်မီတွင် တဒေါ်လာလျှင် ၉၀၀ ကျပ်ဝန်းကျင် ဈေးပေါက်ခဲ့သည်။ ယခုအခါတွင်မှု တဒေါ်လာလျှင် ၈၆၀ ကျပ်သာ ရှိတော့သည်။

ကျပ်ငွေတန်ဖိုး ထူးကဲစွာ တက်ခြင်းသည် အဓိကအားဖြင့် ကျောက်မျက်ပြပွဲမှ ရရှိသော နိုင်ငံခြားဝင်ငွေများကြောင့် ဖြစ်သော်လည်း၊ နယ်စပ် ကုန်စည်စီးဆင်းမှု ရပ်တန့်ခြင်း၊ ငွေကြေးဆိုင်ရာ မူဝါဒအပြောင်းအလဲ သတင်း ထွက်ပေါ်ခြင်းများကြောင့်လည်း ဖြစ်ကြောင်း စီးပွားရေးသမားများ၊ ကုန်သည်များက သုံးသပ်ကြသည်။

ရွေးကောက်ပွဲပြီးနောက်ပိုင်း စီးပွားရေး မူဝါဒအပြောင်းအလဲတွင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု မူဝါဒ အပြောင်းအလဲ ဖြစ်နိုင်သည်ဟု သတင်းထွက်ပေါ်နေသောကြောင့် စီးပွားရေးသမားများက လှုပ်ရှားမှု မရှိသေးဘဲ စောင့်ကြည့်နေကြကြောင်းလည်း ပြည်တွင်း သတင်းမီဒီယာတချို့က ရေးသားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ် အမှုဆောင်တဦးက “အခြေခံအားဖြင့်ကြည့်ရင် ကျောက်မျက်ပြပွဲကြောင့် ဒေါ်လာတန်ဖိုးကျတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အမှန်တကယ်က ဒီက စီးပွားရေးလုပ်ငန်းတွေ တော်တော်ကို အလုပ်မဖြစ်ဘူး။ စီးပွားရေးက ရပ်နေတယ်။ ရင်းနှီးမြှုပ်နှံသူကလည်း ပိုက်ဆံမရှိလို့ အလုပ်မလုပ်နိုင်ဘူး။ တချို့ကလည်း စောင့်ကြည့်တယ်။ လူတွေကလည်း အလုပ်မရှိ။ မြန်မာငွေတန်ဖိုး တက်တယ်သာပြောတာ ကုန်ဈေးနှုန်းတွေက မကျဘူး။ ငွေဈေးတက်တာက အခြေခံလူတန်းစားတွေအတွက် ဘာ အကျိုးသက်ရောက်မှုမှ မပေးနိုင်ဘူးဖြစ်နေတယ်” ဟု ပြောသည်။

မြန်မာငွေတန်ဖိုး တက်လာလျှင် သွင်းကုန်ပစ္စည်းများ ဈေးနှုန်းကျဆင်းရမည် ဖြစ်သော်လည်း ဈေးနှုန်းကျဆင်းခြင်း မရှိခြင်းမှာလည်း စီးပွားရေးမခိုင်မာမှုကို ပြသနေကြောင်း စီးပွားရေးပညာရှင် တချို့ကလည်း သုံးသပ်သည်။

အငြိမ်းစား ပါမောက္ခတဦးက “ငွေလဲနှုန်းမှာ မြန်မာငွေက တန်ဖိုးတက်တာကိုကြည့်ပြီး ပြည်တွင်းစီးပွားရေး တိုးတက်တယ်လို့ ပြောလို့မရဘူး။ ဒါက တကယ့်စီးပွားရေးတိုးတက်လို့ တန်ဖိုးတက်တာ မဟုတ်ဘူး။ မြန်မာငွေ တန်ဖိုး မာတယ်ဆိုရင် သွင်းကုန်နဲ့ စားသောက်ကုန်ဈေးနှုန်းတွေ အကုန်လုံးလိုက်ပြီး ကျရမယ်။ လူတွေ အလုပ်အကိုင်တွေပေါပြီး သုံးနိုင်စွဲနိုင်တဲ့ လူလတ်တန်းစားတွေ များလာရမယ်။ ဒီလို အခြေအနေရောက်မှ ဒါက အမှန်တကယ်စီးပွားရေး တိုးတက်မှုလို့ ပြောနိုင်တာ။
အခုအခြေအနေက စီးပွားရေးရပ်လို့ ဖြစ်နေတဲ့ အခြေအနေပါ။ တိုးတက်လို့ မဟုတ်ဘူး” ဟု သုံးသပ်သည်။

၂၀၁၀ ပြည့်နှစ်အတွင်း အစိုးရက ကား လေလံ၊ အိမ်ခြံမြေ လေလံ၊ စက်ရုံအလုပ်ရုံ လေလံများ ပစ်ခဲ့သည့်အပြင် ငါးသိန်းတန် CDMA ဖုန်းပေါင်း သိန်းနှင့်ချီ၍ ချထားပေးခဲ့ခြင်းကြောင့် စီးပွားရေးအသိုင်းအ၀ိုင်းတွင် လည်ပတ်မည့်ငွေကြေးများ အစိုးရဘဏ္ဍာအဖြစ်ရောက်ရှိသွားခြင်းကလည်း မြန်မာငွေတန်ဖိုး တက်လာစေသည်ဟု ကုန်သည်တချို့က ပြောသည်။

“ကားလေလံ၊ လိုင်စင်မဲ့ကား ဒဏ်ရိုက်လိုင်စင်ပေးတယ် ဆိုတော့လည်း လူတွေကြိတ်ကြိတ်တိုး၊ ငါးသိန်းတန်ဖုန်းဆိုရင်လည်း
လူတွေကြိတ်ကြိတ်တိုး ၀ယ်ကြတယ်။ လူတွေလက်ထဲ ပိုက်ဆံမရှိတော့ဘူး။ အိမ်ခြံမြေ၊ စက်ရုံအလုပ်ရုံလေလံတွေမှာ လုပ်ငန်းရှင်ကြီးတွေက ၀င်ရင်းနှီးမြှုပ်နှံကြတယ်။ အစိုးရဘဏ်တိုက်ထဲကို လူတွေလက်ထဲက ပိုက်ဆံတွေ အလုံးအရင်း ၀င်သွားတယ်။ အလုပ်လုပ်နိုင်တဲ့စွမ်းအား ကျသွားတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးက ဆိုသည်။

နိုင်ငံတကာဈေးကွက်၌ ဒေါ်လာဈေး ကျနေသောကြောင့် ရွှေဈေးကွက်တွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြသော်လည်း မြန်မာ့ရွှေဈေးကွက်တွင် ရင်းနှီးမြုပ်နှံသူ မရှိသလောက် နည်းပါးသည်ဟု ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။

“ဒေါ်လာဈေးကျတော့ ရွှေဈေးလိုက်ကျတယ်။ အခေါက်ရွှေ တကျပ်သားကို ၆၆၀၀၀၀ ကျော်ဈေးကနေ အခု ၆၅၃၀၀၀ အထိဈေးကျတယ်။ ရွှေဝယ်မယ့်သူ တော်တော်ပါးတယ်” ဟု ရန်ကုန်ရွှေဆိုင်ပိုင်ရှင်တဦးက ဆိုသည်။

နောက်ဆုံးရ ဈေးနှုန်းများအရ FEC တဒေါ်လာလျှင် ၇၉၀ ကျပ်၊ ပို့ကုန်ရငွေ (Export Earning) မှာ ၉၁၀ ကျပ်သာ အသီးသီးပေါက်ဈေး ရှိကြောင်းလည်း သိရှိရသည်။

အစိုးရက သတ်မှတ်ထားသော တရားဝင်ငွေလဲနှုန်းမှာ အမေရိကန် တဒေါ်လာလျှင် ၆ ကျပ်ဖြစ်သည်။

ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် UNHCR ပြော

နယ်စပ် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည် ၁၆၆ ဦးကို ပြန်ပို့လိုက်ခြင်းနှင့် ပတ်သက်၍ အတင်းအကျပ် ပြန်မပို့ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ထိုင်းအာဏာပိုင်များကို တိုက်တွန်း ပြောကြားလိုက်သည်။

ယင်းစစ်ပြေး ဒုက္ခသည်များတွင် ကူးစက်ရောဂါပိုးများ ပါရှိနိုင်သည်ဟူသော ထိုင်းဒေသခံ ရွာသားများ၏ အကြောင်းပြချက်
ဖြင့် ထိုင်း အာဏာပိုင်များက မြန်မာဘက်သို့ ဒီဇင်ဘာလ ၂၅ ရက်နေ့က ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီး ၅၀ ကျော်နှင့် ကလေး ၇၀ ကျော် ပါဝင်နေသည့် အဆိုပါဒုက္ခသည်များမှာ စစ်ဖြစ်နေဆဲ ဝေါ်လေဒေသသို့ ပြန်ရန် အသင့်မဖြစ်သေးဟု သိရကြောင်း ယမန်နေ့က UNHCR ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်း ရှောင်လာသည့် ဒုက္ခသည်များကို ထိုင်းနိုင်ငံ အနေဖြင့် နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများ အရ အကာအကွယ်ပေးသင့်ကြောင်းလည်း UNHCRက ဆိုသည်။

ထိုင်း အာဏာပိုင်များက ဒုက္ခသည်များကို ပြန်ပို့သော်လည်း ဒုက္ခသည်အများစုက နီးစပ်ရာ အသိမိတ်ဆွေများထံသို့ တိမ်း ရှောင်နေကြရသည်။ သို့သော် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)နှင့် နအဖတပ်များ တိုက်ပွဲ များ ဆက်လက် ဖြစ်ပွားနေကြောင်း ဒုက္ခသည်များကို ကူညီဆောင်ရွက် နေသူများက ပြောသည်။

“ထိုင်းနိုင်ငံမှာ ခိုလုံခွင့်ဟာ လုံးဝ အတည်တကျ မရှိတော့ဘူး၊ တချိန်လုံးပဲ ဟိုရွှေ့ဒီရွှေ့လုပ်နေရတယ်၊ ရွာထဲမှာ တကယ် မပြန်ရဲဘူး၊ စစ်တပ်ကို ကြောက်တယ်၊ ပေါ်တာဆွဲမှာ ကြောက်တယ်၊ တိုက်ပွဲဖြစ်ရင် ပြေးလို့ မရဘူး အချောင်သေမယ်၊ အဲဒါ ရွာသားတွေက ပြောပြကြတယ်”ဟု ယမန်နေ့က ဒုက္ခသည်များကို တွေ့ဆုံစကားပြောခွင့်ရခဲ့သည့် ကရင် အမျိုးသမီး အစည်း အရုံး(KWO) ပြောရေး ဆိုခွင့်ရှိသူ နော်ဘလူးမင်း နိုက်ဇန်က ဧရာဝတီသို့ ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသော စစ်ပြေး ဒုက္ခသည်များထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၄ ဦးပါဝင်သည်ဟု ကြားသိရ
ကြောင်း ၎င်းက ဆိုသည်။

စစ်ပြေးဒုက္ခသည်များသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရှိ ဝေါ်လေဒေသ၌ DKBA နှင့် နအဖ တပ်များ အကြား နိုဝင် ဘာ လဆန်းပိုင်းမှ စတင်ဖြစ်ပွားနေသည့် ရက်ရှည် တိုက်ပွဲများ ကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။

ဒုက္ခသည်များကို မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း(MTC) အဖွဲ့၊ ကရင် လူ့အခွင့်အရေးလှုပ်ရှား နေသော အဖွဲ့များ အပါအ၀င် ထိုင်း – မြန်မာ နယ်စပ်တလျှောက် ကူညီစောင့် ရှောက်ရေး ညွန့်ပေါင်း အဖွဲ့(TBBC)တို့က ကူညီပေးထားသည်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့(HRW)ကလည်း ယင်း စစ်ပြေး ဒုက္ခသည်များသည် ထွက်ပြေး တိမ်းရှောင်လာ လိုက်၊ ပြန်လည် အပို့ခံရလိုက်နှင့် ပင်ပေါင် ဘောလုံးကဲ့သို့ ကြုံတွေ့နေကြရကြောင်း ဝေဖန်ပြောဆိုထားသည်။

ထို့အပြင် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးရောက်ရှိလာသော ဒုက္ခသည်များ ကို အချိန်မတန်သေးဘဲ ပြန်မပို့ရန်လည်း HRW က ထိုင်း အာဏာပိုင်များအား ဒီဇင်ဘာ ၄ ရက်နေ့က တောင်းဆိုထားသည်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့်ကြာအင်းဆိပ် ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

ဧရာဝတီသတင်းထောက် သန်းထိုက်ဦး ရေးသားသည်။