နအဖ တပ်သားတဦး ဒီကေဘီအေ ထံ ထပ်မံ လက်နက်ချ

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ဝေါ်လေဒေသတွင် ၀င်ရောက်လှုပ်ရှားသည့် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၉) လက်အောက်ခံ တပ် ရင်းမှ တပ်သားတဦးသည် ယနေ့မွန်းလွဲ ၂း၃၀နာရီအချိန်တွင် ဒီကေဘီအေ တပ်မဟာ(၅)ထံသို့ ထပ်မံ လာရောက်လက်နက် ချသည်ဟု ဒီကေဘီအေဘက်က ပြောသည်။

အဆိုပါ လာရောက်လက်နက်ချသည့် စကခ (၁၉)လက်အောက်ခံ ခမရ(၅၈၆) တပ်ခွဲ(၁)မှ တပ်သား ၀င်းရန်နိုင် ၂၀နှစ် ကိုယ် ပိုင်နံပါတ် တ/၄၃၂၄၇၀သည် ၎င်းတို့တပ်ရင်းလှုပ်ရှားရာ ဝေါ်လေဒေသ အူကလေ့ထာ့ကျေးရွာ မောတုတောင်ဘက်ခြမ်းရှိ ဗိုလ်ချစ်သဲ ဦးစီးသည့် ဒီကေဘီအေတပ်ဖွဲ့သို့ လက်နက်အပြည့်အစုံနှင့်အတူ လာရောက်လက်နက်ချခြင်းဖြစ်သည်ဟု ဒီကေ ဘီအေ တပ်မဟာ(၅)မှ ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။

၎င်းက“ ဒီနေ့ မွန်းလွဲ ၂း၃၀အချိန်မှာ ကျနော်တို့ ဒီကေဘီအေ တပ်မဟာ(၅)မှ ဗိုလ်ချစ်သဲဆီကို လာရောက်လက်နက်ချတယ်။ လက်နက်အပြည့်အစုံနဲ့ပဲ။ လောလောဆယ် ဗိုလ်ချစ်သဲဆီမှာပဲ ရှိသေးတယ်။ ကျနော်တို့ တပ်မဟာဌာနချုပ်ကို မရောက်သေး ဘူး။”ဟု ပြောသည်။

စစ်သက်တမ်း ၂နှစ်ရှိ ၎င်းတပ်သား ၀င်းရန်နိုင်သည် ၎င်းတို့တပ်ရင်း၌ ရိက္ခာပြတ်လပ်မှုနှင့် စစ်တိုက်လိုစိတ်မရှိသောကြောင့် MA-1 ၁လက်၊ ကျည် ၂၅၀တောင့်နှင့် မက္ကဇင်း ၆ချပ်နှင့်အတူ ယခုလို ဒီကေဘီအေထံသို့ လာရောက်လက်နက်ချခြင်းဖြစ်ပြီး ဒီကေဘီအေတပ်ဖွဲ့အနေဖြင့် ၎င်းဖြစ်ချင်သည့်ဆန္ဒအတိုင်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမည်ဟု ဗိုလ်မှူးစောဆန်း အောင်က ပြောသည်။

အလားတူ လွန်ခဲ့သည့် ၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင်လည်း ဝေါ်လေဒေသတွင် လှုပ်ရှားနေသည့် ခလရ(၂၉၉) တပ်ရင်းမှ တပ်သားတဦး ဒီကေဘီအေ တပ်မဟာ(၅)ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်လက်နက်ချခဲ့သည်။

ထောင်သားများ ပါဝင်သည့် စစ်ကား များ နယ်စပ်ဘက်ရောက်လာ

နန်းဖော့ဂေ (ကေအိုင်စီ)

ထောင်အကျဉ်းသားများနှင့် နအဖ စစ်သားများ အပြည့်တင်ဆောင်လာသည့် စစ်ကားများ မြ၀တီမြို့ကို ဖြတ်ဝင်လာပြီး ဝေါ်လေဒေသဘက်သို့ မောင်းနှင်ထွက်သွားနေသည်မှာ နှစ်ရက်ရှိပြီဖြစ်ကြောင်း မြို့ခံများက ပြောဆိုနေကြသည်။

မြို့ခံတစ်ဦးက “ဒီနေ့မွန်းလွဲ ၃နာရီကျော်လောက်မှာ စစ်သားနဲ့ ထောင်သားတွေပါတဲ့ စစ်ကား ၅စီး ဝေါ်လေဘက်ကို ထွက် သွားတာ တွေ့လိုက်ရတယ်။ ထောင်သားတွေကလည်း ထောင်ဝတ်စုံအပြာတွေ ၀တ်ထားတယ်လေ။ စစ်သားတွေကတော့ လက်နက်ကိုယ်စီနဲ့ပေါ့။”ဟု ကေအိုင်စီကို ပြောသည်။

အလားတူ ယမန်နေ့မွန်းလွဲပိုင်းကလည်း စစ်သားနှင့် အကျဉ်းထောင်သားများ တင်ဆောင်လာသည့် စစ်ကား ၃စီး မြ၀တီမြို့ တောင်ဘက်ခြမ်းရှိ ဝေါ်လေဂွင်ဘက်သို့ မောင်းနှင်သွားကြောင်း ကိုယ်တိုင်မြင်တွေ့သူများက ပြောသည်။

ယင်းသို့ တက်လာသည့် နအဖ တပ်များမှာ စစ်ကွပ်ကဲရေးဌာနချုပ်(၁၂) လက်အောက်ခံတပ်များဖြစ်ပြီး အင်အား ၅၀၀ခန့်ရှိ ကြောင်းနှင့် ထိုအထဲတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅၀ခန့် ပါဝင်ကြောင်းလည်း ဝေါ်လေဒေသတွင် လှုပ်ရှားနေသည့် ကေအဲန် ယူ တပ်ရင်း(၂၀၁) ဒုရင်းမှူး ဗိုလ်မှူးစောကြည်အောင်က ပြောသည်။

“အခုတက်လာတာက စကခ(၁၂) လက်အောက်ခံတပ်တွေပဲ။ အဲဒီအထဲမှာ BGF အင်အား ၅၀လောက်ပါတယ်လို့ ကြားတယ်။ ကြည့်ရတာ ဝေါ်လေကနေ ဝေါ်လေခီးအထိ တက်လာဖို့ရှိတယ်။ ဒါပေမဲ့ လမ်းမှာ ဗိုလ်ကျော်သက်တို့အဖွဲ့က ရှိနေတော့ ချက် ချင်းမရောက်လာနိုင်သေးဘူး။”ဟု ဗိုလ်မှူးစောကြည်အောင်က ခန့်မှန်းပြောဆိုသည်။

နအဖ စစ်တပ်နှင့်အတူ ပါလာသည့် အကျဉ်းသားများမှာ ဖားအံ(တောင်ကလေး)နှင့် မော်လမြိုင်ထောင်များမှ ရာဇ၀တ်သား များဖြစ်ပြီး ၎င်းတို့ကို တပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ရန်အပြင် လိုအပ်ပါက ရှေ့တန်းတွင် မိုင်းရှင်းကိရိယာအ ဖြစ် အသုံးချနိုင်ကြောင်း ဒီကေဘီအေဘက်မှ ပြောသည်။

ဒီကေဘီအေ တပ်မဟာ(၅)မှ ကလို့ထူးဘော အခြေစိုက် စစ်ဆင်ရေးမှူး G2 ဗိုလ်မှူးစောဆန်းအောင်က “ကျနော်တို့ သိသ လောက်က အကျဉ်းသားတွေဟာ ဖားအံ၊ မော်လမြိုင်ထောင်တွေက ရာဇ၀တ်သားတွေပဲ။ အကျဉ်းသားဦးရေက ၁၅၀-၂၀၀ လောက် ရှိနိုင်တယ်။ သူတို့ကို တပ်ရိက္ခာသယ်ဖို့၊ လက်နက်သယ်ဖို့နဲ့ လိုအပ်ရင် သေနတ်ကိုင်ခိုင်းပြီး မိုင်းရှင်းတဲ့သဘောနဲ့ စစ် တပ်အရှေ့က သွားခိုင်းနိုင်တယ်။”ဟု ဆိုသည်။

အကျဉ်းသားများ တင်ဆောင်လာသည့် နအဖ တပ်များမှာ စကခ(၁၂) ဗျူဟာနှစ်ခုဖြစ်ပြီး ဗျူဟာတစ်ခုတွင် တပ်ရင်း ၃ရင်း သတ်မှတ်ထားသော်လည်း ယခု တက်လာသည့် ဗျူဟာနှစ်ခုတွင် တပ်ရင်း ၅ရင်းသာ ပါကြောင်းနှင့် ဗျူဟာ(၂)မှူးမှာ ဗိုလ်မှူး ကြီးကြည်လင်ဖြစ်သည်ဟု ဒီကေဘီအေဘက်က ပြောသည်။

ဝေါ်လေဒေသ ကနဲလေးရှိ နယ်မြေခံ နအဖတပ်ဖွဲ့ဝင်များသည် ရိက္ခာပြတ်လပ်ကာ တပ်စခန်းအပြင် ထွက်မရဲသလို ပြန်လည် ဆုတ်ခွာရန်လည်း ခက်ခဲနေကြောင်း သိရသည်။

ထို့အပြင် နအဖ စကခ(၁၉) လက်အောက်ခံ တပ်ရင်းများသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချူကလီးဒေသဘက်သို့ နယ်မြေ ရှင်းလင်းရေးအတွက် သွားရောက်ရန် ပြင်ဆင်လျှက်ရှိကြောင်း နယ်မြေခံ ကေအဲန်ယူတပ်များက ပြောဆိုသည်။

မူစယ် ဈေးလယ်ခေါင်မှာ စည်ပင်အရာရှိကြီးက လက်အောက်ဝန်ထမ်းများကို ဆဲဆို ထိုးကြိတ်

မူစယ်မြို့နယ် စည်ပင်အရာရှိဖြစ်သူ ဗိုလ်ကြီးဋ္ဌေးဝင်းက ဈေးခေါင်းနှင့်စည်ပင်ဦးစီးအရာရှိ နှစ်ဦးအား ရိုင်းပြစွာဆဲဆို ကြိမ်း မောင်း၍ ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့သည့် ဖြစ်ရပ် ယခုလ ၂ ရက်နေ့ ညနေ ၃ နာရီခန့်က မူစယ်ဈေးအတွင်း ဖြစ်ပွားခဲ့သည်။

ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် မူစယ်မြို့၌ လာရောက်ဖြေဖျော်မည့် အဆိုတော်အာဇာနည်၏ စတိတ်ရှိုးဆိုင်းဘုတ်ကို ဈေး အတွင်းချိတ်သည့် ကိစ္စနှင့် ပတ်သက်၍ စည်ပင်အရာရှိက လက်အောက်ဝန်ထမ်းများဖြစ်သည့် ဈေးခေါင်းနှင့် ဦးစီးအရာရှိ ကို ဆဲဆိုထိုးကြိတ်ခဲ့ခြင်း ဖြစ်ကြောင်း စည်ပင်ဝန်ထမ်းအသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အဆိုတော် အာဇာနည် ၊ အေသင်ချိုရွေ စတဲ့အဆိုတော်တွေ စတိတ်ရှိုး ဆိုင်းဘုတ်ထောင်တဲ့ ကိစ္စဗျ ရုံးမှာ စာတင်ပြီးပါပြီ ဆိုင်ဘုတ်တတ်ဆင်ခွင့်ကျပြီးသားပါ အဲဒီဗိုလ်ကြီးရဲ့ မှတ်ချက်ကျပြီးသားပါ အဲဒီကိုသူအရက်မူးလာပြီး တော့ ဦးစီးအရာရှိနဲ့ ဈေးခေါင်းကို ခေါ်ပြီးထိုးကြိတ်တာပေါ့နော်” ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

အဆိုပါ စည်ပင်အရာရှိ၏ လုပ်ရပ်ကြောင့် တစ်ဈေးလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပြီး ဈေးပတ်ဝန်းကျင်မှ လူအများ လာရောက် ကြည့်ရှုကြသဖြင့် ယာဉ်ကြောပိတ်ဆို့သည် အထိ ဖြစ်ခဲ့ရကြောင်း ဈေးသည် တစ်ဦးကလည်း ပြောသည်။

“ညဈေးခင်းတဲ့အချိန် လူရှုပ်နေတဲ့အချိန်ဆိုတော့ လူတွေက တအားဝိုင်းကြည့်နေတာပေါ့ ဗိုလ်ကြီးကလည်း အသံက တော်တော်စွာတယ်ဗျ တအားအော်ဟစ် ဆဲဆိုနေတာဆိုတော့ မိုက်မိုက်ရိုင်းရိုင်း မကြားဝံ့မနာသာ ပေါ့နော် သူတို့ရုံးခန်းမှာ ဖြေရှင်းလို့ရတဲ့ဟာကို ဈေးလည်ခေါင်မှာဖြေရှင်းတော့ လူတွေကပိတ်ပြီး ယာဉ်ကြောတောင် ပိတ်သွားတယ်” ဟု ဈေး သည်က ဆိုသည်။

ဖြစ်ပွားပုံကို စောစောက စည်ပင်နှင့်နီးစပ်သူတစ်ဦးက ဆက်ပြောရာတွင် “ ဆိုင်းဘုတ်ကို ဈေးမှာ မချိတ်ရဘူးလို့ ဗိုလ်ကြီး က ပထမတစ်ခေါက်ပြောတော့ ဆိုင်းဘုတ်ကို ဈေးခေါင်းက ဖြုတ်ချလိုက်တယ် နောက်တစ်ရက်ကျတော့ ဦးစီးအရာရှိက သူဗိုလ်ကြီးကို ပြောပြီးပြီ ဆိုင်းဘုတ်ချိတ်လို့ရပြီ ဆိုတော့ ဈေးခေါင်းက ပြန်ချိတ်ပေးပါတယ် အဲဒါကို အရက်မူးလာတဲ့ အခါကျတော့ ဖြုတ်ချခိုင်းတာကို တတ်ရကောင်းလားဆိုပြီး ဦးစီးနဲ့ ဈေးခေါင်းကို ဆဲဆိုထိုးကြိတ်တာ ” ဟု ပြောသည်။

စစ်ဘက်အရာရှိများကို အရပ်ဘက်အုပ်ချုပ်ရေးဋ္ဌာနသို့ ပြောင်းရွေ့နေရာ ချထားမှုများ ပြုလုပ်လျှက်ရှိရာ အဆိုပါ စစ်ဘက်အရာရှိများသည် အရပ်ဘက်ဝန်ထမ်းများအပေါ် အနိုင်ကျင့်မှုများရှိနေကြောင်း သိရသည်။

တရုတ်ကိုအလည်သွားသည့် မူစယ်က အမျိုးသမီးနှစ်ဦး ယာဉ်တိုက်သေဆုံး

၂၀၁၁ နှစ်ဆန်း ၁ ရက်နေ့ ည ၁၀ နာရီခန့်က တရုတ်နိုင်ငံ ရွေလီမြို့၌ ဖြစ်ပွားသော ယာဉ်တိုက်မှု တစ်ခုတွင် မူစယ် မြို့ ဟိုမွန်ရပ်ကွက်မှ ကချင်အမျိုးသမီး နှစ်ဦး သေဆုံးသွားကြောင်းသိရသည်။

၎င်းအမျိုးသမီးနှစ်ဦးသည် အသက် ၂၁ နှစ်အရွယ်စီရှိသည့် နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသူများဖြစ်သည်။

ကမ္ဘာ့နှစ်သစ်ကူးနေ့က သေဆုံးသွားသူ ၂ ဦး အပါအ၀င် မူစယ်မြို့မှ အခြားအမျိုးသမီး ၁ ဦး ၊ တရုတ်နိုင်ငံသား အမျိုးသား ၃ ဦး ၊ ပေါင်း ၆ ဦးတို့က ကားတစ်စီးတည်းအတူ ရွေလီမြို့၌ လည်ပတ်ကြခြင်းဖြစ်သည်။

၎င်းတို့ ၆ ဦး စီးနှင်းလာသည့် ကားနှင့် အခြားကားတစ်စီး ရင်ဆိုင်တိုက်မိရာမှ ကားတစ်စီးထဲ လိုက်ပါလာသူ လူ ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ယင်းဖြစ်ရပ်တွင် အကူအညီပေးခဲ့သူတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ကားပေါ်မှာအားလုံး ၆ ယောက်ပါတယ် တရုတ်ပြည်က ကောင်လေးက ၃ ယောက် မူစယ်ဘက်က ကောင်မလေးက ၃ ယောက် နှစ်ဆန်းတစ်ရက်နေ့က လူငယ်သဘာဝလည်ပြီးတော့ ရွေလီကနေ မူစယ်ကို ပြန်လာကြတာ ”

“ရွေလီနဲ့ဂျယ်ဂေါင် ကြားမှာအ၀ိုင်းပတ်ကြီးရှိတယ် အ၀ိုင်းမှာ မပတ်ပဲနဲ့ ဒီဘက်လမ်းကြောက နေမောင်းလိုက်တဲ့ အခါကျ တော့ ဟိုဘက်က လာတဲ့ ကားနဲ့သူတို့ ကားမျက်နှာချင်းဆိုင်တိုက်ပြီးတော့မှ သူတို့ကားပေါ်ပါတဲ့ တရုတ်ပြည်က ၂ ယောက် ကချင်အမျိုးသမီးလေးက ၂ ယောက် ဆုံးသွားတယ် ” လို့ သူက ပြောသည်။

ည ၁၀ နာရီကျော်သဖြင့် ဂျယ်ဂေါင် – မူစယ် အ၀င်အထွက်ဂိတ်မှီစေရန် ကားအမြန်မောင်းသည်က တစ်ကြောင်း ယာဉ် ကြောမှားသည်က တစ်ကြောင်း ယာဉ်မောင်း အရက်မူးသဖြင့် သူငယ်ချင်းတစ်ယောက်ဝင်မောင်းသည့်ဖြစ်ရပ်များ ကြောင့် ယာဉ်တိုက်မှု ဖြစ်ရကြောင်း သူက ဆိုသည်။

“ဂျယ်ခေါင် မမှီမှာစိုးလို့ အမြန်မောင်းလာတာလည်းပါတယ် လမ်းကြောမှားမောင်းတာကြောင့် ပိုဆိုးသွားတယ် မျက်နှာ ချင်းဆိုင်လာတဲ့ ကားက ဘာမှမဖြစ်ပဲနဲ့ ပါဂျရိုပုံစံမျိုးဖြစ်နေတဲ့အတွက် သေတဲ့ဘက်က စလွန်းကားဆိုတော့ အဲဒီကား အောက်ကို ၀င်သွားတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့ ” လို့ ဆိုသည်။

မူစယ်ဂရုဏာလူမှုရေးအသင်းက အဆိုပါ သေဆုံးသွားသည့် ကချင်အမျိုးသမီး ၂ ဦးအား ယမန်နေ့က သဂြီင်္ုလ်ပေးခဲ့ ကြောင်း သိရသည်။

ဒဏ်ရာရရှိသူနှစ်ဦးအနက် မြန်မာဘက်မှ အမျိုးသမီးမှာ ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ရွေလီဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

နေပြည်တော် စားသောက်ဆိုင်များ ည ၉ နာရီပိတ်ရန်အမိန့်ထုတ်

နေပြည်တော်ခရိုင်ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အပါအ၀င် ဆိုင်များကို ည ၉ နာရီပိတ်ရန် အမိန့် ထုတ်ပြန်ထားကြောင်း ဒေသခံ အာဏာပိုင်များက ပြောသည်။

အဆိုပါ ဒေသန္တရ အမိန့်ကို နေပြည်တော်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထုန်ပြန်ခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁ ရက်နေ့မှ စတင်ကာ အကျိုးသက်ရောက်ခဲ့ကြောင်း သိရသည်။

“ဇန်န၀ါရီ ၁ ရက်နေ့ကစပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်ပါမကျန် ည ၉ နာရီ ပိတ်ရမယ်။ ဇန်န၀ါရီ ၄ ရက်နေ့ကတော့ ည ၆ နာရီပိတ်ရမယ်” ဟု သတင်းတပ်ဖွဲ့ (ပျဉ်းမနား) မှ အရာရှိ တဦးက ပြောသည်။

ထိုကဲ့သို့ သတ်မှတ်ချိန် ကျော်လွန်ရောင်းချသည့် ဆိုင်များကို လိုင်စင် ပိတ်သိမ်းသည်အထိ အရေး ယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုကဲ့သို့ ဆိုင်များကို အချိန် သတ်မှတ် ပိတ်ခိုင်းခြင်းကို ယမန်နှစ် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ အပြီးတွင်လည်း ထုတ်ပြန်ခဲ့သေးကြောင်း သိရသည်။

“ရွေးကောက်ပွဲတုန်းကတော့ လုံခြုံရေး အကြောင်းပြချက်ကြောင့်ပါ။ အခု ပိတ်ခိုင်းတာက ဘာကြောင့် ဆိုတာ မသိပါဘူး။လွတ်လပ်ရေးနေ့မှာတော့ ဒီလိုလုပ်ခဲပါတယ်” ဟု ယင်းက သတင်းတပ်ဖွဲ့ အရာရှိက ဆိုသည်။

ယမန်နှစ် နိုဝင်ဘာလက ယခုကဲ့သို့ ဆိုင်ခန်းများ ပိတ်ခိုင်းစဉ် သတ်မှတ်ချိန်အမီ မပိတ်သည့် လက်ဖက်ရည်ဆိုင် တဆိုင်အား အရေးယူခဲ့ကြောင်း ပျဉ်းမနား အခြေစိုက် ရယက တဦးက ပြောသည်။

“နိုဝင်ဘာ ၆ ရက်နေ့က ည ၆ နာရီ ပိတ်ခိုင်းတာကို နောက်ကျတဲ့ ပေါင်းလောင်း အားကစားရုံ ရှေ့က ရာစုသစ် လက်ဖက်ရည် ဆိုင်ကို ပိတ်သိမ်းတဲ့အထိ အရေးယူခဲ့ပါတယ်” ဟု သူက ဆိုသည်။

ယင်း ရာစုသစ် လက်ဖက်ရည်ဆိုင်သည် ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ပျဉ်းမနားလာစဉ်က မိန့်ခွန်း ပြောခဲ့သည့် ဆိုင်ဖြစ်သည့်အတွက် အာဏာပိုင်များက အငြိုးဖြင့် ပိတ်ခိုင်းခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောကြသည်။

ဧရာဝတီသတင်းထောက် စည်သူ ရေးသားသည်။

စစ်မှန်သောလွတ်လပ်ရေး ပေါ်ထွန်းရန် ကြိုးစားဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံတွင် စစ်မှန်သော လွတ်လပ်ရေး ပေါ်ထွန်းရန် တိုင်းရင်းသား ပြည်သူများ အားလုံး ညီညွတ်စွာဖြင့် ကြိုးစား ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ရန်ကုန် ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်မှန်သော လွတ်လပ်ရေးသည် စစ်မှန်သော လူ့အခွင့်အရေးအပေါ် အခြေခံ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ယနေ့ မြန်မာပြည်သူလူထုသည် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စိုးရိမ် ကြောင့်ကြမှုများ၊ မလုံခြုံမှုများကို ခံစားနေရပြီး ယုံကြည်ချက်အတွက် ထောင်သွင်း အကျဉ်းချထားခြင်း ခံရသော နိုင်ငံရေးအကျဉ်းသားများ ရှိနေကြောင်း၊ ယနေ့ လွတ်လပ်ရေး အချိန်အခါ သမယတွင် လွတ်လပ်ရေး ရယူပေးခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများကို သတိရရန် လိုအပ်သကဲ့သို့ ယခုလက်ရှိ မတရားဖမ်းဆီး ချုပ်နှောင်ခံနေရသော နိုင်ငံရေး အကျဉ်းသားများကိုလည်း မမေ့ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော လွတ်လပ်ရေးရရှိရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“လွတ်လပ်ချင်တယ်၊ တိုးတက်ချင်တယ် ဆိုရင် ကိုယ်ကနေ စပြီးတော့ ကြိုးစားရမယ်။ တခြားသူတွေ ဘာလုပ်နေလဲ ဆိုတာ မကြည့်ပါနဲ့။ ကိုယ်ဘာလုပ်နေလဲ ဆိုတာ ပြန်ပြီးတော့ဆင်ခြင်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် အထွေထွေအခက်အခဲများ ကြုံတွေ့နေရပြီး ပြည်သူ အများစုက နေ့စဉ်နှင့်အမျှ အထူး စိုးရိမ်ပူပန် ကြောင့်ကြနေရကာ အနာဂတ် မျှော်လင့်ချက် ပျောက်ကွယ် နေသကဲ့သို့ ခံစားနေရသည်ဟု ပြောသည်။

“နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့၊ တိုင်းပြည်မှာ အမှန်တကယ် ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ ပြေလည်ဖို့ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များပါဝင်တဲ့ တွေ့ဆုံဆွေး နွေးပဲဖြစ်ဖို့၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆောင်ရွက်ဖို့ နအဖ ကို တိုက်တွန်းချက်ပါတဲ့ NLD ကြေညာချက်ကိုလည်း ဒီနေ့ ထုတ်ပြန်ပါတယ်” ဟု NLD ဗဟို အလုပ်အမှုဆောင် တဦးက ဆိုသည်။

၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာ့စီးပွားရေး သုံးသပ်ချက် စာတမ်းကို ထုတ်ပြန်ခဲ့ပြီး မြန်မာ့စီးပွားရေး အကျပ်အတည်းမှ လွန်မြောက်နိုင်သော နည်းလမ်းများအနေဖြင့် လူမျိုးအားလုံး တန်းတူညီမျှ အလုပ်လုပ်နိုင်ရန် အခွင့်အလမ်း ရရှိစေရေး၊ ၀င်ငွေအဆင့် အတန်းမြင့်မားကာ ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေး၊ ဒေသ အလိုက်နှင့် လူမျိုးများအကြား တည်ရှိနေသည့် လူမှုရေး စီးပွားရေး မညီမျှမှုများ လျော့နည်းစေရေး ဆောင်ရွက်ရမည်ဟု သုံးသပ်ဖော်ပြထားသည်။

အဆိုပါစာတမ်း၌ မြန်မာနိုင်ငံတွင် ပြည်တွင်း လှည့်လည်သုံးစွဲငွေ အဖြစ် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလက ကျပ်ကုဋေပေါင်း ၁၈၀၀ ခန့်သာ ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ကျပ်ကုဋေ ၄ သိန်းကျော်အထိ များပြားလာခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားကြောင်း၊ လက်ရှိတွင် လွတ်လပ်သော စီးပွားရေးစနစ် ကျင့်သုံးသည်ဟု ဆိုသော်လည်း အခွင့်ထူးခံအသိုင်းအ၀န်းကို စီးပွားရေး အခွင့်အလမ်းများ ပေးအပ်သော ပုဂ္ဂလိက လက်ဝါးကြီးအုပ် စနစ်ကိုသာ အသုံးပြုနေကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးတွင် ကျခံ သုံးစွဲမှုမှာ လွန်စွာ နည်းပါးကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပြည်သူ့အရေးကို မစဉ်းစားဘဲ ဆည်မြောင်း၊ တာတမံ၊ မြစ်ကူးတံတားများ လွန်ကဲစွာ တည်ဆောက် သဖြင့် စိုက်ပျိုးမြေများ အကြီးအကျယ် ထိခိုက်နေကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး ယင်းစာတမ်းတွင်ပင် အစိုးရဘတ်ဂျက် လိုငွေပြမှုကို ထိန်းသိမ်းရန် ငွေစက္ကူသစ်များ ထပ်မံရိုက်နှိပ်ခြင်း မပြုဘဲ အစိုးရ ငွေချေးစာချုပ်များ ပိုမိုရောင်းချခြင်း၊ အခွန်ငွေကို အလေအလွင့်မရှိစေရန် ကောက်ခံခြင်းများ ပြုလုပ်၍ ထိရောက်စွာ သုံးစွဲသင့်ကြောင်း အကြံပြုထားသည်။

NLD အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ၏ အကျိုးဆက်အား သုံးသပ်ရန် လိုအပ်သည်ကို အသိအမှတ်ပြုကြောင်း၊ လူသား အရင်းအမြစ်နှင့် ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်တိုးမြှင့်ကာ တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်းမြင်သာသော၊ တာဝန်ခံသော၊ အကျင့်ပျက်လာဘ်စားမှု ကင်းသော၊ ထက်မြက်ထိရောက်သော မျှတပြီး တမျိုးသားလုံးပါဝင်နိုင်သော အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်ရန် လိုအပ်ကြောင်း ထိုစီးပွားရေးသုံးသပ်ချက် ကြေညာ စာတမ်းတွင် ဖော်ပြထားသည်။

ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ NLD အဖွဲ့ဝင်များ၊ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ ရန်ကုန် အခြေစိုက် နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ အပါအဝင် အင်အား အင်အားရာဂဏန်းချီ၍ တက်ရောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၆၃ နှစ်မြောက်လွတ်လပ်ရေးအခမ်းအနား တက်ရောက် လာသူများကို စစ်အစိုးရ ရဲများက ဓာတ်ပုံရိုက်ကူးခြင်း၊ မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သော်လည်း တစုံတရာ အနှောင့်အယှက် ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

အခမ်းအနားအပြီး နိုင်ငံရေးအကျဉ်းသားနှင့် မိသားစုဝင်များကို ကူညီစောင့်ရှောက်မှုပေး လိုသော စေတနာရှင်များအား နိုင်ငံရေးအကျဉ်းသား အမည်ပါသော မဲလိပ်များ နှိုက်ယူ မဲဖောက်ကာ တာဝန်ယူစေသည့် အစီအစဉ် ကျင်းပသည်။

ဒေါ်အောင်ဆန်းစုကြည်က လှိုင်သာယာမြို့နယ်မှ နိုင်ငံရေးအကျဉ်းသား တဦး၏ မိသားစုကို ကူညီရန် မဲပေါက်ခဲ့သည်။ အလားတူ ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို NLD ပါတီမှ ခွဲထွက်ထူထောင်ကာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီကလည်း ၎င်း ရုံးချုပ်တွင် ယနေ့ ကျင်းပခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်သွေးချွေးတို့ဖြင့် ရင်းနှီးရယူခဲ့သည့် ရလဒ်ဖြစ်သဖြင့် ဤအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း NDF ပါတီ တာဝန်ရှိသူများက ဆိုသည်။

လွတ်လပ်ရေးအား ပိုင်ဆိုင်ခြင်းနှင့်အတူ ထိမ်းသိမ်းဖို့ရန် တာဝန်လည်း မြန်မာပြည်သူများ ထံတွင်ရှိကြောင်း၊ လွတ်လပ်ရေးတွင် အခွင့်အရေးများ ရှိသကဲ့သို့ တာဝန်များလည်းရှိကြောင်း၊ NDF သည် ငြိမ်းချမ်းသောနည်း၊ စီးပွား ရေးဖွံ့ဖြိုး တိုးတက်သော လမ်းကြောင်းမှ အမျိုးသား ရင်ကြားစေ့ရေး ပန်းတိုင်သို့ အရောက်ချီတက်ပြီး ထိုမှ တဆင့် ဒီမိုကရေစီ လူ့ဘောင်သို့ ချီတက်ရန် မျှော်မှန်ကြောင်း အဆိုပါ အခမ်းအနားတွင် NDF ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေကပြောသည်။

လွတ်လပ်သော နိုင်ငံတခုရှိ ပြည်သူများတွင် ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ ဖြစ်မှု၊ ခိုကိုးရာမဲ့မှု၊ ပညာမတတ်မှု၊ ကျန်းမာရေး ချို့တဲ့မှု စသည့် လူမှုရေး နာကျင်မှုများ ရှိနေပါက အနှစ်သာရ ပြည့်ဝသည့် လွတ်လပ်မှု မဖြစ်နိုင်ဟု အမျိုးသား ဒီမိုကရေစီအင်အားစုက ခံယူထားကြောင်း NDF က ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ ထုတ်ပြန်သည်။

၎င်း အခမ်းအနားသို့ ရန်ကုန်တိုင်းအတွင်းရှိ NDF ပါတီဝင်များ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ကြပြီး သဘာပတိအဖြစ် နိုင်ငံရေးဦးဆောင်သူ ဦးခင်မောင်ဆွေမှ ဆောင်ရွက်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် NDF ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး အနိုင် ရရှိခဲ့သော်လည်း သဃန်းကျွန်းမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်အား ပါတီမှ ထုတ်ပယ်ထားသည့်အတွက် အနိုင်ရ ကိုယ်စားလှယ် ၁၅ ဦး ရှိသည့် ပါတီဖြစ်သည်။

ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေးပို့သည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာပါရှိပြီး ယင်းသဝဏ်လွှာ၌ စစ်အုပ်ချုပ်ရေး ယူထားသည့်ကာလအတွင်း တပ်မတော်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံကောင်းများကို ဘက်စုံ တည်ဆောက်ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ တည်ဆောက်ပေးနိုင်မှုများသည် သမိုင်း မှတ်တိုင်အဖြစ် ကျန်ရှိနေမည် ဖြစ်ကြောင်း၊ ပြည်သူများအပေါ်၌ စေတနာကြီးမားပြီး တာဝန်ကျေသည့် တပ်မတော် ဖြစ်ကြောင်း ပါရှိသည်။

“မြန်မာနိုင်ငံကို အင်အားချည့်နဲ့ သွားစေရန်အတွက် တခုတည်းသော နည်းလမ်းမှာ ပြည်ထောင်စုပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ယိုယွင်း ပျက်စီးရေးပင် ဖြစ်ပေသည်။ ထိုအချက်ကို ဖော်ဆောင်ရန်အတွက် နိုင်ငံရေး သစ္စာတရား နည်းပါး သူတို့ကို အသိမဲ့သော်လည်းကောင်း၊ သိပါလျက်သော်လည်းကောင်း စည်းရုံးသိမ်းသွင်း အသုံးချကာ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်းကို ဖျက်လိုဖျက်ဆီး ကြံစည်အားထုတ် လုပ်ဆောင်လာနိုင်ပေသည်” ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်း၏ သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားသည်။

ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် နိုင်ငံသူ နိုင်ငံသားများအတွက် ဂုဏ်ယူဖွယ်ရာ အစဉ်အလာကောင်း ဖြစ်သည် ဟူ၍လည်း ၎င်း သဝဏ်လွှာတွင် ပါရှိသည်။

ဧရာဝတီ သတင်းထောက် အောင်သက်ဝိုင်းနှင့် မြတ်ကျော့ ရေးသားသည်။

NLD ရန်ပုံငွေ ဈေးရောင်းပွဲ ကျပ်သိန်း ၂၀၀ ကျော်ဖိုးရောင်းရ

နိုင်ငံရေး အကျဉ်းသားများ ကူညီရေးနှင့် လူမှုအထောက် အကူပြုရေး ရန်ပုံငွေအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကျင်းပသည့် ဈေးရောင်းပွဲတော်သို့ လူပေါင်း ထောင်နှင့်ချီ၍ လာရောက်ခဲ့ပြီး ကျပ်သိန်း ၂၀၀ ကျော်ဖိုး ရောင်းချခဲ့ရကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ကျင်းပခဲ့သည့် ဈေးရောင်း ပွဲတော်သည် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပထမဆုံး ပြန်လည် ပြုလုပ်သည့်ပွဲ ဖြစ်ကြောင်း၊ ယခု ပွဲသည် ဈေးရောင်းသည်နှင့် မတူဘဲ အလှူအတန်းတခု ကျင်းပသည့် ပုံစံမျိုးနှင့် ပိုတူကြောင်း NLD လူငယ်အဖွဲ့ဝင် တဦးဖြစ်သူ ကိုရာဇာက ပြောသည်။

“ပြီးခဲ့တဲ့ နှစ်ရက်မှာ ရောင်းရတာကတော့ သိန်း ၁၀၀ ကျော်မယ်။ ဒီနေ့နဲ့ဆိုရင် သိန်း ၂၀၀ ဖိုးလောက် ရောင်းရတယ်။ ဒီကနေ ရတဲ့အကျိုး အမြတ်တွေကို လူကြီးတွေက အချိုးကျ ပြန်ခွဲပြီး လူမှုရေး လုပ်ငန်းတွေမှာ အသုံးပြုသွားဖို့ ရှိတယ်” ဟု ကိုရာဇာက ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီကာလများတွင် NLD သည် လူမှုအခြေပြု လုပ်ငန်းများ အတွက် ပင်နီတိုက်ပုံများ၊ NLD အမှတ်တရ ရင်ထိုးတံဆိပ်များကို ရောင်းချ၍ လူမှုရေး လုပ်ငန်းများ အတွက် အသုံးပြုခဲ့သည်ဟု ပြောပြသည်။

ဦးအေးသာအောင်က ဆက်လက်၍ “ဒီနှစ်အတွက် ထူးခြားတာကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းတင်တို့က သူတို့ရထားတဲ့ လက်ဆောင်ပစ္စည်းတွေကို လူမှုရေးလုပ်ငန်း ရန်ပုံငွေအတွက် ဈေးပွဲတော်မှာ ပြန်ရောင်းတယ်ဆိုတဲ့ ကိစ္စပါပဲ။ အရင်နှစ်တွေတုန်းကတော့ ဒါမျိုး မရှိခဲ့ဘူးလေ” ဟု ဆိုသည်။

ဈေးရောင်းပွဲတော်တွင် NLD ပါတီတွင်းမှ ဌာနအလိုက် ရောင်းချခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်း ၂၀ ခန့် ပါဝင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးဆွဲထားသည့် ပို့စ်ကတ်များ အပါအဝင် ဓာတ်ပုံ၊ သော့ချိတ်၊ စာအုပ်စာတမ်းများနှင့် တိုင်းရင်းသား ဝတ်စုံများကို ရောင်းချခဲ့ကြောင်းလည်း သိရှိရသည်။

ကိုရာဇာက “လာရောင်းကြတာကတော့ မြို့နယ်၊ ပြည်နယ်အလိုက်က NLD အဖွဲ့ဝင်တွေ၊ ကျနော်တို့ လူငယ်အဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ ခြံအမှတ် ၅၄ လို့ နာမည်ပေးထားတဲ့ အန်တီစု ပါဝင်တဲ့ အရောင်းဌာနတွေကနေ ရောင်းချကြတယ်။ ခြံအမှတ် ၅၄ အဖွဲ့ကတော့ အန်တီစုနဲ့ သက်ဆိုင်တဲ့ ပို့စ်ကတ်၊ ပြက္ခဒိန်၊ သော့ချိတ်တွေ ရောင်းချတယ်။ သူတို့ကတော့ ရောင်းအကောင်းဆုံးပဲ” ဟု ပြောသည်။

ဈေးရောင်းပွဲတော်သို့ သွားရောက်ခဲ့သူ ရန်ကုန်မြို့ခံတဦးက “လူတွေ တော်တော်သွားကြတယ်။ အားပေးတဲ့ သူတွေလည်း များတယ်။ အန်တီစုနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အများကြီး ရောင်းရတယ်။ တခြားပစ္စည်းတွေ ဥပမာ တိုင်းရင်းသား အဝတ်အထည်တို့ စာအုပ်တွေ ဘာတွေကိုလည်း ဈေးပွဲတော်မှာ ရောင်းကြတယ်။ ဒါပေမယ့် အန်တီစုပုံပါတဲ့ ပြက္ခဒိန်တို့၊ သူဆွဲထားတဲ့ ပန်းချီပို့စ်ကတ်တွေ၊ သော့ချိတ်လေးတွေကို အများဆုံး ဝယ်ကြတယ်။ တချို့တွေဆိုရင် သော့ချိတ်တွေဝယ်ပြီး ဖုန်းမှာ ချက်ခြင်း တပ်လိုက်ကြတာမျိုးလည်း ရှိတယ်” ဟု ဆိုသည်။

ရန်ကုန် အခြေစိုက် သတင်းထောက်တဦးကလည်း “သူတို့ရောင်းတဲ့ ဈေးနှုန်းတွေက တအားကြီး ဈေးကြီးတာမျိုး မဟုတ်တော့ ဈေးရောင်းပွဲ သွားကြတဲ့သူတိုင်းနီးပါး ဝယ်ကြတယ်။ ပြီးတော့ ခုကာလကလည်း ဒေါ်စုပုံနဲ့ ဗိုလ်ချုပ်ပုံတွေကို လွတ်လွတ်လပ်လပ် သဘောမျိုး ဝယ်ခွင့်ရနေတဲ့ အခါကျတော့ လူတွေ တော်တော်ဝယ်ကြပါတယ်။ တခြားနေရာတွေမှာ ရောင်းလို့မရတော့ ဝယ်နိုင်ကြတာပေါ့”ဟု ပြောသည်။

ယခု ဈေးရောင်းပွဲတော်၏ အကျိုးအမြတ်များကို နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ရေး၊ HIV/AIDS ဝေဒနာရှင်များ ပြုစုရေး၊ သဘာဝ ဘေးဒဏ်ခံရသော ဒေသများအတွက် ကူညီရေးတို့၌ ပြန်လည် အသုံးပြုသွားမည်ဟုလည်း သိရှိရသည်။

NLD သည် လူမှုအခြေပြု လုပ်ငန်းများအဖြစ် HIV/AIDS ဝေဒနာရှင်များကို ဂေဟာ သုံးခုဖွင့်လှစ်၍ စောင့်ရှောက်ခြင်း၊ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကဲ့သို့သော သဘာဝဘေးဒဏ်ခံ ဒေသများကို ထောက်ပံ့ကူညီခြင်း၊ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

လက်ရှိ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၀ ကျော်တို့ကို အမြန်ဆုံးလွှတ်ပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အပါအဝင် အခြားသော အဖွဲ့အစည်းများက ယမန်နေ့က တောင်းဆိုခဲ့ကြသည်။

ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။

ဖုန်းများကို ကြားဖြတ်ခိုးယူနားထောင်ရန် စီစဉ်နေ

စစ်အစိုးရက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ နယ်ပယ်နှင့် မီဒီယာ လုပ်ငန်းတို့မှ လူပေါင်း ၃၀၀၀ ကျော်တို့၏ တယ်လီဖုန်းများကို ကြားဖြတ် နားထောင်ရန် စီစဉ်လျက်ရှိသည်ဟု ယင်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ယင်းကဲ့သို့ တယ်လီဖုန်းများကို ကြားဖြတ်ခိုးယူ နားထောင်ရန် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) က စီစဉ်ခြင်းဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာဌာနက နည်းပညာပိုင်း အကောင် အထည်ဖော် ပေးရကြောင်း သိရသည်။

ဖုန်းများ ခိုးယူနားထောင်သည့် လုပ်ငန်းကို စရဖ အဖွဲ့ဝင် ၂၀ ကျော်နှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ၁ ဦးတို့က အလှည့်ကျနှုန်း ၂၄ နာရီ တာဝန် ယူသွားရမည် ဖြစ်ကြောင်း၊ သို့ရာတွင် မည်သည့်နေရာတွင် အခြေစိုက်စခန်း ထားရှိမည်ကို ရွေးချယ်နေဆဲ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။

ဖုန်းများကို ခိုးယူနားထောင်ရာတွင် GSM နှင့် CDMA စသည့် မိုဘိုင်း ဖုန်းများသာပါဝင်ပြီး ကြိုးဖုန်းများ မပါဝင်ဟု သိရသည်။

ဖုန်း ခိုးယူနားထောင်ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ စရဖ က စာရင်းပေးထား သူများထဲတွင် နိုင်ငံရေးနယ်ပယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမှုဆောင် လူကြီးများအပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်တချို့နှင့် တသီးပုဂ္ဂလ လွှတ်တော်အမတ် တချို့တို့၏ ဖုန်းများလည်း ပါဝင်သည်ဟု သူက ဆက်ပြောသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးထွန်းမြင့်နိုင်၊ ဦးချစ်ခိုင် နှင့် ဦးနေအောင်တို့အပြင် တခြားစီးပွားရေးလုပ်ငန်းရှင်ပေါင်း ၆၀ ကျော်တို့၏ ဖုန်းနံပါတ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အနိုင်ရ လွှတ်တော်အမတ်များ ဖြစ်သည့် ဦးခင်ရွှေ၊ ဦးဌေးမြင့်၊ ဦးဝင်းမြင့်၊ ဦးကိုကိုကြီးတို့၏ ဖုန်းနံပါတ်များလည်း ပါဝင်နေကြောင်း သိရသည်။

လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်သည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ မဖြူဖြူသင်း၊ ဒေါ်ရွှေဇီးကွက်နှင့် အနုပညာနယ်ပယ်မှ ဒါရိုက်တာ မောင်မျိုးမင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ ချိုတူးဇော်၊ အဆိုတော် အနဂ္ဂ၊ ရန်ရန်ချန်း၊ ကျားပေါက်နှင့် တခြားဟစ်ပ်ဟော့ပ်အဆိုတော်အချို့တို့ ပါဝင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောပြသည်။

၎င်းပြင် Eleven Media Group မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသန်းထွဋ်အောင်၊ The Voice ဂျာနယ်မှ ဒေါက်တာ နေ၀င်းမောင်၊ 7Days သတင်း ဂျာနယ် အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်း၊ Yangon Media Group မှ အယ်ဒီတာချုပ် ကိုကို (စက်မှုတက္ကသိုလ်) နှင့် နိုင်ငံခြား သတင်းထောက်များ ဖြစ်သော ဒေါ်အေးအေးဝင်း၊ ဦးအောင်လှထွန်းတို့၏ ဖုန်းများသည် လည်း ကြားဖြတ်နားထောင်မည့် စာရင်းတွင် ပါဝင်ကြောင်း တွေ့ရသည်။

တယ်လီဖုန်း ကြားဖြတ်နားထောင်မည့်သူများ စာရင်းတွင် ကြံ့ဖွံ့ပါတီအနိုင်ရ အမတ်များ၊ စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်နေသဖြင့် ယခုအစီအစဉ်နှင့် ပတ်သက်၍ စရဖ အဖွဲ့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် တိုက်ရိုက် ညွှန်ကြားခြင်း ဖြစ်နိုင်ကြောင်း ဆက်သွယ်ရေးမှ တာဝန်ရှိသူက ခန့်မှန်းပြောဆိုသည်။

ယခင် ထောက်လှမ်းရေးခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်အာဏာရှိစဉ် စစ်ထောက်လှမ်းရေး ခေတ်က ယင်းကဲ့သို့ တယ်လီဖုန်းများ ကြားဖြတ်ခိုးယူ နားထောင်သည့် အစီအစဉ် ရှိခဲ့သော်လည်း စစ်ထောက်လှမ်းရေး အဖွဲ့ဖျက်သိမ်းခဲ့သည့် ၂၀၀၄ ခုနှစ် နောက်ပိုင်းတွင် ယင်းအစီအစဉ် ပျက်ပြယ်သွားခဲ့သည်။

“အရင် စစ်ထောက်လှမ်းရေး ခေတ်တုန်းကတော့ တယ်လီဖုန်းက ရှားတယ်။ သူတို့ခိုးနားထောင်တာက အလုပ်ဖြစ်တယ်။ အခုနောက်ပိုင်းက ဖုန်းတွေက ပေါလာတော့ တော်တော်များများလည်း ဖုန်းတွေ ပြောင်းကိုင်လာတော့ သူတို့အစီအစဉ်က အောင်မြင်မယ် မထင်ဘူး” ဟု ဆက်သွယ်ရေး အရာရှိ တဦးက ပြောသည်။

မြန်မာ စစ်အစိုးရသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အတိုက်အခံ နိုင်ငံရေးသမားများနှင့် တက်ကြွ လှုပ်ရှားသူများကို အမြဲတစေ စောင့်ကြည့်နေလေ့ရှိပြီး တယ်လီဖုန်း မှတ်တမ်းများကို သက်သေခံချက်များပြုလုပ်ကာ တရားစွဲဆို၍ ထောင်ဒဏ် အပြစ်ပေးမှုများ ပြုလုပ်လေ့ရှိသည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအပြီး ကာလတွင်လည်း မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားများ၊ သတင်းစာ ဆရာများနှင့် ကျောင်းသားလူငယ်တို့၏ တယ်လီဖုန်း အလုံး ၂၀၀ ခန့်ကို အကြောင်းပြချက်မရှိဘဲ ပိတ်ပင်ခဲ့သည်။

ဧရာဝတီသတင်းထောက် ဆက်လင်း ရေးသားသည်။

၀၄.၀၁.၂၀၁၁ အတွက် ဧရာဝတီသတင်းတိုများ

သတင်းတိုများ

မဲဆောက် UN ရုံးရှေ့တွင် လက်ပစ်ဗုံး ၂ လုံးဖြင့် ဆန္ဒပြနေသူ လက်နက်ချ အဖမ်းခံ

ယနေ့နံနက် ၈ နာရီခန့်က မဲဆောက် UN ရုံးရှေ့တွင် DKBA အဖွဲ့မှ စောသံမဏိသည် လက်ပစ်ဗုံး ၂ လုံးကို စနက်တံ ဖြုတ်ကိုင်၍ မြန်မာပြည်ကို ဒီမိုကရေစီ နိုင်ငံအဖြစ် ပြောင်းလဲပေးရေး အပါအဝင် အချက် ၄ ချက်ဖြင့် ဆန္ဒပြခဲ့ကြောင်း၊ ထိုင်းအာဏာပိုင်များက ၁ နာရီခန့် လာရောက်ညှိနှိုင်းရာ တရားမဝင် လက်နက်ကိုင်ဆောင်မှုမှအပမည်သို့မှ အရေးမယူ ဟူသော သဘောတူညီချက် ရရှိခဲ့သဖြင့် ၉ နာရီခန့်တွင် လက်နက်ချ အဖမ်းခံခဲ့ကြောင်း သိရသည်။ Read more Add comment (0) Hits: 1193
သတင်းတိုများ

ရခိုင်ပြည်နယ်တွင် ကြံ့ဖွံ့က အနိုင်ရ RNDP ပါတီကိုတရားစွဲ

ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်၏ ကော်မရှင်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ အနိုင်ရ ကိုယ်စားလှယ် ဦးလှမောင်သိန်းတို့အား ကြံ့ဖွံ့ပါတီမှ ရှုံးနိမ့်ခဲ့သည့် ကိုယ်စားလှယ် ဦးသိန်းမောင်က တရားစွဲဆိုထားကြောင်း RNDP ၏ တာဝန်ရှိသူက ပြောသည်။ တရားစွဲဆိုရာတွင် RNDP ကိုယ်စားလှယ်သည် မဲမသမာမှု ပြုလုပ်ခဲ့ကြောင်း၊ ကော်မရှင် သည်လည်း တရားမမျှတကြောင်း စသည့် အချက် ၁၅ ချက်ဖြင့် တိုင်ကြားထားကြောင်း ၎င်းက ဆက်ပြောသည်။ Read more Add comment (0) Hits: 223
သတင်းတိုများ

NLD ဈေးရောင်းပွဲတွင် တရက် ကျပ် သိန်း ၅၀ ကျော် ရောင်းရ

ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်ကျင်းပသည့် NLD ဈေးရောင်းပွဲတော်တွင် တရက်လျှင် ကျပ်သိန်း ၅၀ ဖိုးခန့် ရောင်းချ ခဲ့ရကြောင်း သိရှိရသည်။ ၎င်းဈေးရောင်းပွဲမှ ရရှိသည့် အမြတ်အစွန်းကို NLD လူမှုအထောက်အကူပြုအဖွဲ့မှ စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင်များနှင့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့မည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဈေးဝင်ရောင်းပေးခဲ့သည့် အဆိုပါပွဲမှာ ယနေ့ နောက်ဆုံးဖြစ်သည်။ Read more Add comment (0) Hits: 314
သတင်းတိုများ

ဒီမိုကရေစီအရေး လှုပ်ရှားသူများက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆို

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အပါအဝင် ပြည်တွင်းအခြေစိုက် သံဃာတော်များ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများ စုစုပေါင်း အဖွဲ့ ၁၁ ဖွဲ့တို့က နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၀ ကျော်ကို ချက်ခြင်း လွှတ်ပေးရန် ယမန်နေ့က တောင်းဆိုလိုက်ကြောင်း သိရသည်။ ရွေးကောက်ပွဲအပြီး အစိုးရသစ် မပေါ်ပေါက်မီကာလတွင် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရန်လိုအပ်သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂက ပြောဆိုသည်။ Read more Add comment (0) Hits: 103
သတင်းတိုများ

ဒေါ်လာဈေးကျ၊ ပြည်ပပို့ကုန်လုပ်ငန်းများ အရှုံးပေါ်ရပ်ဆိုင်း

အမေရိကန် တဒေါ်လာလျှင် ဒီဇင်ဘာ လကုန်ပိုင်းက ၈၅၀ ကျပ်ရှိရာမှ ယခု ၈၂၇ ကျပ်အထိ ကျဆင်းသွားပြီး ဆန်၊ ပဲမျိုးစုံ၊ ငါးပုဇွန်နှင့် ရေထွက်ပစ္စည်း တင်ပို့သည့် လုပ်ငန်းများ အပါအ၀င် ပြည်ပပို့ကုန် လုပ်ငန်းများအားလုံးနီးပါး အရှုံးပေါ် ရပ်ဆိုင်းထားရကြောင်း သိရသည်။ FEC ၁ ယူနစ် လျှင် ၇၉၀ ကျပ်သာ ရှိပြီး အရောင်းအ၀ယ် အလွန်ပါးသည်။ ရွှေဈေးမှာမှာလည်း ကျဆင်းနေပြီး အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ဒီဇင်ဘာလကုန်ပိုင်း၌ ၆၅၀၀၀၀ ကျပ်ကျော် ရှိရာမှ ယခု ၆၄၀၀၀၀ ကျပ် အထိ ဈေးကျဆင်းသွားသည်။ Read more Add comment (0) Hits: 1019
သတင်းတိုများ

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦး နိုင်ငံရေးသင်တန်း တက်ရမည်

ပြည်သူ့လွှတ်တော်အတွက် တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦးနှင့် အမျိုးသားလွှတ်တော်အတွက် ၅၆ ဦး စုစုပေါင်း တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အပြီးသတ်ရွေးချယ်လိုက်ပြီး ဖြစ်သောကြောင့် ၎င်းတို့သည် နေပြည်တော်တွင် ဇန်န၀ါရီလ ၆ ရက်နေ့မှ စတင်၍ တပတ်ကြာ ဥပဒေရေးရာနှင့် နိုင်ငံရေး သင်တန်း တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။ Read more Add comment (0) Hits: 818

၀၄.၀၁.၂၀၁၁ အတွက် VOA Burmese မှသတင်းများ

ဓာတ်ပုံ AP

စစ်မှန်တဲ့ လွတ်လပ်ရေးအတွက် ညီညွတ်ကြဖို့ ဒေါ်စု တိုက်တွန်း

တိုင်းပြည်နဲ့လူမျိုး လွတ်လပ်ဖို့အတွက် အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သတင်းအပြည့်အစုံ | နားဆင်ရန်

မြန်မာနိုင်ငံသားတွေ လွတ်လပ်ရေး အနှစ်သာရ အပြည့်အ၀ မခံစားနိုင်ကြသေး

မြန်မာနိုင်ငံသားတွေ လွတ်လပ်ရေး အနှစ်သာရကို အပြည့်အ၀ မခံစားနိုင်ကြသေးဘူးလို့ ၀ါရင့် နိုင်ငံရေးသမားကြီးတွေက ပြောလိုက်ပါတယ်။

နယ်ခြားစောင့်တပ်သား လက်ပစ်ဗုံးနဲ့ မဲဆောက် UNHCR ရုံးရှေ့ ဆန္ဒပြ

DKBA နယ်ခြားစောင့်တပ်သား စောသံမဏိဟာ မဲဆောက် UNHCR ရုံးရှေ့မှာ လက်ပစ်ဗုံးတွေကို စနက်တံဖြုတ် ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။

နိုင်ငံတော်အလံသစ် မ၀ယ်မနေရ

မြို့ထဲက မြေညီထပ် အိမ်ခန်းတွေ၊ ဈေးဆိုင်ခန်းတွေကို လွတ်လပ်ရေးနေ့မှာ အလံသစ် လွှင့်ထူရမယ်ဆိုပြီး မ၀ယ်မနေရ သက်ဆိုင်ရာက လိုက်ရောင်းနေပါတယ်။