လူသတ်မှု ကျူးလွန်ပြီး တိမ်းရှောင် နေသည့် မြန်မာ အိမ်ဖေါ် အလုပ်သမ အား ဖမ်းမိ

အသက် ၇၀ ကျော် အရွယ် ထိုင်း အိမ်ရှင် အဖွားအိုအား သတ်ဖြတ်ပြီး ထွက်ပြေး တိမ်းရှောင် နေသော မြန်မာ အိမ်ဖေါ် အလုပ်သမ မရီအား၊ ထိုင်း မြန်မာ နယ်စပ် ကန်ချနဘူရလီ ခရိုင်တွင် သက်သေခံ ပစ္စည်း များနှင့် အတူ ဖမ်းဆီး မိပြီ ဖြစ်ကြောင်း ထိုင်းသတင်း စာများတွင် ရေးသား ဖေါ်ပြ ထားသည်။ ဘန်ကောက်မြို့ ဖနခေါ နယ်မြေ၊ ဘူဖာအဖိလုမ်း ရပ်ကွက် ၊ ကျလွန် ကုန်လမ်း ၊ ၃ထပ်၊ အိမ် အမှတ် ၂၁ /၄ တွင် နေထိုင်သည့် အသက် ၇၂ နှစ် အရွယ် မာလီ ဆိုသည့် ထိုင်း အဖွားကြီးအား ခြေလက်တို့ကို ကြိုးတုတ်ပြီး အသက်ရှု မွန်းကြပ် မှုဖြင့် သေဆုံး ခဲ့သည်။ ထိုသေဆုံး မှုသည် မြန်မာ အိမ်ဖေါ် အလုပ်သမ မရီ၏ လက်ချက်ကြောင့် ဖြစ်နိုင်ကြောင်း သြဂုတ်လ ၂၂ ရက်နေ့ ထုတ် ထိုင်း သတင်းစာများက ရေးသားထား ခဲ့သည်။

အသက် ၂၃နှစ် အရွယ်ရှိ မရီသည် ထိုင်းမြန်မာနယ်စပ် ၊ ကန်ချနဘူခရိုင် ၊ ဆိုင်ယိုမြို့ ၊ ထာ့စောင် ကျေးရွာ ၊ ချောင့်ခဲ့ ရပ်ကွက် ၊ အိမ် အမှတ် ၁၂၂ ၊ မူ ၁ တွင် ပုန်းအောင်း နေထိုင်စဉ် ထိုင်းရဲနှင့် လူဝင်မှုကြီးကြပ်ရေး ဌာနတို့ က ဖမ်းဆီးမိ ခဲ့ခြင်း ဖြစ်သည်။

မရီသည် သေဆုံး သွားသော ထိုင်း အမျိုးသမီးကြီး အိမ်တွင် ၁၁ လကြာ လုပ်ကိုင် ခဲပြီး ခင်ပွန်း ဖြစ်သူ အသက် ၂၈ နှစ် အရွယ် မောင်သောင်း နှင့် အတူ ဘန်ကောက်မြို့ပြင်ဖက် ကီလိုမီတာ ၁၀၀ခန့်  အကွာရှိ လရှ်ဘူလီမြို့ ၊ အသားလုံး စက်ရုံတွင် လုပ်ကိုင် နေခဲ့သည်။

လင်မယား ၂ ဦး အလုပ် အတူတူ လုပ်ကိုင်၍ အဆင်မပြေခဲ့ သဖြင့် ခင်ပွန်း ဖြစ်သူ မောင်သောင်း မြန်မာပြည် နေရပ် ရင်းသို့ ပြန်သွား ခဲ့ကြောင်း ၊ မရီ လုပ်ဖူးသော အိမ်တွင် တလလျင် လုပ်အားခငွေ (၄၅၀၀) ရာဖြင့် ပြန်လုပ်ခဲ့ရာ ၄ ရက်မျှသာ လုပ်ပြီးနောက် လူသတ်မှု ဖြစ်ခဲ့ကြောင်း ထွက်ဆို ခဲ့သည်။

သေဆုံးသူ ထိုင်း အမျိုးသမီးကြီးမှာ နေ့စဉ် အိပ်ဆေး ၂ လုံး အမြဲ စားရကြောင်း ၄င်းနောက် မရီဟာ အိပ်မော ကျနေစဉ် ခြေလက်များ ကြိုးနှင့် တုပ်၍ ရွေဆွဲကြိုး ၁ ကျပ်သား ရွှေဘုရားရုပ် အသေးစား တစ်ဆူ ကျောက် လက်စွပ် ၂ ကွင်း ၊ ကျောက် နားကပ် ၁ စုံ ရွေလက်ကောက် တစ်ကွင်းနှင့် ဘတ်ငွေ ၁၀၄၅၀ ပစ္စည်း အားလုံး ကာလ တန်ဘိုးမှာ တစ်သိန်းခန့် ရှိကြောင်း ကြီးကြပ်ရေး ရဲဌာနချုပ်မှ ရဲဗိုလ်ချုပ် စထန်ချိုင်ယားနွန်းက ပြောသည်။

ယ္ခုလူသတ်မှုမှာ ရွေပြောင်း အလုပ်သမားရဲ့ ပထမဆုံး အကြိမ် မဟုတ်ကြောင်း ခဏ ခဏ ကြုံတွေ့ ရကြောင်း ယ္ခု လူသတ်မှုမှာ မိန်းခလေး တစ်ယောက်ထဲ မဖြစ်နိုင်ကြောင်း ယောင်္ကျား ဖြစ်သူကို မင်္သကာ၍ (လဝက)မှ စုံစမ်းရာ မြန်မာပြည် ထဲသို့ ရောက်သွားပြီ ဖြစ်ကြောင်း ယမန်နေ့ထုတ် ဒေလီ နယူးနှင့် ခေါင်စွတ် သတင်းစာတွင် ဖေါ်ပြ သွားသည်။

ထိုင်း နိုင်ငံ အတွင်း မြန်မာ အလုပ်သမများ အိမ်ဖေါ် လုပ်ငန်း အတွင်း သိန်းချီ လုပ်ကိုင်လျှက်ရှိ ကြသည်။ ထိုင်း အိမ်ရှင် အချို့က အိမ်ဖေါ် အလုပ်သမငယ် များအား သေနတ်ဖြင့် ပစ်သတ်ခြင်း၊ လည်ပင်း ညှစ်သတ်ခြင်း၊ အဆိပ်ခပ် သတ်ခြင်း၊ မီးရှို့ သတ်ဖြတ်ခြင်း၊ လုပ်အားခ မပေးပဲ ထားခြင်း နှင့် အဓ္ဓမ ပြုကျင့်ခြင်းများ ရှိကြသည်။ အလားတူ၊ အချို့ အိမ်ဖေါ် အလုပ်သမ များလည်း၊ အိမ်ရှင်၏ ပစ္စည်းများကို လုယက် ခိုးယူ ထွက်ပြေးခြင်း၊ သတ်ဖြတ်ပြီး ထွက်ပြေးခြင်း မျိုးလည်း ရှိတတ်သည်။

သင်္ဘောပျက်ကြီး နှင့် မြန်မာပြည် ရောက်နေသော ဖိလစ်ပိုင် သင်္ဘောသား နှစ်ဦး

ရန်ကုန် ဆိပ်ကမ်း၊ ဆူးလေ ဆိပ်ခံ တံတားတွင် (၂ဝ၁ဝ) ခုနှစ် ဇူလိုင် (၁၆) ရက်က ဆိုက်ကပ် ထားသော MV-CABOT-ORIENT သင်္ဘော မှ အင်ဂျင်နီယာမှူးကြီး ဖြစ်သော MR.REYNALDA LOVERES နှင့် ဒုတိယ အင်ဂျင်နီယာ ဖြစ်သော MR. NICANDRO GOTARDO တို့သည် ၄င်းတို့ လိုက်ပါ တာဝန် ထမ်းဆောင် ခဲ့သည့် MV-CABOT-ORIENT ပေါ်တွင် ဆက်လက်၍ တာဝန် ထမ်းဆောင် လိုခြင်း မရှိတော့သည့် ဆန္ဒအား မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းသို့ သြဂုတ် ပထမပတ် (၂ဝ၁ဝ) ခုနှစ် က လာရောက် တင်ပြ ဆွေးနွေးခဲ့ ပါသည်။

အထက် ဖော်ပြပါ ဖိလစ်ပိုင် နိုင်ငံသား နှစ်ဦး ထုတ်ဖော် တင်ပြသည့် ဆန္ဒအား သင်္ဘောသား အသင်း အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးစိုးမင်းအောင် က လက်ခံ ဆွေးနွေး ရာတွင် အဆိုပါ သင်္ဘောသား (၂) ဦးမှ အောက်ဖော်ပြပါ အချက်များ တင်ပြ သည်ကို တွေ့ရှိ ရပြီး သင်္ဘော ပေါ်တွင် ဆက်လက်၍ တာဝန်ထမ်း ဆောင် လိုခြင်း မရှိသည့် ကိစ္စအား မည်သို့ ဆောင်ရွက် ရမည်ကို လမ်းညွှန် အကြံပြု ခဲ့ပါသည်။


(၁) သင်္ဘောသား(၂)ဦး ရိုက်ကူးခဲ့သော ဓာတ်ပုံ များအား ကြည့်ရှုခြင်း
(၂) သင်္ဘောသားများ တင်ပြသည့် သောက်သုံးရေ နမူနာ ပုလင်းအား ကြည့်ရှု စစ်ဆေး ခြင်းများ ပြုလုပ် ပါသည်။

ထို့နောက် ဖိလစ်ပိုင် သင်္ဘောသား (၂) ဦးသည် Shipping master ထံသို့ ၄င်းတို့ တာဝန် ထမ်းဆောင် နေသော သင်္ဘောသည် ပင်လယ်ပြင်၌ ခုတ်မောင်း သွားလာရန် အန္တရာယ် ရှိကြောင်း အကြောင်းကြား တင်ပြသည့် စာတစ်စောင်အား တင်ပြကြ ပါသည်။ ၄င်းသင်္ဘောသား နှစ်ဦး၏ တင်ပြ ချက်ကြောင့် ရေကြောင်း ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် အဆိုပါ MV CABOT ORIENT အား စစ်ဆေး ရာတွင် သင်္ဘောသားများ တင်ပြသည့် အကြောင်း အချက်များ နှင့် ကိုက်ညီမှု ရှိသဖြင့် သင်္ဘောသား (၂) ဦးတင်ပြ တောင်းဆိုသည့် သင်္ဘော ပေါ်တွင် ဆက်လက် တာဝန် ထမ်းဆောင် လိုခြင်း မရှိသည့် ၄င်းတို့၏ ဆန္ဒအား လိုက်လျော ခွင့်ပြုခဲ့ ပါသည်။

သင်္ဘောသား နှစ်ဦး အနက် အင်ဂျင်နီယာမှူးကြီး MR.REYANLDA LOVERS သည် (၂ဝ၁ဝ) ခုနှစ် ဇူလိုင် (၂၂) ရက် နေ့တွင် ရန်ကုန် – မင်္ဂလာဒုံ လေဆိပ်မှ ပြန်လည် ထွက်ခွာ သွားပြီး ဖြစ်ကာ ဒုတိယ အင်ဂျင်နီယာ MR.NICANDRO GOTARDO မှာ မူ မြန်မာနိုင်ငံမှ ၄င်း၏ ဇာတိ ဖြစ်သော ဖိလစ်ပိုင် နိုင်ငံသို့ ပြန်လည် ထွက်ခွာ နိုင်ရန် အတွက် Landing Permit စောင့်ဆိုင်း နေဆဲ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းမှ ပြောရေး ဆိုခွင့်ရှိသူမှ ပြောပါသည်။

အင်းလေးကန် ရေပြင် လေးပေခန့် ပြန်မြင့်လာ

နွေရာသီ ကာလ ရေခန်းခြောက် ခဲ့သော အင်းလေးကန်ရေ မှာ လေးပေခန့် အထိ ပြန်လည် ရောက်ရှိလာ ခဲ့ကြောင်း သိရသည်။ ”အတိ အကျ ပြောရရင် ၃ ပေ ၇ လက်မ အထိ ရောက်လာခဲ့ ပါတယ်။ သွား လာရတာ အဆင်ပြေ လာပါပြီ။ ရေပြန်ရ လာတဲ့ အတွက် ဖောင်တော်ဦး ဘုရားပွဲ ကျင်းပဖို့ အဆင်ပြေ လာပါတယ်။ အဲဒီ အတွက်လဲ အင်းသူ အင်းသားတွေ ပျော်နေ ကြပါပြီ” ဟု အင်းလေးကန် ဒေသတွင် နေထိုင်သော အင်း အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီမှ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားပါသည်။

ဖောင်တော်ဦး ဘုရားပွဲသည် အင်းလေး ဒေသသာ မက မြန်မာ နိုင်ငံ အပါအ၀င် ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင် တစား လာရောက် လည်ပတ် နေသည့် လူသိများ ထင်ရှားသော ပွဲတော် တစ်ခု ဖြစ်ပြီး နှစ်စဉ် အောက် တိုဘာလတွင် ကျင်းပကြောင်း သိရသည်။ ”ရက်ပေါင်း ၂၀ အတွင်း ရေတွေ ပြန်ပြည့်လာ တာပါ။ နွေရာသီ တုန်းက ဆိုရင် ဒုက္ခတွေ့ခဲ့ ရတာ။ အခုတော့ စိုက်ပျိုးရေး ရော သောက်သုံးရေ အတွက်ပါ အဆင်ပြေ သွားပြီ” ဟု ဦးဝင်းမြင့်က ဆက်ပြောကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ် တွင် ဖော်ပြ ထားသည်။

မြန်မာ့ဆန် မက်ထရစ်တန် သုံးသောင်း အိန္ဒိယနိုင်ငံ မဏိပူ ပြည်နယ်မှ တင်သွင်းမည်

အိန္ဒိယ နိုင်ငံ အစိုးရ စားသုံး သူများ ရေးရာ ၀န်ကြီး ဌာန အစားအစာ ဖြန်ဖြူးရေး ဌာနမှ မဏိပူ ပြည်နယ် စက်မှု လက်မှု ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း လီမိတက် (အမ်အေအန် အိုင်ဒီစီ အို) အား မြန်မာ နိုင်ငံမှ ဆန် မက်ထရစ်တန် သုံးသောင်း တင်သွင်း ခွင့်ပြုကြောင်း အမိန့်စာကို ထုတ်ပြန် လိုက်သည်ဟု သိရသည်။

မဏိပူ ပြည်နယ်၏ မြို့တော် ဖြစ်သော အင်ဖါမှ အရာရှိကြီး များ၏ အဆိုအရ ဆန် တင်သွင်းမှုမှာ နိုင်ငံခြား ကုန်သွယ်မှု မူဝါဒ ၂၀၀၉-၁၄ အရ ဆောင်ရွက် စေခြင်း ဖြစ်ပြီး သွင်းကုန် ဂျူတီ အခွန် ကင်းလွတ် ခွင့်လည်း ပြုမည်ဟု ဆိုသည်။ ပို့ဆောင်ရေး အစီ အစဉ်များ စီစဉ် ဆောင်ရွက်ပြီး ပါက ဆန်ကို မြန်မာနိုင်ငံ တမူးမြို့မှ တဆင့် အဝေးပြေး လမ်းမကြီး အန်အိပ်ခ်ျ-၃၉ အတိုင်း တင်သွင်း လာမည်ဟု ဆိုသည်။

ဝန်ကြီး ဌာနမှ ဆန်ကို သာမက လောင်စာ ဆီ များကိုလည်း လက်ရှိ ကာလများ အတွင်း မြန်မာနိုင်ငံမှ တင်သွင်းခွင့် ပေးလိမ့် မည်ဟုလည်း သိရသည်။ မဏိပူ ပြည်နယ်သည် အန်အိပ်ခ်ျ-၃၉ လမ်းမကြီး ပေါ် တွင် လမ်း ပိတ်ဆို့မှု များနှင့် ဆန္ဒပြမှု များနှင့် ရင်ဆိုင် နေရကာ ကုန်းတွင်း လမ်းပိတ် ပြည်နယ် တစ်ခု အတွက် အခက်အခဲ များကို ဖြစ်စေ ခဲ့သည်။

အခြေအနေမှာ ဧပြီလ လည်မှ ဇွန်လ အတွင်း အတော် ဆိုးဝါးခဲ့ပြီး မရှိမဖြစ် ကုန်စည်များ ဖြစ်သော စားသုံး သီးနှံနှင့် လောင်စာဆီ တို့အတွက် လမ်း ပိတ်ဆို့ မှုကြောင့် ပြတ်လပ် မှုများ ဖြစ်ခဲ့ ရသည်။ ကုန်ဈေးနှုန်း များမှာ မိုးထိုး တက်သွား ခဲ့ရာ အစိုး ရက လေယာဉ် ဖြင့်ပင် ကုန်စည် များကို ပို့ဆောင် ပေးခဲ့ ရသည်။

ဇွန်လ ၁၈ ရက် နေ့တွင် အားလုံးသော နာဂ ကျောင်းသားများ အဖွဲ့ နှင့် ယင်း တို့ကို ကျောထောက် နောက်ခံ ပေးထားသော နာဂ ကျောင်းသားများ ဖက်ဒရေးရှင်း တို့က လမ်း ပိတ်ဆို့ ထားခဲ့ရာ ၆၈ ရက် ကြာမြင့် ခဲ့သည်။ ယခု ပင်လျှင် အင်အိတ်ခ်ျ-၃၉ လမ်းမကြီးမှာ ကိုဟီးမားမြို့ အနီးတွင် မြေပြို မှုကြောင့် လမ်း ပိတ်ဆို့ နေဆဲ ဖြစ်ကြောင်း သတင်း များတွင် ဖော်ပြ ထားသည်။

လောမြန်မာနယ်စပ်ရှိ စစ်အစိုးရတပ်များအား နယ်ခြားစောင့်တပ်ဖွဲ့နှင့် အစားထိုး

လောမြန်မာနယ်စပ်ရှိ မြန်မာစစ်အစိုးရတပ်စခန်းများအား မကြာသေးမီကအသစ်ဖွဲ့စည်းထားသည့် ဒေသခံ နယ် ခြား စောင့်တပ်ဖွဲ့များနှင့် အစားထိုးလိုက်သည်။

မဲခေါင်မြစ်တလျှောက်ရှိ မြန်မာစစ်အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ ၅၇၁ နှင့် ၅၇၂ တို့ လှုပ်ရှားရာဒေသများအား ဒေသခံလားဟူပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်သည့် နယ်ခြားစောင့် တပ်ရင်းနံပါတ် ၁၀၀၉ နှင့် ယခုလ(၂၈) ရက်နေ့က အစားထိုးလိုက်သည်ဟု ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“နယ်ခြားစောင့်တပ်ရင်းအမှတ် ၁၀၀၉ က ခရီးထွက်သွားပြီ အကုန်လုံး။ နယ်စပ်ဖက် သွားမယ်လို့ ပြောတယ်။ လောနဲ့ မြန်မာနယ်စပ်လေ။ အရင်က အဲဒီနေရာမှာ ခမရ (၅၇၂၊၅၇၁) နေတာလေ။ အခု အဲဒီတပ်ရင်းတွေက နောက်တန်းပြန်ခဲ့ပြီ။ လားဟူတပ်နဲ့ အစားထိုးလိုက်တာပေါ့။”

နယ်ခြားစောင့်တပ်ရင်း ၁၀၀၉ တွင် လားဟူအမျိုးသား ဗိုလ်မှူးကျော်စိုးက တပ်ရင်းမှူး တာဝန်ယူထားပြီး ဒုရင်း မှူးတာဝန်အား စစ်အစိုးရတပ်မှ ဗိုလ်မှူးမြင့်သက်ဦးက တာဝန်ယူ ထားကာ တပ်ဖွဲ့ဝင်အင်အား ၂၀၀ ခန့်ရှိသည် ဟု သိရသည်။

ယင်းဒေသသည် မူးယစ်ဆေးခေါင်းဆောင် နော်ခမ်းဦးဆောင်သည့်အဖွဲ့များလှုပ်ရှားနေပြီး တိုက်ပွဲငယ်များ မကြာ ခနဆိုသလို ဖြစ်ပွားလေ့ရှိသည်။ ယခုလုပ်ရပ်သည် နယ်ခြားစောင့် တပ်ဖွဲ့များအား မူးယစ်ဆေးဝါးလုပ်ငန်းကို ပြုလုပ်နိုင်ရန် စစ်အစိုးရမှ တဖက်လှည့်နည်းဖြင့် ခွင့်ပြုလိုက်ခြင်းသာဖြစ်သည်ဟု တာချီလိတ်မြို့ခံတစ်ဦးက ယခု လို ပြောသည်။

“သူတို့အတွက် လုပ်ခွင့်ပေးလိုက်တာပေါ့။ တကယ့်အစစ်အမှန်အဖွဲ့တွေထားရင်တော့ သူတို့လုပ်ရင် သူ တို့ပြုတ်မှာလေ။ အခုလိုလုပ်လိုက်တော့ အရေးယူဖို့လည်းမသင့်တော်ဘူး၊ လုပ်ပါလို့လည်း အမိန့်မပေး ချင်တော့ မယုတ်မလွန်ပုံစံလေးနဲ့ ခွင့်ပေးလိုက်တာပေါ့။”

ထိုင်းနှင့်လော နိုင်ငံများသို့ နှစ်စဉ်ဝင်ရောက်နေသည့် မူးယစ်ဆေးအများစုမှာ ထိုဒေသမှ ဖြတ်သန်းလာခြင်းဖြစ် ပြီး ဒေသခံအာဏာပိုင်အဖွဲ့အစည်းများ အပါအ၀င် ပြည်သူ့စစ် တပ်ဖွဲ့များနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများ သည် ယခင်ကတည်းက ဆက်စပ်မှု ရှိနေသည်ဟု ရှမ်းသံတော်ဆင့်သတင်းဌာန လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

သို့သော် မူးယစ်ဆေးဝါးမှရသည့် အကျိုးအမြတ်များကို လားဟူပြည်သူ့စစ်တပ်ဖွဲ့များ အနေနှင့် အနည်းငယ်သာ ခံစားရနိုင်ပြီး အများအားဖြင့် ဒေသခံအာဏာပိုင်အဖွဲ့အစည်း များကသာ ခံစားရသည်ဟု ၎င်းကဆက်ပြောသည်။

“အမြတ်အစွန်းတွေကို တဖက်တလှမ်းကနေရမှာကတော့ ဒေသခံ တပ်ရင်းမှူးတွေ တပ်ခွဲမှူးတွေက အစ ဗျူဟာမှူးကနေ ကျိုင်းတုံတိုင်းမှူးအဆင့်အထိ အလိုအလျောက် သူတို့လက်ဖျားငွေသီးမှာပေါ့ ဗျာ။”

ယင်းဒေသသည် အပစ်ရပ် မိန်းလားခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(NDAA) နှင့် အနီးစပ်ဆုံးဖြစ်ပြီး ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းတပ်များလည်း လှုပ်ရှားနေသည့်အတွက် ယခုလုပ်ရပ်အပေါ် စစ်ရေးအရ ကြည့်လျှင် တိုင်းရင်းသား အချင်း ချင်းကြား ရန်တိုက်ပေးလိုသည့် လုပ်ရပ်သာဖြစ်သည်ဟု ဦးစိန်ကြည်က သုံး သပ်ပြောဆိုသည်။

နယ်ခြားစောင့်တပ်ရင်းအမှတ် ၁၀၀၉ အား ဒေသခံပြည်သူ့စစ်များဖြင့် တာချီလိတ်ခရိုင် မိန်းကိုးကျေးရွာအုပ်စု ဖတ်ဟိ ကျေးရွာတွင် ယခုနှစ် မေလ(၁၈)ရက်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

သတင်းနှင့်မီဒီယာကွန်ယက်သတင်းထောက် ဇော်ကြီး ရေးသားသည်။

ပဲခူးမြစ်ရေတက် ပဲခူးမြို့တွင် ရေကြီး

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တွင် ယနေ့ ရေပိုကြီးလာပြီး အစိုးရရုံးနှင့် ကျောင်းအချို့ကို ပိတ်ထားရကာ ရေဘေးဒုက္ခ သည်များကို လွတ်ရာသို့ ပို့ဆောင်ထားရသည်ဟု သိရသည်။

ပဲခူးမြစ်ရေသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် စိုးရိမ်ရေမှတ် ၉၁၀ စင်တီမီတာ ရှိပြီး၊ ၂၄ နာရီအတွင်း မြစ်ရေမှာ ပဲခူးမြို့၏ စိုးရိမ်ရေမှတ် ၉၁၀ စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု မိုးလေ၀သ နှင့် ဇလ ဗေဒညွန်ကြားရေးမှူး ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

မြစ်ရေကြီးမှုကြောင့် အနိမ့်ပိုင်းတွင် ရှိသည့် ကျေးရွှာ၊ ရပ်ကွက်များမှာ အိမ်မြုပ်နိုင်သဖြင့် ရပ်ကွက်သားများကို ကုန်းမြင့်သည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွင် ပြောင်းရွှေ့ထားရသည်ဟု မြို့ခံတဦးက ပြောသည်။

“ဒီမှာ ဘယ်လိုဖြစ်နေလဲဆိုတော့ အခုအနိမ့်ပိုင်းမှာ ရှိတဲ့ ရပ်ကွက်တွေပေါ့နော် မြို့ပေါ်ရပ်ကွက်တွေ ရော ပဲခူးလမ်းမပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကော အနိမ့်ပိုင်းအိမ်လေးတွေပေါ့၊ တထပ်အိမ်လေး တွေ ကြမ်းပြင်လောက်အထိကို မြုပ်မယ့်အနေအထားရှိတော့ လူတွေက အဲဒီမှာ အိမ်ပေါ်မှာ နေလို့ မရတော့ဘူး။ နေအိမ်ကို စွန့်ခွါပြီးတော့ အဓိက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တက်နေ ကြတာပေါ့။ မြို့ပေါ်မှာရှိတဲ့ ချမ်းသာတဲ့လူတွေက သူတို့ကို အဓိကထားပြီးတော့ မြန်မာလူမျိုးတို့ရဲ့ ထုံးစံအရ ပေါ့ဗျာ ထမင်းထုပ်တွေ ရေတွေ ဝေပေးကြတယ်။”

မြစ်ရေကြီးမှုကြောင့် ပဲခူးမြို့နှင့် ရပ်ရွာများရှိ ဆင်းရဲသားရပ်ကွက်နေအိမ်အများစု ရေမြုပ်ခံရသည်ဟု အခြား မြို့ခံတဦးက ပြောသည်။

“တော်တော်တော့ များတာပေါ့ဗျာ။ ရပ်ကွက်ကလည်း ကျနော်သိသလောက်ဆိုရင် ပဲခူး၊ ဥဿာကြီး၊ ကျောက်စုကြီး၊ နောက် ကျွန်းသာယာ၊ ပြီးတော့က အမှတ်နှစ်ဆိုလည်း တပိုင်းလုံးလဲ။ နောက် ဟိုးချောင်းနဲ့ တံတားကြီးရဲ့အနောက်ခြမ်းတခြမ်းလုံးပါတယ်။ အလယ်ကျောက်ကြီးတို့ဆိုလည်း ပဲခူး ချောင်းအရှေ့မှာ ကမ်းနဖူးမှာ၊ ရွာသစ်ဆိုလည်း တရပ်ကွက်လုံးပဲ အဲဒါတွေက တကယ့်ဆင်းရဲသား ရပ်ကွက်တွေ၊ တနေ့လုပ်မှာ တနေ့စားရတဲ့ ရပ်ကွက်တွေပဲ။ ဘူတာဈေးဆိုတာရှိတယ် ပျံကျဈေးပေါ့ မြုပ်သွားလို့၊ ပဲခူး မီးရထားကုန်းကျော် တံတားဘေးမှာ ခေါင်းရွက်တဲ့ ဗန်းဈေးသည်တွေ၊ သားငါး သည် တွေက ရောင်းနေကြတယ်။”

မြို့တွင်းရှိ လမ်းမကြီးများလည်း ခါးကျော်အထိ ရေမြုပ်ရာ ယာဉ်အသွားအလာများ ခက်ခဲပြီး မောင်းနှင်၍ မရကြ သဖြင့် အချို့မှာ လှေများဖြင့် သွားလာနေရပြီး စာသင်ကျောင်းနှင့် ရုံးအချို့လည်း ပိတ်ထားရကာ မြစ်ရေမကျ၍ ဆက်တက်နေလျှင် နောက်ထပ် ၄ ရက်ခန့် ဆက်ပိတ်မည်ဟု ဆရာမတဦးက ပြောသည်။

ရေဘေးဒုက္ခသည်များကို ငွေကြေးရှိသည် မြို့ခံများ၊ လူမှုရေးအသင်းအဖွဲ့များက အစားအသောက် များကို လိုက် လံပေးဝေနေသည်ဟု ဒေသခံများက ပြောသည်။

“ကျနော်တို့ ဒီနေ့ ပဲခူးမြို့မှာ ရှိတဲ့ အဲန်အယ်လ်ဒီ လူငယ်တချို့နဲ့ နောက် ရွေးကောက်ပွဲ ၀င်မယ် ဆိုတဲ့ အဲန်ဒီအက်ဖ်ပေါ့ဗျာ။ လမ်းပြကြယ်အဖွဲ့ ဦးအေးမြင့်နဲ့ ရဟန်းသံဃာတော်တွေနဲ့တော့ ဟိုးဝေး လံ ခေါင်သီတဲ့ ကျေးရွာတွေ ရပ်ကွက်တွေကို သွားပြီးတော့ ထမင်းထုပ်တွေကို ဖြန့်နေတယ်ဆိုတာ ကျနော် ကြားလည်းကြားတယ် မြင်လည်းမြင်တယ်။” ဟု မြို့ခံက ပြောသည်။

ဒေသခံအာဏာပိုင်များ မည်သည့်ကယ်ဆယ်ရေလုပ်ငန်းများကို ကူညီမှု မပေးသေးကြောင်း၊ ရဲနှင့်ကြက်ခြေနီ အချို့က အဝေးပြေးလမ်းမကြီးနှင့် ချိုင့်ရှိသော လမ်းနေရာများတွင် ရေတိုင်ကီများကို အမှတ်အသား ပြုလုပ်ချ ထားပြီး ယာဉ်အသွားအလာများ သတိထား တိမ်းရှောင်နိုင်ရန် အသိပေးနေသည်ကို တွေ့ရကြောင်း မြို့ခံများက ပြောသည်။

သတင်းနှင့်မီဒီယာကွန်ယက်သတင်းထောက် ခွန်အောင်မြတ် ရေးသားသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆၀ ကျော်ကို ကျားဖြူပါတီ အချိန်မှီစာရင်းတင်

ရွေးကောက်ပွဲကော်မရှင်သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်းနှင့် အချိန်တိုကန့်သတ်ချက်ကြောင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီလည်း လွှတ်တော်ကိုယ်စားလှယ်လှောင်း ၁၆၀ ကျော် အချိန်မှီ စာရင်းတင်ခဲ့ကြောင်းသိရ၏။

သြဂတ်စ် ၃၀ ရက်နေ့နောက်ဆုံးထား၍ နိုင်ငံရေးပါတီများ ကိုယ်စားလှယ်လောင်းများ အသီးသီး စာရင်း တင်ရ မည့်အချက်ကြောင့် – “အချိန်အရမ်းအကြပ်အတည်းဖြစ်တယ်။ ကိုယ်စားလှယ်လောင်း စာရင်းပြည့်မှီရေးနဲ့ သူတို့အတွက်အသုံးစရိတ်ကောဘဲ” – ဟု တောင်ပိုင်းကျားဖြူပါတီဝင်တဦးက ပြောပါသည်။

လွတ်တော်သုံးရပ်အတွက် ကျားဖြူပါတီကိုယ်စားလောင်းစာရင်းအရ သျှမ်းပြည်မြောက်ပိုင်း ၄၆ ဦး၊ တောင်ပိုင်း ၄၃ ဦး၊ အရှေ့ပိုင်း ၂၉ ဦး၊ စစ်ကိုင်း၊ မန္တလေး နှင့် ကချင်ပြည်အတွက် ၄၄ ဦး – စုစု ပေါင်း ၁၆၃ ဦး – ယမန်နေ့ သြဂတ်စ် ၃၀ နံနက်ပိုင်းအပြီး တင်လိုက်ကြောင်း တောင်ကြီးရောက် ကျားဖြူပါတီဝင်တဦးက ပြောပါသည်။

“ကိုယ်စားလှယ်လောင်းတယောက် ကျပ် ၅ သိန်း အတွက် ဗဟိုကော်မတီကလည်း အပြည့်အ၀ မထောက်ပံ့ နိုင်ဘူး။ တချို့တ၀က် ထောက်ပံ့ခဲ့တာတောင်မှ ပြန်ဆပ်ရမယ်တောင်ပြောတယ်။ အများဖြင့်တော့အိတ်စိုက်ဘဲ” – ဟု တောင်ပိုင်း ကျားဖြူပါတီ ကိုယ်စားလောင်းလျှောက်ထားသူတဦးက ပြောပြပါသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီခေါ် ကျားဖြူပါတီအဖို့ အဓိက ယှဉ်ပြိုင်ရမည့်ပါတီမှာ – ငွေအား၊ လူအား၊ အာဏာ အရှိဆုံး၊ နအဖကျောထောက်နောက်ခံ ကြံ့ဖွတ်ပါတီ နှင့် တစည (တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး) ပါတီတို့ဖြစ်သည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း စာရင်း ၈၀၀ အား ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြပြီးဖြစ်ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ၄၄၃ နယ် ယှဉ်ပြိုင်ခဲ့သော်လည်း တစည ကိုယ်စားလှယ်လောင်း ၁၀ နယ်သာ အနိုင်ရကြောင်း – ဧရာဝတီသတင်းဌာနကရေးသားသည်။

“ကြံ့ဖွတ်ပါတီက – အသင်းဖြစ်တုံးကအတိုင်းပဲ သြဇာအာဏာသုံးပြီး လူထုကိုအဓမ္မပါတီဝင်ခိုင်းတယ်။ တခြား ပါတီလို အရင်စည်းရုံးပြီးမှ ဖေါင်ဖြည့်ခိုင်း၊ သဘောတူမှပါတီဝင်အဖြစ်သတ်မှတ်တာမဟုတ်ဘူး၊ ရပ်ရွာသူကြီးကို အမိန့်သံနဲ့ ပါတီဝင်ဘယ်လောက်ရှာပေးဆိုပြီးဆင့်ဆိုတယ်”- ဟု အမည်မဖေါ်လိုသည့် ပင်လုံသားတဦးက ပြောပါသည်။

USDP ခေါ် ကြံ့ဖွတ်ပါတီသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ပြောင်းလဲဖွဲ့စည်းသည့် ပါတီဖြစ် သဖြင့် အသွင်မပြောင်းမှီ အသင်းသား ၂၆ သန်းကျော်ရှိကြောင်း၊ နိုင်ရေးပါတီဖြစ်ပြီးနောက်ပိုင်း အသင်းသား ဦးရေ ၁၈ သန်းမှ သန်း ၂၀ ခန့်ကျန်ရှိနိုင်ကြောင်း http://www.mmtimes.com ကရေးသား၏။

သျှမ်းပြည်တောင်ပိုင်း အချို့မြို့များ၌ ကြံ့ဖွတ်အနိုင်ရရေး PNO ကူညီ

သျှမ်းပြည်တောင်ပိုင်း အချို့မြို့များ၌ ဦးအောင်ခမ်းထီဦးဆောင်သည့် PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကကြံ့ဖွတ် ပါတီအနိုင်ရရေးအတွက် ကူညီမဲဆွယ်စည်းရုံးနေကြောင်း စုံစမ်းသိရှိရပါသည်။

“တောင်ကြီးမှာဆို ထောက်ခံမဲထည့်ပေးဖို့တင်မကဘူး၊ PNO အဖွဲ့ဝင်တွေက ကြံ့ဖွတ်ပါတီ ကိုယ်စားလှယ် လောင်းအဖြစ်တောင် ၀င်ရောက်ယှဉ်ပြင်ပေးမှာဖြစ်တယ်”- ဟု ပအိုဝ်းလူငယ်တဦးကပြောပါသည်။

PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် စစ်အုပ်စုဖွဲ့စည်းပုံ၌ သတ်မှတ်ပေးသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွက် အဓိကနိုင်ငံရေးပါတီဖြစ်၏။ ပအိုဝ်းတိုင်းရင်းသားအနေများသည့် တောင်ကြီး၊ လွိုင်လင်၊ ပင်လုံတို့ တွင်မူ PNO တိုက်ရိုက်ယှဉ်ပြိုင်မည်မဟုတ်ဘဲ ကြံ့ဖွတ်ပါတီအောင်နိုင်ရေးအတွက်သာ ပံ့ပိုးမဲဆွယ်စည်းရုံးသွား မည်ဟု PNO အကြီးအကဲများက ဆိုင်ရာပုဂ္ဂိုလ်/အဖွဲ့အစည်းများအား ညွှန်ကြားထားကြောင်း လွိုင်လင်သား တဦးက ပြောပါသည်။

“ကျနော်တို့ တောင်ကြီးမှာ ပအိုဝ်းလူမျိုးအများစု နေထိုင်ပေမယ့်ရွေးကောက်ပွဲ ကော်မရှင်က ပအိုဝ်းလူနည်းစု 0.1% လွှတ်တော် အမတ်လောင်း ပေးမပြိုင်ဘူး၊ ဗမာတွေတော့ ရတယ်တဲ့ဗျာ။ ဒါကမတရားဘူးလို့ကျနော်မြင်တယ်။ အဲဒီ ဖိနှိပ်ခံရတဲ့အခြေအနေအောက်မှာ PNO က စစ်အာဏာရှင် ကျောထောက် နောက်ခံပြုတဲ့ ကြံ့ဖွတ်ကိုအားမပေး သင့်ဘူး” – ဟု တောင်ကြီးမြို့ခံ ပအိုဝ်းအမျိုးသားတဦးက ပြောပါသည်။

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြိုခံများကလည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် PNO ကို ကြံ့ဖွတ် က အကူအညီပေးမည်ဖြစ်ပြီး ပအိုဝ်းအများစု နေထိုင်သည့် အခြားမြို့နယ်၌ ကြံ့ဖွတ်ပါတီ စည်းရုံးရေး ဆင်းလျှင် PNO က အကူညီပေးသွားမည် ဟုဆို၏။

ဦးအောင်ခမ်းထီ ဦးဆောင်သော ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့သည် ၁၉၉၁ မတ်ခ်ျ ၂၇ ရက် ၌ နအဖ နှင့် အပစ်ရပ်ခဲ့ သည်။ ၁၉၉၃ ကြံ့ဖွတ်အသင်းတည်ထောင်ချိန်မှစ၍ ဦးအောင်ခမ်းထီအားလည်း ကြံ့ဖွတ်နာယက အဖြစ် စစ်အုပ်စုက တင်မြောက်ထားသည်။ နအဖ ဦးစီးကျင်းပမည့် ၂၀၁၀ (နိုဝင်ဘာ ၇ ရက်) ရွေးကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်ရန် PNO လည်း ကြံ့ဖွတ်ပါတီကဲ့သို့ နိုင်ငံရေးပါတီအဖြစ်ပြောင်းလဲကာ ၎င်း၏လက်နက်ကိုင် တပ်ဖွဲ့အား လည်း နအဖ ကာကွယ်ရေးဦးစီးချုပ် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့အဖြစ်အသွင်ပြောင်းရန် ခေါင်းငြိမ့်ခဲ့ပြီးဖြစ်၏။

၁၉၉၀ ရွေးကောက်ပွဲတွင် ဆီဆိုင်၊ ပင်လောင်း မဲဆန္ဒနယ်အတွင်း ၃ နေရာ အနိုင်ရခဲ့တဲ့ ပြည်ထောင်စု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် UPNO မှာမူ ‘၁၉၉၀ ရွေးကောက်ပွဲရလာဒ် အကောင်အထည်ဖေါ်ခြင်းမရှိဘဲ ယခုရွေးပွဲ ထပ်ဝင်ပါက မဲထည့်ခဲ့သည့် ပြည်သူလူထု၏စေတနာ စော်ကားရာကျသည်’ ဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု ဦးစီးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ခြင်းမရှိကြောင်း အဆိုပါလူငယ်ကပြောပြ၏။

နအဖ စစ်အုပ်စု၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပအိုဝ်းအမျိုးသားတို့အတွက် သျှမ်းပြည်တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်း ၃ မြို့နယ်အား စုစည်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအဖြစ်သတ်မှတ် ပေးထား သည်။

ငွေတောင်းကြမ်းသည့် ရဲကြောင့် သုံးဘီးသမားများ အလုပ်ထိခိုက်

တရုတ် နယ်စပ်ဖြတ်သန်း၍ ကုန်စိမ်းသယ်ကြသည့် မြန်မာသုံးဘီးသမားများထံမှ မူစယ်မြို့ ဆင်ဖြူဂိတ် တာဝန်ကျရဲများ မတန်တဆ ငွေတောင်းယူနေသဖြင့် သုံးဘီးသမား ၃၀ ခန့် အလုပ်ရပ်နားထားရကြောင်းသိရသည်။

မူစယ်နှင့် တရုတ်ကျယ်ဂေါင် ၊ ရွှေလီမြို့များ အကြား ကြက်သွန်နီ ငရုပ်သီးစိမ်း အာလူးနှင့် ခရမ်းချဉ်သီးများကို သုံးဘီးဖြင့် အခငွေယူ သယ်ဆောင်ပေးကြသောသုံးဘီးတစ်စီး တစ်နေ့ရငွေမှာ ကျပ် ၃၅၀၀ ၀န်းကျင် ရှိကြောင်း သိရသည်။

ရဲများက သုံးဘီးတစ်စီး ကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ အထိ တောင်းယူနေသောကြောင့် အလုပ်နားထားရသည်မှာ ၁၅ ရက် ခန့်ရှိပြီ ဖြစ်ကြောင်း သုံးဘီးသမားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အရင်တာဝန်ကျတဲ့ရဲတွေက ခြေနင်းသုံးဘီးတစ်စီးကို ကျပ် ၅၀၀ ကောက်တယ်။ အခုလ ၁၅ ရက်နောက်ပိုင်း တာ ၀န်ကျတဲ့ရဲတွေက တစ်စီးကို ၅,၀၀၀ နဲ့ ၁၀,၀၀၀ ကြားမှာ တောင်းတယ်ဗျ။ အဲဒါမသွားနိုင်တော့လို့ငုတ်တုတ်ထိုင် နေရတာ ၁၅ ရက်ရှိပြီ ” ဟု သူက ဆိုသည်။

နယ်စပ်ဂိတ်တာဝန်ကျ ရဲများ ၁၅ ရက်တစ်ကြိမ် ပြောင်းရွေ့ရာ စက်တင်ဘာလဆန်း၌ နောက် ထပ်တစ်ဖွဲ့ ရောက်လာမည်ဟု သိရသည်။

“ရဲတွေ ၁၅ ရက် တစ်ကြိမ်ချိန်းတယ်။ မူစယ်ကရဲတစ်ယောက်စ နှစ်ယောက်စပါသလို နယ်ကရဲတွေလည်းပါတယ်။ မနက်ဖြန်ဆိုရင်နောက်တစ်ဖွဲ့ပြောင်းပြီ အခြေအနေဘယ်လိုလဲတော့ မသိသေးဘူး။ ၂ ပွင့် ဗိုလ်ကအရမ်းဆိုးတာ၊ မချေမငံဆက်ဆံတာဗျ။ သူကိုယ်တိုင်လိုက်တောင်းတာ၊ ဟိုလူ့ကိုတစ်သောင်းပေး ဒီလူ့ကို တစ်သောင်းပေး မပေးရင်မထွက်နဲ့တဲ့” ဟု သူက ဆိုသည်။

ဒေသအတွင်း မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်များ စားသုံးရန် နယ်စပ်ဂိတ်များမှ တစ်ပိုင်တစ်နိုင် သယ်ယူကြ ရသော်လည်း ငွေအတောင်းကြမ်းသဖြင့် တရုတ်ကုန်စိမ်းအ၀ယ် မရှိသလောက်ဖြစ်ခဲ့ကြောင်း သိရသည်။
တရုတ်ဘက်သို့ တင်သွင်းသည့် ဟင်းသီးဟင်းရွက်များကို ယမန်နေ့က တရုတ်ဘက်မှ ပိတ်ပင်ခဲ့သေးကြောင်း သိရသည်။

ဗိုလ်ရဲမြင့် ရာထူးမှ အနားမယူမီ မိုင်းလားတပ်ဖွဲ့အား စာဖြင့်ပါသတိပေး

စရဖအရာရှိချုပ်ဒုဗိုလ်ချုပ်ကြီးရဲမြင့် ရာထူးမှမစွန့်ခွါမှီ သြဂတ်စ် ၂၀ ရက် မိုင်းလားတပ်ဖွဲ့ကိုယ်စားလှယ်နှင့် ကျိုင်းတုံ၌ ခေါ်တွေ့စဉ် လက်နက်ချရန်နှုတ်ဖြင့်ပြောဆိုသည့်အပြင် စာဖြင့်လည်းသတိပေးခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

“နယ်ခြားစောင့်တပ်ဖွဲ့ဖို့အချိန်နှောင်းသွားပြီ။ လက်နက်ချဖို့ဘဲရှိတော့တယ်လို့ ရဲမြင့်ကနှုတ်နဲ့ပြောတဲ့အပြင် အချက် ၆ ချက်ပါစာလဲပေးသွားသေးတယ်” ဟု ကျိုင်းတုံဒေသခံတစ်ဦးကပြောပါသည်။

ထိုအချက် ၆ ချက်အနက် အရေးကြီးအချက် ၃ ချက်မှာ ၁. နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရန် အချိန် နှောင်း သွားပြီဖြစ်သောကြောင့် လက်နက်ချရန်သာရှိကြောင်း၊ ၂. လက်နက်ချပြီးသော်လည်း အခွင့်အရေးပြည့်ဝစွာခံစားရ မည်ဖြစ်ပြီး ကုမ္ပဏီထောင်ခွင့်၊ စီးပွါးရေးလုပ်ပိုင်ခွင့်များရရှိမည်ဖြစ်ကြောင်း၊ ၃. စက်တင်ဘာ ၁ ရက်နေ့ကျော်လွန်၍ လက်နက်ချမည့်ကိစ္စအကြောင်းမပြန်လျှင် ရွေးကောက်ပွဲပြီးသည်နှင့်အလိုအလျောက်မတရားအသင်းဖြစ် သွားမည်။ အကြပ်အတည်းကြုံဒုက္ခရောက်မည်-စသည်တို့ဖြစ်သည်။

ဗိုလ်ရဲမြင့်နှင့်တွေ့ဆုံပြီးနောက် သြဂတ်စ် ၂၁ ရက်မှစ၍ ၄ ရက်ကြာ ၀နှင့်မိုင်းလားခေါင်းဆောင်များပန်ဆန်း၌ အစည်းအဝေးဆက်တိုက်ထိုင်ခဲ့သည်။

“သြဂတ်စ် ၂၄ ရက်မှာ ၂ ဖွဲ့စလုံးသဘောတူဆုံးဖြတ်ချက်ချပြီး ဗိုလ်ရဲမြင့်ဆီရိုသေသိမ်မွေ့စွာစာပြန်တယ်။ လက်နက်မချနိုင်ဘူးပေါ့။ နောင်တက်လာမဲ့အစိုးရတိုင်အောင် လက်ရှိအနေအထားတိုင်းဆက်နေသွားမယ်လို့ ကိုယ်စီ ဖြေသွားကြတယ်”ဟု တန့်ယန်းဒေသခံတစ်ဦးကပြောပါသည်။

ထို့နည်းတူ မိုင်းလားနယ်ထဲသို့ရွေးကောက်ပွဲကော်မရှင်နှင့် နအဖလုံခြုံရေးတပ်ဖွဲ့ပို့ဆောင်မည့်ကိစ္စလည်း လက်ခံမည် မဟုတ်ဟုဆို၏။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ မိုင်းလားအဖွဲ့ကမဆန့်ကျင်သလိုပါဝင်မှာလဲမဟုတ်ဘူး။ ဒါကြောင့်ရွေးကောက်ပွဲ ကော်မရှင်နဲ့ သူတို့ရဲ့လုံခြုံရေးတပ်ဖွဲ့လဲ ပို့လာစရာမလိုပါဘူး” ဟု ဖြေဆိုကြောင်း မိုင်းလားခေါင်းဆောင်ပိုင်းနှင့်နီးစပ် သည့်ကျိုင်းတုံကုန်သည်တစ်ဦးကပြောပါသည်။

ဝနှင့်မိုင်းလားတပ်ဖွဲ့နည်းတူ ဗိုလ်ချုပ်ပန်ဖှဦးဆောင်သည့် သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ အားလည်း လားရှိုး အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌါနချုပ်တိုင်းမှူးသစ် ဗိုလ်မှူးချုပ်အောင်ကျော်ဇောက လက်နက်သာချရေးကိုသာ ခေါ်ဆိုသတိပေးခဲ့သည်ဟုဆို၏။

သျှမ်းသံတော်ဆင့်သတင်းထောက် မွေခေါဝ် ရေးသားသည်။