စစ်အစိုးရထုတ်သတင်းသည် မဟုတ်မမှန်ကြောင်း မွန်ပြည်သစ်ပြော

ရိုင်မရော့ – မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဒုတိယအကြီမ် လက်နက်အပ်နှံပွဲမှာ မွန်ပြည်သစ်ပါတီမှ ထပ်မံခွဲထွက်လာသည့် တပ်ဖွဲ့ဝင်တချို့လည်း ပါဝင်သည်ဟု အစိုးရပိုင်သတင်းစာမှာ ဖော်ပြထားသည်။

နိုင်ရှောင်ဦးဆောင်တပ်ဖွဲ့လက်နက်အပ်နှံပြီး ကျန်ရှိနေသေးသည့် တပ်ဖွဲ့ဝင်တွေနှင့် မွန်ပြည်သစ်ပါတီမှ ထပ်မံခွဲထွက်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဒုတိယအကြိမ် လက်နက်ထပ်မံအပ်နှံကြောင်း ဆိုသည့်သတင်းထုတ်ပြန်ချက်သည် မဟုတ်မမှန်သတင်းဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ မွန်ပြည်သစ်ပါတီက ပြောသည်။

“ကျနော်တို့ပါတီဝင်တွေ ဒီလိုလုပ်မှာမဟုတ်ပါဘူး၊ လုပ်ဖို့လည်း အစီအစဉ်ရှိမှာမဟုတ်ဘူး၊ နိုင်ရှောင်းဦးဆောင်တဲ့တပ်ဖွဲ့တွေ လက်နက်ချတာတော့ ကျနော်တို့လည်းသိနေပါတယ်၊ ကျနော်တို့ တပ်ဖွဲ့တွေ နိုင်ရှောင်းတို့နဲ့ ပေါင်းပြီးတော့ လက်နက်အပ်တယ်ဆိုတဲ့ ဒီလိုမျိုး သတင်းထုတ်ပြန်တာဟာ မဟုတ်မမှန်တဲ့သတင်းပဲ သူတို့က နိုင်ငံရေး အမြတ်ထုတ်တဲ့သဘောပါပဲ” ဟု မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

ယခုလို သတင်းထုတ်ပြန်တာဟာ စစ်အစိုးရက ဝါဒဖြန့်တဲ့သဘောနဲ့ နိုင်ငံရေးအပေါ် အမြတ်ထုတ်လိုက်တဲ့အပြင် ပြည်သူတွေ ကျနော်တို့ပါတီအပေါ် အမြင်မှားတွေရှိလာအောင် လုပ်ဆောင်ချင်တဲ့သဘောပဲ ဖြစ်သည်ဟု နိုင်ဟံသာက ဆက်ပြောသည်။

သို့သော်လည်း စစ်အစိုးရ၏ လုပ်ဆောင်မှုအပေါ် မွန်ပြည်သစ်ပါတီမှ ပါတီဝင်တွေအပါအဝင် မွန်ပြည်သူတွေကလည်း သိနားလည်ထားပြီးဖြစ်ကြောင်းလည်း ပြောသည်။

လက်နက်ကိုင်လမ်းစဉ်အပေါ် အယုံအကြည်မရှိသော မွန်ပြည်သစ်ပါတီမှ တပ်ဖွဲ့ဝင်တချို့က နိုင်ရှောင်ခေါင်းဆောင်သည့် မွန်ငြိမ်းချမ်းရေးကာကွယ်တပ်ဖွဲ့နှင့် ပူးပေါင်းလာတာရှိသလို ဒီဇင်ဘာလ ၁ ရက်နေ့မှာလည်း မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာသော တပ်ဖွဲ့ဝင် ၁၀၁ ဦး၊ လက်နက်ငယ်မျိုးစုံ ၂၂ လက်နှင့်အတူ ထပ်မံပူးပေါင်းလာသည်။

နိုင်ရှောင်ဦးဆောင်သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် မွန်ပြည်သစ်ပါတီနှင့် လုံးဝပတ်သက်မှုမရှိကြောင်းလည်း မွန်ပြည်သစ်ပါတီက ပြောသည်။

နိုင်ရှောင်ဦးဆောင်သည့် မွန်ငြိမ်းချမ်းရေးကာကွယ်တပ်ဖွဲ့သည် အောက်တိုဘာ ၂၆ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေမှာ အဖွဲ့ဝင် ၁၆၇ ဦးနှင့်အတူ လက်နက်မျိုးစုံ ၅၀ ဖြင့် ပထမအကြိမ် လက်နက်အပ်နှံခဲ့ပြီးဖြစ်ကြောင်း အစိုးရပိုင်သတင်းစာမှာ ဖော်ပြထားသည်။

ဒုတိယအကြိမ်အနေဖြင့် မွန်ငြိမ်းချမ်းရေးကာကွယ်တပ်ဖွဲ့မှ ကျန်ရှိနေသေးသည့် အဖွဲ့ဝင်တချို့က စစ်အစိုးရထံ ထပ်မံပူးပေါင်းလိုက်ကြောင်း ပူးပေါင်းပါဝင်သူများမှာ နိုင်ရှောင်ဦးဆောင်တပ်ဖွဲ့ဝင်များမဟုတ်ပဲ တခြား ကုလားလူမျိုး ဗမာလူမျိုးတွေလည်း ပါဝင်ကြောင်း သိရသည်။ ယခုလိုလုပ်ခြင်းအားဖြင့် လာရောက်ပူးပေါင်းသည့် မွန်ငြိမ်းချမ်းရေးကာကွယ်တပ်ဖွဲ့ အရေအတွက် များအောင် လုပ်သည့်သဘောဖြစ်သည်။

နိုင်ရှောင်းဦးဆောင်တပ်ဖွဲ့တွေက ပထမအကြိမ် စစ်အစိုးရနဲ့ ပူးပေါင်းပြီး လက်နက်အပ်နှံပြီးနောက်ပိုင်းမှာ အပ်နှံထားသည့်လက်နက် ပြန်လည်မရရှိသေးသည့်အပြင် စစ်အစိုးရဘက်မှ တစုံတရာ တာဝန်ယူဆောင်ရွက်ပေးခြင်းမရှိခြင်းကြောင်း လက်ရှိအခြေအနေမှာ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း မွန်ကာကွယ်ရေးတပ်ဖွဲ့ကို စောင့်ကြည့်သုံးသပ်သူတစ်ဦးက ပြောသည်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကို (၂၀၀၈) ခုနှစ်တွင် မွန်ပြည်သစ်ပါတီ အငြိမ်းစား စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင်မှ တည်ထောင်ထားပြီး နိုင်အောင်နိုင် ကွယ်လွန်သွားပြီးနောက်ပိုင်းမှာ ရာမညတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး နိုင်ရှောင်က ဦးဆောင်ခဲ့သည်။

ဘဲဥရှာသည့် ကလေး ၄ ဦး ရေနစ်သေဆုံး

မွန်ပြည်နယ် မုဒုံမြို့နယ် ဘဲရမ်းကျေးရွာတောင်ပိုင်းရှိ ဘဲရမ်းအင်းအတွင်း ဘဲဥရှာသည့် ကလေးငယ် ၄ ဦး ရေနစ်သေဆုံးခဲ့သည်ဟု မြန်မာ့အလင့်သတင်းစာတွင် ဖော်ပြထားသည်။

“အဲဒီအင်းက ဂလိုင်းပေါက်ဖြစ်နေတယ်။ အရင်ဦးဆုံးနစ်သွားတဲ့ကလေးက အဲဒီဂလိုင်းပေါက် ရေနစ်တော့ နောက်တစ်ယောက်က ဂလိုင်းပေါက်မှန် မသိဘူး ဒေါက်ပင်ထိုးဆင်းပြီး သွားကူးတယ်” ဟု ဘဲရမ်းကျေးရွာအနီးမှ သံဃာတော်တစ်ပါးက ပြောသည်။

သေဆုံးသူ ကလေးလေးဦးမှာ အသက် ၁၀ နှစ်၊ ၉ နှစ်၊ ၈ နှစ်နှင့် ၇ နှစ်အရွယ်အသီးသီးဖြစ်ကြပြီး ယောက်ျားလေး ၂ ဦးနှင့် မိန်းကလေး ၂ ဦးဖြစ်သည်ဟု မြန်မာ့အလင်းတွင် ဖော်ပြထားသည်။

၎င်းသံဃာတော်က “နောက်တစ်ယောက်ကြတော့ အဲဒီနှစ်ယောက်ကို သွားကူတယ်။ နောက်ဆုံးတစ်ယောက်ကတော့ သူဘာသာသူလျှောကြသွားတယ်။ ကျန်တဲ့တစ်ယောက်က ရွာကို ပြေးပြီသွားပြန်ပြောတော့မှ ကလေးတွေ ရေနစ်တာကို သိတယ်”။

၎င်းကလေးငယ်တို့သည် ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီခန့် ရေဆင်းကူး ဘဲဥရှာရာမှ သေဆုံးခြင်းဖြစ်သည်ဟု သတင်းစာတွင်ဖော်ပြထားသည်။

ဘဲရမ်းရွာသားနှင့် နီးစပ်သူက “ဘဲရမ်းကျေးရွာမှာ နတ်ဝင်ပူတာ လူ ၇ ယောက်ယူမယ်လို့ ပြောနေကြတယ်”။ ရေနစ်သည့်ကလေးများမှာ ဘိုးဘွားများနှင့် နေထိုင်သူဖြစ်ပြီး မိဘများမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည်။

သို့သော် သေဆုံးသည့်ကလေးများမှာ ဘဲရမ်းကျေးရွာမှမဟုတ်ဘဲ မုဒုံမြို့ စာစင်ရပ်ကွက်မှ ဖြစ်သည်ဟု ဘဲရမ်းရွာသားတစ်ဦးက ပြောသည်။ ဘဲရမ်းကျေးရွာသည် မော်လမြိုင်- မုဒုံ မော်တော်ကားလမ်းဘေးတွင် တည်ရှိပြီး မုဒုံမြို့နှင့် အလွန်နီးသည့် ကျေးရွာလည်း ဖြစ်သည်။

ဝေါ်လေတိုက်ပွဲ နအဖ ၇ဦး ကျဆုံး

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် မြ၀တီခရိုင်၊ ဝေါ်လေဒေသတွင် ယမန်နေ့ညက နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်က ၇ဦး ကျဆုံးခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။

ယမန်နေ့ည ၈နာရီအချိန်တွင် ဝေါ်လေကျေးရွာ သုခမြိုင်ဘုန်းကြီးကျောင်းရှိ နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၁)နှင့် (၄၀၉)တပ်ဖွဲ့ဝင်များအား ဒီကေဘီအေတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒီကေဘီအေ (၉၀၉)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောစတီးက ပြောသည်။

သူက “မနေ့ ည ၈နာရီအချိန်မှာ ကျနော်တို့တပ်ဖွဲ့က ဝေါ်လေ၊ သုခမြိုင်ဘုန်းကြီးကျောင်းမှာရှိတဲ့ နအဖတပ်ကို သွားပစ်တယ်။ တိုက်ပွဲက မိနစ် ၃၀ကြာတယ်။ နအဖဘက်က ၇ယောက်သေတယ်။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူး။”ဟု အတည်ပြု ပြောကြားသည်။

၎င်းနယ်မြေတွင် လှုပ်ရှားလျှက်ရှိသည့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)ဒုရင်းမှူး ဗိုလ်မှူးစောကြည်အောင်က ယမန်နေ့ည က ဖြစ်ပွားခဲ့သည့်တိုက်ပွဲမှာ ဝေါ်လေရွာရှိ ဗျူဟာကုန်း၊ သုခမြိုင်ဘုန်းကြီးကျောင်းနှင့် ဝေါ်လေစာသင်ကျောင်းဝင်း နေရာ ၃နေ ရာတွင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဝေါ်လေရွာသားတဦးက “ညက ဝေါ်လေမှာ အကြီးအကျယ် တိုက်ပွဲဖြစ်တော့ ရွာသူရွာသားတွေ အကုန်လုံး ထိုင်းဘက်ခြမ်းကို ကူးခဲ့ကြတယ်။ ဒီနေ့မနက် သေနတ်သံတွေ ပြန်တိတ်တော့ ရွာသားတချို့ ပြန်ကူးကြတာရှိတယ်။ ရွာသားတွေကတော့ ပြေး လိုက်ပြန်လိုက်ပဲ။”ဟု ပြောသည်။

အလားတူ ဝေါ်လေဒေသ ဖလူးဒေသဘက်တွင်လည်း နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့ဝင်များအကြား ယမန်နေ့ကတည်းက ဖြစ် ပွားခဲ့သည့် တိုက်ပွဲမှာ ယနေ့ မွန်းလွဲ ၂နာရီခွဲအထိ ပစ်လိုက်ရပ်လိုက်ဖြင့် ပစ်ခတ်နေဆဲဖြစ်၍ နှစ်ဖက် ထိခိုက်ကျဆုံးမှုကို ယခု အချိန်ထိ မသိရှိရသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက အဆိုပါ ဝေါ်လေဒေသတွင် နယ်မြေခံ ဒီကေဘီအေတပ်များကို နအဖတပ်များက အင်အား အလုံးအရင်းဖြင့် ၀င်ရောက်ပစ်ခတ်မှုကြောင့် ရွာသူရွာသား ၃၀၀ကျော်မှာ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလာခဲ့ရာ ယမန်နေ့ည တိုက်ပွဲကြောင့် ယခုဆိုလျှင် ဝေါ်လေကျေးရွာမှ ရွာသူရွာသား ၂,၀၀၀ကျော် ထိုင်းဘက်ခြမ်းကို ထွက်ပြေးရောက်ရှိနေပြီး ဖြစ် သည်။

နေပြည်တော် ညွှန်ကြားချက်ကြောင့် ကျားဖြူပါတီမျက်နှာစုံညီ အစည်းအဝေး ပြင်ဦးလွင်သို့ပြောင်းရ

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ မျက်နှာစုံညီအစည်းအဝေးကြီးကို နေပြည်တော် ညွှန်ကြားချက်ကြောင့် မန္တလေးတိုင်း ပြင်ဦးလွင်(မေမြို့)သို့ ပြောင်းရွှေ့ပြုလုပ်မည်ဖြစ်ကြောင်း ကျားဖြူပါတီခေါင်း ဆောင်တစ်ဦးက ပြောပါသည်။

“အစက တောင်ကြီးမှာလုပ်ဖို့ စီစဉ်ထားပြီးပြီ။ ပယကလည်း ခွင့်ပြုတယ်။ ဒါပေမဲ့ နေပြည်တော်က ကျားဖြူဟာ သျှမ်းပြည်တခုတည်းနဲ့မသက်ဆိုင်တဲ့အတွက် အများနဲ့သက်ဆိုင်တဲ့နေရာမှာလုပ်ရမှာဆိုတဲ့အချက်ကြောင့် ပြင်ဦးလွင် ကို ပြောင်းရွှေ့လိုက်ရတာပါ” ဟု ဗဟိုကော်မတီဝင်တစ်ဦးက ပြောပါသည်။

ကျားဖြူပါတီ မျက်နှာစုံညီအစည်းအဝေးကြီးကို ဒီဇင်ဘာ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ၁၁-၁၂ ရက်၌ EC(ဗဟိုအလုပ်အမှုဆောင်)ကော်မတီဝင် အစည်းအဝေးဖြစ်ပြီး ၁၃-၁၄-၁၅ ရက်၌ ပါတီဝင်အားလုံး မျက်နှာစုံညီ အစည်းအဝေးဖြစ်သည်။

“အစည်းအဝေးမှာ ဗဟိုကော်မတီဝင် ၁၅ ဦးကနေ ၂၁ ဦးအထိ တိုးချဲ့ဖွဲ့စည်းဖို့ရှိပါတယ်။ ပြီးတော့ တာဝန်တွေ တိတိကျကျဖြစ်အောင် ပြန်ပြီးစီမံခန့်ခွဲမယ်။ ဗဟိုကော်မတီမှာ အပြောင်းအလဲနည်းနည်းတော့ ရှိမှာဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောပါသည်။

ဗဟိုကော်မတီဝင် ၁၅ ဦးမှာ သျှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းသာဖြစ်သောကြောင့် သျှမ်းပြည်အရှေ့ပိုင်း၊ ကချင်ပြည်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှလည်း ပါဝင်နိုင်ရန် ပြန်လည်တိုးချဲ့ဖွဲ့စည်းမည်ဟုဆို၏။

မျက်နှာစုံညီအစည်းအဝေးကြီး၌ နမ့်ခမ်းမြို့နယ် ကျားဖြူပါတီက ဒေသခံမျိုးဆက်သစ်အသင်းဖွဲ့စည်းရန် တင်ပြမည်ဟု နမ့်ခမ်းကျားဖြူပါတီခေါင်းဆောင်တစ်ဦးက ဤကဲ့သို့ပြောပါသည်။

“အစည်းအဝေးမှာ ရှေ့ဆက်ပြုလုပ်မဲ့ လမ်းစဉ်တွေကို တင်ပြမှာဖြစ်ပါတယ်။ အနာဂတ်တိုင်းပြည်အတွက် လူငယ် တွေဟာ အရေးကြီးတာကြောင့် ဒေသခံလူငယ် မျိုးဆက်သစ်အသင်းဖွဲ့စည်းဖို့ အဓိကထားတင်ပြမှာ ဖြစ်ပါတယ်။ လူငယ်တွေကို မပျက်စီးအောင် ဗဟုသုတတိုးပွါးအောင် တစ်လတစ်ကြိမ် ဒါမှမဟုတ် တစ်လနှစ်ကြိမ်ခေါ်ပြီး ပညာပေး လုပ်ငန်းတွေ ပြုလုပ်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်”

ဒေသခံအမျိုးသမီးများ အသိပညာဗဟုသုတတိုးပွါးစေရန် အမျိုးသမီးအသင်း၊ လယ်သမားများ ခေတ်မီတိုးတက်သော နည်းပညာဖြင့် လယ်ယာလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် လယ်သမားအသင်းများကိုလည်း ဖွဲ့စည်းကာ ပညာပေး လုပ်ငန်းများ ပြုလုပ်သွားနိုင်ရန် တင်ပြမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပါသည်။

ဗဟိုကော်မတီဝင် ၁၅ ဦးအနက် ဦးစိုင်းအိုက်ပေါင်း (ဥက္ကဋ္ဌ)၊ စိုင်းဆောင်ဆီ (ဒု-ဥက္ကဋ္ဌ)၊ စိုင်းဘိုးအောင်၊ ဒေါက်တာ စိုင်းကျော်အုန်း၊ စိုင်မောင်တင်၊ စိုင်းပန်နှင့် စိုင်းအွမ်ဆိုင်မှိုင်းတို့ ၇ ဦးမှာ လွှတ်တော်အမတ်နေရာအနိုင်ရရှိထားသူ များဖြစ်သည်။

ကျိုင်းတုံမြို့နယ် SNLD ပါတီ ဥက္ကဌ ဆရာမ နန်းခမ်းလျဲန်း ကွယ်လွန်

(၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ) သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကော်မတီဝင် / မိုင်းယန်းမြို့ လွှတ်တော်အမတ် / ကျိုင်းတုံမြို့နယ် ဥက္ကဌ ဆရာမ ဒေါ်နန်းခမ်းလျဲန်း အသက် ၆၉ နှစ် ဟာ အူမကြီးကင်ဆာရောဂါနဲ့ ချင်းမိုင်မြို့မှာအခုလ ၅ ရက် က ကွယ်လွန်ပြီး ၈ ရက်နေ့ ၀တ်ထကရဒတ်သုသာန်မှာ မီးသဂြိင်္ုလ်ခဲ့ပါတယ်။

ဆရာမ ဒေါ်နန်းခမ်းလျဲန်း ရဲ့ဈာပနမှာ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ အတွင်းရေးမှူးများအဖွဲ့ကလဲ သ၀ဏ်လွှာ ပေးပို့ပြီး “မိသားစုနဲ့အတူ ထပ်တူထပ်မျှဝမ်းနဲကြေကွဲမိကြောင်း၊ ၎င်းရဲ့တာဝန်ဝတ္တရားတွေကိုကျန်ရှိတဲ့ ညီအစ်ကို မောင်နှမတွေ ဖြစ်တဲ့ ပါတီ အဖွဲ့သူအဖွဲ့သားတွေက ဆက်လက်ထမ်းဆောင်သွားမှာဖြစ်တဲ့ အနှောင်အဖွဲ့မရှိဘဲ ကောင်းရာသုဂတိ လားပါစေ” လို့ သ၀ဏ် လွှာကို ဦးစိုင်းတွီက ဖတ်ပြခဲ့ပါတယ်။

ဆရာမဒေါ် နန်းခမ်းလျဲန်းဟာ ၁၉၄၂ ခု ဒီဇင်ဘာ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မောင်နှမ ၉ ယောက်အနက် ဒုတိယသမီးကြီး ဖြစ်ပါတယ်။ ၁၉၆၁ မှာ ကျိုင်းတုံအထကကျောင်းအုပ် ဆရာမုံ့တစ်နဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ဆရာမုံ့ တစ်ဆုံးပါးပြီးနောက် သီပေါက (လ၀က ပင်စင်စား) စိုင်းထွန်းအောင် နဲ့ နမ့်ခမ်းက SNLD ပါတီ ဥက္ကဌ စိုင်းသာအေးနဲ့ အိမ်ထောင် ၂ ဆက် ထပ်ပြု ခဲ့ပါတယ်။ လက်ရှိမှာ သားသမီး ၅ ယောက်နဲ့ မြေးမြစ်တွေ ကျန်ရှိပါတယ်။

ဆရာမ နန်းခမ်းလျဲန်းဟာ အသက် ၁၆ နှစ်ကတည်းက ကျောင်းဆရာမလုပ်ခဲ့တာပါ။ ဆရာမုံ့တစ်နဲ့အိမ်ထောင်ပြုပြီး ၈ နှစ်အကြာ မှာ မိုင်းမက နွံစစ်ဟန်တပ်ဖွဲ့ထဲ ပူးပေါင်းဝင်ရောက် တောခိုခဲ့ပါတယ်။ ဆရာမဟာ ကျောင်းသူဘ၀ကတည်းက နွေရာသီ သျှမ်းစာ ပေသင်တန်းမှာလဲ သွားရောက်သင်ကြားပေးခဲ့ပါသေးတယ်။ ၁၉၇၁ မှာ ဆရာမုံ့တစ် နဲ့ တပည့်တယောက် ၀မ့်ပါခမ် (လောင့်တောင်း) ကတ်ဖ ကျေးရွာအုပ်စုဘက် ခရီးထွက်စဉ် ဗမာစစ်တပ် စီးနင်းတိုက်ခိုက်လို့ ခုခံပစ်ခတ်ရင်း ဆရာမုံ့တစ်ကွယ်လွန်ခဲ့ပါတယ်။ အဲဒီတုန်းကဗမာ စစ်အာဏာပိုင်ဘက်က ၈ ယောက်လဲ ပွဲခြင်းပြီး သေဆုံး ခဲ့ပါတယ်။ အဲဒီနောက် ဆရာမ နန်းခမ်းလျဲန်းဟာ ၁၉၈၉ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်စတင်တည် ထောင်စဉ်က တည်းက ပါတီဝင်ဖြစ်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ ရောက်တော့ ကျိုင်းတုံမြို့ရဲ့ SNLD ပါတီ ဥက္ကဌအဖြစ်တာဝန်ထမ်း ဆောင် ခဲ့တဲ့အပြင်မိုင်းယန်းမြို့ရဲ့လွှတ်တော်အမတ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။အမျိုးသမီးဆိုပေမယ့် စည်းရုံးရေးခရီးစဉ် ဆင်းတုန်းက မိုးထဲလေထဲမှာခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရကြောင်း ဆရာမ မဆုံးပါးခင်က ပြောပြခဲ့ပါတယ်။

၂၀၂၀ မတိုင်မီ ရန်ကုန် – ကူမင်း အမြန်ရထားလမ်း စီမံကိန်းအပြီး တည်ဆောက်ဖွယ် ရှိ

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တရုတ်ယူနန်ပြည်နယ် ကူမင်းမြို့တို့ကို သွယ်တန်းဖေါက်လုပ်မည့် ကီလိုမီတာ ၁၉၂၀ အရှည်ရှိ အမြန်မီးရထားလမ်း စီမံကိန်းကို လာမည့် ၂၀၂၀ ခုနှစ်မတိုင်မီ အပြီးတည်ဆောက်ဖွယ် ရှိကြောင်း ယူနန်ပြည်နယ်သတင်းဌာန၏ယမန်နေ့က တရုတ်ဘာသာ ဖြင့်ဖေါ်ပြသော သတင်းဆောင်းပါးအရ သိရသည်။

နိုဝင်ဘာလလယ်ပိုင်းက တရုတ်မီးရထားဌာန ပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့က အမြန်ရထား လမ်းဖေါက် လုပ်ရေးစီမံကိန်းအတွက် မြန်မာနှင့်လာအိုနိုင်ငံများသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း ယူနန်ပြည်နယ် အထွေထွေအတွင်းရေးမှူး ပိုင်အန်းဖေ မြန်မာနိုင်ငံ သို့ အလည်အပတ်ရောက်ရှိခဲ့ရာ မြန်မာစစ်ခေါင်းဆောင်များနှင့် အမြန်ရထားလမ်းစီမံကိန်းကိစ္စ ဆွေးနွေးကြောင်း သိရသည်။

သို့သော် စီမံကိန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ရေးဆွဲနေဆဲဖြစ်ပြီး မကြာမီ အများပြည်သူ သိရှိစေရန်တရားဝင်ထုတ်ပြန်မည်ဟု သိရသည်။

တရုတ် – မြန်မာအရေး လေ့လာသူ တစ်ဦးက “ တစ်နာရီကို ကီလိုမီတာ ၂၀၀ နှုန်းနဲ့မောင်းမဲ့ အမြန်ရထားလမ်း တွေ ဖြစ် တယ် လောလောဆယ် ဒီကိစ္စအကောင်အထည်ဖေါ်ဖို့ တရုတ်နဲ့မြန်မာအသေးစိတ်ညှိနှိုင်း ရအုံးမယ် ထင်တယ် ငွေကြေးကိစ္စ တွေ အလုပ်သမားကိစ္စတွေ လမ်း အူကြောင်းကိစ္စဘယ်လိုလုပ်မယ် ဆိုတာတွေ ညှိနိုင်းဖို့လိုအုံးမယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။

တရုတ်နှင့် အာစီယံနိုင်ငံများက တရုတ် – အာစီယံ အမြန်ရထားပတ်လမ်း ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်း ထားရာ တရုတ်အနေဖြင့် အာစီယံ အမြန်ရထားလမ်းနှင့် ရန်ကုန် – ကူမင်း အမြန်ရထားလမ်းကို အစိတ်အပိုင်း တစ်ခုသဖွယ် ချိတ်ဆက်ထားလိုသည့် ဆန္ဒရှိသည်ဟု ဆိုသည်။

ထို့အပြင် မြန်မာနှင့်တရုတ် ဆက်သွယ်မည့် ရိုးရိုးရထားလမ်းစီမံကိန်း နှစ်ခုရှိသေးရာ အဆိုပါ ရထားလမ်းများသည် တောင်အာရှနိုင်ငံများနှင့် ဆက်သွယ်ရာတွင် အထူးအရေးပါမည်ဟု ဖေါ်ပြထားသည်။

ယူနန်ပြည်နယ် အစိုးရ ဒုဥက္ကဋ္ဌက “တရုတ်နဲ့မြန်မာ ချစ်ကြည်မှုပိုမိုနက်ရှိုင်းလာစေပြီးမှ အိန္ဒိယသမုဒ္ဒရာအထိ ပေါက်မဲ့ သေနင်္ဂ ဗျူဟာဆောင်တဲ့ လက္ခဏာဖြစ်တယ်” ဟု ပြောကြားထားသည်။

အဆိုပါ ရိုးရိုးရထားလမ်းနှစ်သွယ်မှာ ကူမင်း – ချူရူံ – တလီ – ပေါင်းစန်း – ရွှေလီ နှင့် ကူမင်း – ပေါင်းစန်း – မန်စီ – ထိန်ချုံး – ဟိုချောင် (ကန်ပိုက်တီ) လမ်းများ ဖြစ်သည်။

ယူနန်ပြည်နယ်၏ မြန်မာပြည်၌ ရင်းနှီးမြုတ်နှံမှုများတွင် ရေနံနှင့်သဘာဝဓါတ်ငွေပိုက်လှိုင်းများ ပြီးလျှင် ယခု အမြန်ရထား လမ်းစီမံကိန်းသည် ရင်းနှီးမှုပမာဏ အကြီးမားဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာပြည်တွင်းဖေါက်လုပ်မည့် အမြန်ရထားလမ်းစီမံကိန်းတွင် ဂျာမဏီနှင့်ဂျပန်နိုင်ငံများကလည်း ၀င်ရောက် ယှဉ်ပြိုင်နေကြောင်း သိရသည်။

သတင်းသမား ဖိနှိပ်မှုအဆိုးဆုံး မြန်မာ စတုတ္ထ ချိတ်

သတင်းသမားများ ဖမ်းဆီး ထောင်ချသည့် အဆိုးဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံသည် စတုတ္ထ နေရာတွင်ရှိကြောင်း သတင်းသမား များ ကာကွယ် စောင့်ရှောက်ရေး ကော်မတီ (CPJ) က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။

၂၀၁၀ ခုနှစ်အတွင်း တကမ္ဘာလုံး သတင်းသမားများ ဖမ်းဆီးခံရမှုမှာ ၁၄၅ ဦး အထိရှိပြီး မြန်မာနိုင်ငံတွင် သတင်းသမား ၁၃ ဦးကို ဖမ်းဆီး အကျဉ်းချထားကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

သတင်းသမားများကို ဖိနှိပ်သည့် အဆိုးဝါးဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နေခြင်းမှာ လုံးဝ ငြင်းပယ်စရာမရှိကြောင်း ၊ မိမိတို့၏ စာရင်းအရ မြန်မာ သတင်းသမားများ ဖမ်းဆီးခံထားရသည်မှာ ၂၂ ဦးအထိရှိနေကြောင်း မြန်မာ့ သတင်း သမဂ္ဂမှ အတွင်းရေးမှူး ဦးစံမိုးဝေ က ပြောသည်။

“ပြဿနာ အရှိဆုံးကတော့ ကင်မရာကိုင်ရင် ဖမ်းတာတို့၊ အီးမေးလ် ပို့ရင်၊ လက်ခံရင် ဖမ်းတာတို့ပါပဲ။ အဲဒီလိုကိစ္စတွေဟာ လုံးဝ မဖြစ်သင့်ပါဘူး”ဟု ဦးစံမိုးဝေက ဧရာဝတီသို့ ပြောသည်။

သတင်းသမားများ ဖမ်းဆီးအကျဉ်းချထားသောနိုင်ငံပေါင်း ၂၈ နိုင်ငံရှိပြီး တရုတ်နှင့် အီရန်တို့မှာ သတင်းသမား ၃၄ ဦးစီ ဖမ်းဆီး ထားသောကြောင့် တကမ္ဘာလုံး ၏ တ၀က်ခန့်ဖြစ်နေပြီး အဆိုးဆုံးဖြစ်ကြောင်း၊ အဲရစ်ထရီးယား နိုင်ငံမှာ ၁၇ ဦးဖမ်းဆီးထား၍ တတိယ အဆိုးဆုံးဖြစ်ကြောင်း၊ မြန်မာနိုင်ငံပြီးလျင် ကျန်နိုင်ငံများမှာ ၆ ဦးထက်မပိုသော ဖမ်းဆီးမှုများရှိကြောင်း အမေရိကန် နိုင်ငံ အခြေစိုက် CPJ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က တကမ္ဘာလုံးတွင် သတင်းသမားများ ဖမ်းဆီးထားသည့် ဦးရေမှာ ၁၃၆ ဦးရှိပြီး ယခု ၂၀၁၀ ခုနှစ်တွင် ၁၄၅ ဦးအထိရှိလာကြောင်းလည်း တွေ့ရသည်။

CPJ မှ အမှုဆောင်ဒါရိုက်တာ ဂျိုးလ် ဆိုင်မွန်က“အခုလိုတကမ္ဘာလုံးမှာ သတင်းသမားတွေ ဖမ်းဆီးခံရတာဟာ တုန်လှုပ်စရာ ကောင်းလောက်အောင် များလာပါတယ်။ သတင်းသမားတွေကို တရားနည်းလမ်းကျကျ ထောင်ချတဲ့နိုင်ငံက နည်းနည်းပဲရှိပါ တယ်”ဟု ပြောသည်။

ယခုနှစ် အဆိုးရွားဆုံး စာရင်းတွင် နံပါတ် ၄ နေရာလိုက်သည့် မြန်မာနိုင်ငံမှာ ၂၀၀၉ ခုနှစ်က နံပါတ် ၅ နေရာရှိပြီး သတင်းသမား ၉ ဦး ဖမ်းဆီးခဲ့ကြောင်း သိရသည်။

CPJ ၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ်နောက်ပိုင်း သတင်းသမားအသတ်ခံရမှု ၃ ခုဖြစ်ခဲ့ကြောင်းလည်း သိရသည်။ ၎င်းတို့မှာ ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က ကြေးမုံသတင်းစာတိုက် သတင်းထောက် ဦးလှဟန်၊ ၁၉၉၉ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့က ကြေးမုံသတင်းစာတိုက် သတင်းထောက် ဦးသာဝင်းနှင့် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က APF သတင်းဌာနမှ ဂျပန်လူမျိုး ဓာတ်ပုံသတင်းထောက် ကန်ဂျီး နာဂါအိ တို့ပင်ဖြစ်ကြောင်း CPJ ထုတ်ပြန်ချက်၌ ပါရှိသည်။

ပြည်ပ အခြေစိုက် မြန်မာ့ သတင်း သမဂ္ဂ ၏ ကြေညာချက်အရ မြန်မာနိုင်ငံ ထောင်များအတွင်း သေဆုံးသွားသည့် သတင်းသမား ၆ ဦးရှိပြီး ၎င်းတို့မှာ ဦးဘသော်၊ ဦးနေ၀င်း၊ ဦးသာဝင်း၊ ဦးသိန်းတင်၊ ဦးတင်ရွှေ နှင့် ဦးစောဝင်း တို့ဖြစ်ကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် ဟိန်းသူ ရေးသားသည်။

၃ နှစ်ကြာပိတ်ထားသော ဘုရားသုံးဆူ နယ်စပ်ဂိတ် ပြန်ဖွင့်

ထိုင်း-မြန်မာ နယ်စပ်ဂိတ် တခုဖြစ်သော ဘုရားသုံးဆူ ဂိတ်ကို မြန်မာ စစ်အစိုးရဘက်မှ ၃ နှစ်ကြာ ပိတ်ထားရာမှ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းရ ရှိသည်။

“ဒီလ ၆ ရက်နေ့က စပြီး ဘုရားသုံးဆူဂိတ်ကို ပြန်ဖွင့်တယ်။ အခုလို ဂိတ်ဖွင့်လိုက်တော့ ကျနော်တို့ ကုန်သည်တွေအတွက် ကောင်းတာပေါ့။ နယ်စပ်က လူတွေလည်း လွတ်လွတ်လပ်လပ် ဟိုဘက်ဒီဘက် သွားလာလို့ရတော့ အားလုံး အဆင်ပြေတယ်လေ။ မဟုတ်ရင် တရားမ၀င်လမ်းက နေ့တိုင်း သွားနေရတယ်” ဟု မွန်ကုန်သည်တဦးက ပြောသည်။

ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့ဝင် ၂ ဦးကို နအဖနှင့် ငြိမ်းချမ်းရေး ယူထားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဘုရားသုံးဆူဂိတ်ကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း နယ်စပ်ဖြတ်ကျော် သွားလာမှုကို ခွင့်ပြုထားကြောင်း ဒေသခံကုန်သည်များက ပြောသည်။

ဘုရားသုံးဆူဘက်မှ ပရိဘောဂ ကုန်ပစ္စည်းများ ထိုင်းဘက်သို့ အဓိက တင်သွင်းပြီး ထိုင်းဘက်မှ စားသောက်ကုန်များနှင့် အ၀တ်အထည်များကို အဓိက တင်ပို့သည်ဟု သိရသည်။

“လူတယောက်ဆိုရင် ဘတ် ၅၀၊ ကားတစီးဆိုလည်း ဘတ် ၅၀ စီ ပေးရတယ်။ ကုန်ဖိုးကလည်း အလေးချိန်နဲ့ ပေးရတယ်။ ထိုင်းဘက်က ဝင်လာတဲ့ နိုင်ငံခြားသားတွေက ဘုရားသုံးဆူဈေးအထိ လာလည်လို့ရတယ်” ဟု ဒေသခံတဦးက ဆိုသည်။

ယခု ဘုရားသုံးဆူဂိတ်ကို ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ထိုင်းထောက်လှမ်းရေး အဖွဲ့ဝင်တဦးက “အခု ဖွင့်တာက ဘုရားသုံးဆူက ဗျူဟာမှူးနဲ့ ထိုင်းနယ်စပ် ကော်မတီတို့ ညှိပြီးဖွင့်တာဆိုတော့ ဘယ်လောက် ကြာကြာဖွင့်မလဲဆိုတာ စောင့်ကြည့်ရမယ်။ ဘာဘဲပြောပြော အခုလို ပိတ်ထားတဲ့ ဂိတ်တခု ပြန်ပွင့်လာတာတော့ နှစ်နိုင်ငံ နယ်စပ်က လူတွေအတွက် ကောင်းတယ်လို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။

ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှ စတင်၍ နိုဝင်ဘာ လလယ်အထိ ဘုရားသုံးဆူမြို့နယ်တွင် နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်မခံသည့် DKBA တပ်များနှင့် နအဖ စစ်အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ ထောင်ချီ၍ ထိုင်းဘက်နှင့် ပြည်တွင်းရှိ နီးစပ်ရာမြို့များသို့ ထွက်ပြေးမှုများ ရှိခဲ့သည်။

နိုဝင်ဘာ လကုန်ပိုင်းတွင်မူ အခြေအနေ ပြန်လည် တည်ငြိမ်လာခဲ့ကြောင်း စောင့်ကြည့်လေ့လာသူများက ပြောသည်။

ဧရာဝတီသတင်းထောက် ဘစောတင် ရေးသားသည်။

ဒုတိယပင်လုံ ဆက်လုပ်မည်ဟု တိုင်းရင်းသား ခေါင်းဆောင်များ တုံ့ပြန်

ဒုတိယပင်လုံသည် စစ်အစိုးရ သတင်းစာများက ရေးသားထား သကဲ့သို့ စိတ်ကူးယဉ် ညီလာခံတခု မဟုတ်၍ ဖြစ်မြောက်သည် အထိ လုပ်ဆောင် သွားမည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက တုံ့ပြန်ပြောဆိုသည်။

“အစိုးရ သတင်းစာတွေက ခြိမ်းခြောက်ရေးသားပေမယ့် ရပ်တန့်မသွားပါဘူး။ စစ်တပ်ကိုလည်း ပါဝင်လာအောင် စည်းရုံးသွားမယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ အပစ်အခတ်ရပ်ထားသူတွေ၊ ဒီမိုကရေစီအင်အားစုတွေ အားလုံးပါဝင် ဆွေးနွေးနိုင်အောင် လုပ်ဆောင်သွားမှာပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏အတွင်းရေးမှူးနှင့်
ရခိုင်တိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ထုတ်၊ စစ်အစိုးရ သတင်းစာများ၌ ဆောင်းပါးရှင် ဗညားအောင်က “နိုင်ငံ့အရေး အလွယ်မတွေးစေချင်” ဆိုသည့် ခေါင်းစဉ်ဖြင့် ဒုတိယ ပင်လုံကိစ္စသည် နိုင်ငံရေး စိတ်ကူးယဉ်မှု သက်သက်သာဖြစ်ပြီး မူဝါဒ လမ်းစဉ် ၇ ရပ်နှင့်ဆန့်ကျင်နေကြောင်း၊ ဖြစ်မြောက်လာသည်အထိ လုပ်ဆောင်ပါက ကောင်းကျိုးထက် ဆိုးကျိုးဘက်ကို ဦးတည် လာနိုင်ကြောင်း ရေးသားဖော်ပြထားသည်။

“ဒုတိယပင်လုံဆိုတာ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆွေးနွေးပွဲ တရပ်ပါပဲ။ စင်ပြိုင်အစိုးရ ထောင်မှာလည်း မဟုတ်ဘူး။ အတိုက်အခံ အဖွဲ့အစည်း တရပ် ထူထောင်ဖို့လည်း မဟုတ်တဲ့အတွက် ဘာမှ စိုးရိမ်စရာ မလိုဘူးထင်တယ်” ဟု မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ကြောင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွန့်က ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ရှည်နေအိမ်အကျယ်ချုပ် ကျခံနေရာမှ ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်း၌ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ၂၁ ရာစုနှင့်ကိုက်ညီသော ဒုတိယပင်လုံ ဆွေးနွေးပွဲ တရပ် ပေါ်ပေါက်လာရေးကို ဆက်တိုက် ပြောဆိုလျက်ရှိသည်။

တိုင်းရင်းသားခေါင်းဆောင်ကြီးများ၊ ၀ါရင့်နိုင်ငံရေး သမားကြီးများကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဒုတိယပင်လုံ ညီလာခံတခု ဖြစ်မြောက်သည်အထိ လုပ်ဆောင်ရန် ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း တောင်းဆိုခဲ့သည်။

ဆောင်းပါးရှင် ဗညားအောင်က ဒုတိယပင်လုံနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးသည် လူတဦး တယောက်တည်းနှင့် အဖွဲ့လေး၊ ငါးဖွဲ့ စုပေါင်းလုပ်၍ မရနိုင်ကြောင်း၊ အွန်လိုင်းမှ လုပ်မည့်သူများ ရှိ၍လည်း အံ့သြမိကြောင်း ဝေဖန် ရေးသား ထားသည်။

အင်အားခိုင်မာတောင့်တင်းသော အဖွဲ့အစည်းနှင့် တိကျသည့်ရွေးကောက်ခံ ကိုယ်စားလှယ်များမပါဘဲ လုပ်ဆောင်မှုသည် တရားဝင် မဟုတ်ဟူ၍လည်း အဆိုပါ သတင်းစာဆောင်းပါးက ဆိုသည်။

“ဒီအစိုးရက ဖက်ဒရယ်စနစ် ပေါ်လာမှာကို မလိုလားဘူး ဖြစ်နေတယ်။ တိုင်းရင်းသားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့် မပေးလိုဘူး။ သူတို့က ပြည်ထောင်စုစစ်စစ် ဖြစ်လာမှာကို မလိုလားဘဲ တပြည်ထောင်စနစ်ကိုပဲ တည်ထောင်ဖို့ ကြိုးစားနေတာပါ” ဟု ဦးအေးသာအောင်က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ တိုင်းရင်းသားပါတီများ၊ ဒီမိုကရက်တစ်ပါတီများမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း၊ ထို့ကြောင့် ပေါ်ပေါက်လာမည့် လွှတ်တော်၌ တပ်မတော်သားများနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များ အားလုံးဆွေးနွေး၍ စစ်မှန်သော ပြည်ထောင်စုကို တည်ထောင်သွားမည်ဖြစ်ကြောင်း စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

“ပြည်နယ်တွေက တိုင်းရင်းသားပါတီတွေ၊ တိုင်းတွေက ဒီမိုကရက်တစ်တွေ ပေါင်းလိုက်ရင်တော့ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီအ
ရေး၊ တိုင်းရင်းသား အရေးတွေကို ဆွေးနွေးနိုင်မယ်လို့ ပထမပိုင်းမှာ ထင်ခဲ့တယ်။ ဒါပေမယ့် ရွေးကောက်ပွဲပြီးတော့ ကြံ့ဖွံ့ပါတီက ၈၀ ရာခိုင်နှုန်း နီးပါးရတယ်ဆိုတော့ ပြောဆိုနိုင်ခွင့် အင်မတန် နည်းသွားမှာပါ” ဟု ချင်း တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌ ဦးလုံစီက ဧရာဝတီကို ပြောသည်။

ထို့ကြောင့် စစ်တပ်အပါအ၀င် အင်အားစုအားလုံး ပါဝင်နိုင်မည့် ဒုတိယပင်လုံကဲ့သို့သော ညီလာခံ ဆွေးနွေးပွဲတရပ် ဖြစ်ပေါ်လာရေးကို တက်ညီလက်ညီ လုပ်ဆောင်သွားမည် ဆိုပါက မြန်မာနိုင်ငံသား အားလုံအတွက် အကောင်းဆုံးသော အောင်နိုင်မှုတရပ် ဖြစ်လာမည်ဟု ယူဆကြောင်းလည်း ဦးလုံစီက ပြောသည်။

“လက်ရှိအနေအထားအရ ဆိုရင် လွှတ်တော်ထဲကနေ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ရလာနိုင်စရာ အကြောင်းမရှိပါဘူး” ဟု
လည်း ၎င်းကဆိုသည်။

ဒုတိယပင်လုံ သို့မဟုတ် ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်သည် တိုင်းရင်းသားလူမျိုးအားလုံးအတွက် အသက်တမျှ အရေးကြီး ကြောင်းလည်း ဦးလုံစီက ဆက်ပြောသည်။

“ဒီအစိုးရက တိုင်းပြည်ကြီးကို သူတို့ပဲ အုပ်ချုပ်နိုင်မယ်လို့ ထင်နေကြတာ။ ဒါပေမယ့် တိုင်းရင်းသားတွေကလည်း ဖက်ဒရယ်ကိုပဲ လိုလားနေကြတယ်။ အမေရိကန် သံတမန်နဲ့လည်း ဒါတွေပဲ ဆွေးနွေးခဲ့ကြတယ်” ဟု မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဧရာဝတီကို ပြောသည်။

“ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် မရသေးသရွေ့ လက်နက်ကိုင် တိုက်ခိုက်နေကြဦးမှာပဲ။ နှစ်ပေါင်း ၆၀ ရှိနေပြီလေ တိုက်နေတာ” ဟုလည်း ၎င်းက ဆိုသည်။

တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်သောပြည်ထောင်စုတို့ကို မဖော်ဆောင်နိုင်သမျှ ကာလပတ်လုံး ဒုတိယပင်လုံ ကိစ္စသည် ရပ်တန့်သွားမည် မထင်ကြောင်း ဦးနိုင်ငွေသိန်းက ဆက်ပြောသည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံး အကောင်အထည် မဖော်နိုင်ဘူးဆိုရင် ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်တယ်။
ဒါဟာ အင်မတန်စိုးရိမ်စရာ ကောင်းတဲ့ကိစ္စပါ” ဟု ဦးအေးသာအောင် က ဆိုသည်။

စစ်အစိုးရသည် တိုင်းရင်းသားစည်းလုံးမှု တည်ဆောက်မည်ဟု ပြောလာသည်မှာ နှစ်ပေါင်း ၆၀ ကျော်လာပြီ ဖြစ်သော်လည်း ယနေ့အထိ အောင်မြင်မှု မရသေးကြောင်း၊ ထို့ကြောင့် မည်သည့် အကြောင်းကြောင်းကြောင့်ဖြစ်စေ အမျိုးသား ရင်ကြားစေ့ရေး အတွက် ဆွေးနွေးပွဲ စကားဝိုင်းသို့ အားလုံးပါဝင်လာနိုင်ရန် အချိန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒုတိယပင်လုံ ပေါ်ပေါက်ရေး လုပ်ဆောင်တာက နိုင်ငံတော်ပုန်ကန်တာလည်း မဟုတ်ဘူး၊ စတန့်ထွင်တာ၊ စိတ်ကူးယဉ် တာလည်း မဟုတ်ဘူး။ ဒါကြောင့် ဖြစ်အောင် လုပ်မှာပါ” ဟု လည်း ဦးအေးသာအောင်က ဆိုသည်။

အတိုက်အခံ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၊ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ဒုတိယပင်လုံ ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြသည့်နောက်ပိုင်းတွင် စစ်အစိုးရ သတင်းစာများက ပထမဆုံးအကြိမ်အဖြစ် ခြိမ်းခြောက် ရေးသားလိုက်ခြင်းဖြစ်ရာ တားဆီးမှု၊ ကန့်သတ်မှုများ ဆက်လက် လုပ်ဆောင်လာနိုင်သည်ဟု နိုင်ငံရေး ခေါင်းဆောင်များက ပြောသည်။

ဒီမိုကရေစီ နိုင်ငံတော်သို့ ကူးပြောင်းမည်ဟု ကြွေးကြော်နေသော စစ်အစိုးရ၏ ပြောဆိုမှုသည် လုပ်ရပ်နှင့် တခြားစီဖြစ်နေ ကြောင်းလည်း နိုင်ငံရေးခေါင်းဆောင်များက ဝေဖန်ကြသည်။

ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး အတွက် စစ်ကိုင်းတိုင်း ကလေးမြို့၌ အောက်တိုဘာလ ၂၄ ရက် နေ့တွင်ပြုလုပ်သော ဇိုမီးအမျိုးသား ကွန်ဂရက် ၂၂ နှစ်မြောက် အခမ်းအနားတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

လက်မှတ်ရေးထိုးခဲ့ကြသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ၀ါရင့်နိုင်ငံရေး သမားကြီ သခင်သိန်းမောင်၊ မွန်ဒီမိုကရေစီ အဖွဲ့ချုပ် (MNLD) မှ နိုင်ငွေသိန်း၊ နိုင်ထွန်းသန်း၊ ကရင်အမျိုးသား ကွန်ဂရက်မှ စောဟာရီ၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထောင်ခိုထန်း နှင့် တခြား တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်ကြောင်း သိရသည်။

ပထမ အကြိမ် ပင်လုံညီလာခံအား ၁၉၄၇ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဧရာဝတီသတင်းထောက် ခင်ဦးသာ ရေးသားသည်။

ဒေါက်တာစောနိုင်ကို ရွေးကောက်ပွဲတွင်ရှုံးကြောင်း လက်မှတ်ထိုးခိုင်း

ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက တောင်ဥက္ကလာပ မြို့နယ်မှ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်ကို ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း သဘောတူလက်မှတ် ရေးထိုးရန် ဒီဇင်ဘာလ ၈ ရက်နေ့က ခေါ်ယူပြောဆိုခဲ့သည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။

တောင်ဥက္ကလာပ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ဒေါက်တာစောနိုင် ရွေးကောက်ပွဲတွင် အနိုင်ရသည်ဟု ပြောဆို လက်မှတ် ရေးထိုးစေခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အနိုင်ရ လွှတ်တော် အမတ်စာရင်း ကြေညာသောအခါ ဒေါက်တာစောနိုင်အမည် စာရင်း မပါဝင်ခဲ့ပေ။

မြို့နယ် ရွေးကောက်ပွဲကော်မရှင်က လှည့်စားခဲ့ခြင်းနှင့် မဲမသမာမှုများ ပြုလုပ်ခြင်းအပေါ် အရေးယူ ဆောင်ရွက်ပေးရန် ဒီဇင်ဘာလ ၅ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ဒေါက်တာစောနိုင်က တရားဝင် တိုင်စာ တင်ခဲ့ပြီးနောက် ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဒေါက်တာစောနိုင်ကို ခေါ်ယူပြီး အရှုံးကို လက်ခံ သဘောတူ လက်မှတ် ရေးထိုးပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဒေါက်တာစောနိုင် အနိုင်ရတယ်ဆိုတာ မြို့နယ်ကော်မရှင်က မှားတာပါ ဆိုပြီးတော့ ရန်ကုန်တိုင်း ကော်မရှင်က လာပြောတယ်။ အမှန်တကယ်တော့ ဒေါက်တာစောနိုင်က ရှုံးတယ်ပေါ့၊ ဒါကြောင့် မြို့နယ်ကော်မရှင်က မှားယွင်းခဲ့တာ ဖြစ်လို့ အရှုံးကို လက်ခံပြီး သဘောတူ လက်မှတ်ရေးထိုးပါ ဆိုပြီး လာပြောတာ” ဟု ဒေါက်တာစောနိုင်နှင့် နီးစပ်သူ တောင်ဥက္ကလာပသား တဦးက ပြောသည်။

ဒေါက်တာစောနိုင်က အရှုံးကို လက်မခံနိုင်ကြောင်း၊ ယခု ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်က ပြသသော အနိုင်အရှုံး မဲစာရင်း စာရွက်ပေါ်တွင် လုံးဝ လက်မှတ်မထိုးပေးနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။

“ကျနော် ဒီရလဒ်ကို ဘယ်လိုမှ သဘောမတူနိုင်ပါဘူး” ဟု ဒေါက်တာစောနိုင်က ဆိုသည်။

ရန်ကုန်တိုင်း ကော်မရှင်တွင် ဒေါက်တာစောနိုင်နှင့် ကော်မရှင်တာဝန်ရှိသူများ အခြေအတင် စကား များသည်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။

ဒေါက်တာစောနိုင် ဝင်ရောက်ယှဉ်ပြိုင်သည့် တိုင်းဒေသကြီးလွှတ်တော် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် ၁ တွင်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ လွှတ်တော်အမတ်လောင်း ဦးအောင်ကျော်မိုးက အနိုင်ရသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။

မဲရုံပေါင်း ၉၃ ရုံရှိသော တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် ၁ တွင် ဒေါက်တာစောနိုင်က ကြံ့ဖွံ့ပါတီမှ ဦးအောင်ကျော်မိုးထက် မဲ ၆၀၀ ကျော်ဖြင့် အသာစီးရခဲ့ကြောင်း ဒေါက်တာစောနိုင်၏ မဲရုံ ကိုယ်စားလှယ်တဦးက ပြောသည်။

ဒေါက်တာစောနိုင် မတရားရှုံးနိမ့်ခဲ့ရခြင်းအပေါ် တောင်ဥက္ကလာပ ဒေသခံအများစုက ဒေါသ ထွက်နေဆဲ ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပသော ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက အမတ်နေရာ အများစု အနိုင်ရရှိသည့်အတွက် ဆန္ဒမဲ ပေးကြသည့် ပြည်သူများကို ကျေးဇူးတင်ကြောင်း အစိုးရပိုင် သတင်းစာများတွင် ထည့်သွင်း ကြော်ငြာခဲ့သည်။