ပဲခူးမှ ရွေးကောက်ပွဲကော်မရှင်ရုံး ဗုံးပေါက်ကွဲ

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကတော့ ပဲခူးမြို့ ဥသာမြို့သစ်အတွင်း အမှတ် (၈) ရပ်ကွက် ရယက ရုံးမှာ ဖြစ်ပါတယ်။ အဲဒီရုံးမှာ ရွေးကောက်ပွဲကော်မရှင် ရုံးလည်း ဖွင့်လှစ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ညကိုးနာရီခွဲသာသာလောက်မှာ ဖြစ်ပွားတာဖြစ်ပြီး အပျက်အစီးတချို့ ရှိခဲ့ပေမဲ့ လူတွေ ထိခိုက်ဒဏ်ရာ ရတာမျိုးတော့ မရှိခဲ့ဘူးလို့ အခင်းဖြစ်တဲ့ ရပ်ကွက်မှာ နေထိုင်သူ ကိုအေးကြည်က RFA ကို အခုလို ပြောပါတယ်။

“အသံကတော့ သုံးမိုင်လောက် အကွာက ကြားရတယ်၊ ပရိဘောဂတွေ ပျက်စီးသွားတာပေါ့၊ စားပွဲခုံတွေ ကုလားထိုင်တွေ ပျက်ကုန်တယ် ထရံတွေဘာတွေ ပေါက်ကုန်တယ်၊ လူတော့ မထိဘူး ဘယ်သူမှ မထိဘူး၊ အမှတ် ၃ ရဲစခန်း အပိုင်မှာ ဖြစ်တာ၊ အာဏာပိုင်တွေကတော့ ညတွင်းချင်း ရောက်လာတယ်၊ ရောက်လာ ပြီးတော့ အဲဒီမှာ အဲဒီပတ်ဝန်းကျင်မှာ ရှိတဲ့ အဲဒီ ရာအိမ်မှူးတွေ ဘာတွေတော့ ခေါ်ပြီးတော့ မေးမြန်းစုံစမ်းနေတယ်။”

ဗုံးပေါက်ကွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေက အပူတပြင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ဆက်ပြောပါတယ်။

ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အမှတ် (၈) ရပ်ကွက်အပိုင် နယ်မြေရဲစခန်း အမှတ် ၃ နဲ့ ရဲ သတင်းတပ်ဖွဲ့ရုံးတွေကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ပေါက်ကွဲမှုဖြစ်တယ်ဆိုတာ ဟုတ်မှန်ကြောင်းလောက်သာ ပြောပြီး တယ်လီဖုန်း ချသွားခဲ့ပါတယ်။

ပဲခူးမြို့နယ် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ပေါက်ကွဲခဲ့တဲ့ဗုံးဟာ လက်လုပ်ဗုံးလို့ ယူဆရကြောင်းနဲ့ လက်သည်တရားခံကိုတော့ စုံစမ်းနေဆဲဖြစ်ကြောင်း ဖုန်းလက်ခံဖြေဆိုတဲ့ တာဝန်ကျ အရာရှိတဦးက အခုလို ပြောပါတယ်။

“အင်း ဟုတ်တယ်၊ မနေ့က ညလောက်က ဖြစ်တာ၊ ဖြစ်တာကတော့ အပေါက်က တပေပတ်လည်လောက်ပဲ ပေါက်သွားတာပါ၊ ကုလားထိုင် အနောက်ဖက်ကနေပြီးတော့ အုတ်နံရံအောက်ကနေ ပေါက်တာ၊ အမှတ် ၃ ရဲစခန်းအဖွဲ့တွေတော့ အားလုံး စုံစမ်းနေကြတယ်၊ တရားခံကို မသိသေးတာ၊ အဲဒါတော့ လက်လုပ်ဗုံးလို့ပဲ ယူဆတယ်အကို၊ ပြင်းအားတော့ မရှိပါဘူး၊ ပြင်းအားမရှိဘူးဆိုတာ ဗီဒိုတွေ စာအုပ်တွေလောက်ပဲ ပြဲသွားတာ လူကတော့ တယောက်မှ ထိခိုက်မှု မရှိဘူး။”
ပဲခူး စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးက အရာရှိတဦး ပြောဆိုသွားတာပါ။

ဗန်းမော်တွင် ရွေးကောက်ပွဲဆန့်ကျင်စာများ ပြန့်

လာမည့် နိုဝင်ဘာလ ရ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ၀ိုင်းဝန်းဆန့်ကျင်ရန် တိုက်တွန်းထားသောစာများ ယနေ့ နံနက်အစောပိုင်းက ဗန်းမော်မြို့၏ လူစည်ကားရာနေရာ တချို့၌ ပြန့်နှံ့ လျှက်ရှိကြောင်း သိရသည် ။

“၂၀၀ဂ ဖွဲ့စည်းပုံကို အသွင်းသွင်းပြီး စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲဖြစ်၍ ပြည်သူများကဆန့် ကျင်သင့်ကြောင်း” အဆိုပါစာတွင် တိုက်တွန်းထားကြောင်း သိရသည် ။

အေဖိုးဆိုက် လျှောက်လွာစာရွက်တွင် ကွန်ပြူတာစာစီဖြင့် ရေးသားထားပြီး ဒီမိုကရေစီလူငယ် အင်အားစု (မြန်မာပြည်) ဆို သည့် အဖွဲ့က ဖြန့်ဝေသည်ဟု ဖေါ်ပြထားကြောင်း စာလက်ခံရရှိသူ မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

စာပါအကြောင်းအရာကို သူက ဖတ်ပြရာတွင် “စစ်အစိုးရသည် အာဏာတည်တံ့ ခိုင်မြဲရေးအတွက် ကြံ့ဖွံ့အသင်းကို ပါတီ အဖြစ် အသက်သွင်းခဲ့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ပါတီများအားစည်းရုံးလှုပ်ရှားခွင့် စာပေ ထုတ်ဝေခွင့်များအား ကန့်သတ်ချုပ်ကိုင်ထားပြီး ကြံ့ဖွံ့ပါတီအား လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်ပေးထားသည်”

“၂၀၁၀ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်မည်မဟုတ် စစ်အာဏာ မြဲမြံစေမည့် ရွေးကောက်ပွဲ ဖြစ်သည် ၄င်းတို့တစ်ဘက်သတ်ရေးဆွဲထားသော ၂၀၀ဂ ဖွဲ့စည်းပုံခိုင်မြဲစေရေး အတွက်သာဖြစ်သည် ထို့ကြောင့် ဒီမိုက ရေစီ လိုလားသော ပြည်သူများအနေဖြင့် အောက်ပါ အချက်များမှ တစ်ချက်ကိုရွေးချယ်သင့်သည်”

၁ ။ရွေးကောက်ပွဲကို ဆန့်ကျင်သင့်သည် ၊ ပြည်သူတို့၏ အခွင့်အရေးဖြစ်သော လွပ်လပ်စွာ မဲမပေးဘဲလည်း နေနိုင်ပါသည်။

၂။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံမဲမပေးသင့် ။

၃ ။ မဲပေးလိုသည့် ဆန္ဒရှိပါက စစ်အစိုးရ၏ သြဇာခံ လက်ဝေခံ လက်ကိုင်တုတ် မဟုတ်သော အခြား ဒီမိုကရေစီ ပါတီများ ကို သာမဲပေးသင့်သည် ။

အောက်မှာက အာဏာသည် ပြည်သူ့ထံမှ သက်ဆင်းရမည် ၊ (ပုံ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒီမိုကရေစီ လူငယ်အင်အား စု (မြန်မာပြည်) ဆိုပြီးရေးထားတယ် လို့ သူက ဆိုသည် ။

“ဒီနေ့မနက်အစောကြီးပဲ ဆိုင်မဖွင့်ခင် ဆိုင်တွေမှာ ချထားတာလေ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့စာပေါ့ အဖွဲ့ကတော့ ဒီမို ကရေစီလူငယ်အင်အားစု(မြန်မာပြည်) ပေါ့ မသိဘူး ဒီအဖွဲ့နံမယ် တစ်ခါမှမကြားဖူးသေးဘူး” လို့ နောက်ထပ်မြို့ခံ တစ်ဦး က ပြောသည် ။

ဗန်းမော်မြို့တွင် အဆိုပါစာ လက်ခံရရှိသူ အမြောက်အများရှိကြောင်း သျှမ်းသံတော်ဆင့်က စုံစမ်းမေးမြန်းချက် အရ သိရ သော်လည်း စာဖြန့်သည့် အဖွဲ့အစည်းကိုမူ ဆက်သွယ်စုံစမ်း၍ မရရှိသေးပေ ။

သူရဦးတင်ဦး မျက်စိခွဲစိတ်ကုသမှု ခံယူပြီး

သွေးကြောများပေါ်နေသော သူရဦးတင်ဦး၏ ဘယ်ဘက်မျက်စိအား ယနေ့နေ့လယ် စင်ကာပူစံတော်ချိန် (၃) နာရီတွင် Tan Tock Seng ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ်ကုသပြီးစီးခဲ့ကြောင်း သိရသည်။

ခွဲစိတ်ခန်းအတွင်းမှ ထွက်လာသော သူရဦးတင်ဦး၏ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ သားဖြစ်သူ ဦးသန့်စင်ဦးက “ဟုတ်ကဲ့အခုပဲ ပြီးတာပါ၊ ကျန်းကျန်းမာမာပါပဲ။ ထွက်လာတော့ မေးပါတယ်၊ ဘယ်လောက်ကြာသွားလဲပေါ့။ ဒီလောက်ပါပဲ” ဟု ဆိုသည်။

ဦးတင်ဦးသည် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် စင်ကာပူတွင် (၄-၅) ရက်ခန့် ကြာဦးမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ သူရဦးတင်ဦးသည် မျက်စိတွင် တိမ်စွဲခြင်း၊ သွေးကြောများ ပေါ်လာခြင်းတို့အတွက် လိုအပ်သော ခွဲစိတ်ကုသမှုများပြုလုပ်ရန် အင်္ဂါနေ့က စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဦးတင်ဦးနှင့်အတူ ဇနီးသည် ဒေါက်တာဒေါ်တင်မိုးဝေလည်း လိုက်ပါလာပြီး ဂျပန်နိုင်ငံမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ) မှ သားဖြစ်သူ ဦးသန့်စင်ဦးနှင့် ဇနီးလည်း စင်ကာပူသို့ ယမန်နေ့က ရောက်ရှိခဲ့သည်။ သားအဖ (၂) ဦး ကွဲကွာနေရသည်မှာ (၁၈) နှစ်ရှိပြီဟု သိရသည်။

ယမန်နေ့ နံနက်ပိုင်းက လိုအပ်သောဆေးစစ်မှုများ ခံယူပြီးနောက် ယနေ့ ခွဲစိတ်ကုသမှု ခံယူခြင်းဖြစ်သည်။

ဆေးရုံတွင် ခွဲစိတ်ကုသရေးအတွက် လိုအပ်သောအကူအညီများ ပေးနေသည့် ဒေသခံတဦးဖြစ်သူ ကိုခင်အောင်က “အခုဆေးရုံမှာ ခွဲစိတ်တာ မျက်စိအထူးကုဆရာဝန်တွေက ခွဲစိတ်ပေးနေတာပါ။ ဒီဆေးရုံကလည်း တော်တော်လေးကို ဂရုစိုက်ပါတယ်။ VIP လိုမျိုးပါပဲ” ဟု ဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပန်းလှိုင်ဆေးရုံမှ ဆရာဝန်ဆရာမများလည်း လိုက်ပါလာကြသည်ဟု သိရသည်။

ဦးတင်ဦး၏ ကျန်ရှိသော တိမ်စွဲနေသည့် ညာဘက်မျက်စိကိုမူ နောင်နှစ်မှသာ ခွဲစိတ်ကုသမှု ခံယူမည်ဟု သိရသည်။

သူရဦးတင်ဦးသည် မြန်မာ့တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးအဖြစ် တပ်မတော်သားများ၏ ချစ်ခင်လေးစားမှုကို ခံယူရသော တပ်ချုပ်တဦးအဖြစ် မြန်မာ့သမိုင်းတွင် ထင်ရှားသည်။ ၁၉၈၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတောင်းဆိုမှုမှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ခိုင်ခိုင်မတ်မတ် ရပ်တည်ခဲ့ကာ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ဦးလည်မသုန် ဆက်လက် ထမ်းဆောင်နေသူတဦး ဖြစ်သည်။

ခေတ်ပြိုင်သတင်းထောက် မြတ်ခိုင်ဦး ရေးသားသည်။

နမ်းခမ်း-ဗန်းမော်ကားလမ်း ဆိုးဆိုးဝါးဝါး ပျက်စီး

ကချင်ပြည်နယ် ဗန်းမော်မြို့နှင့် တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းမြို့အကြား ဆက်သွယ်ထားသည့် မော်တော်ကားလမ်းမှာ ယခုနှစ်အတွင်း ဆိုးဆိုးဝါးဝါး ပျက်စီးနေပြီး ခရီးသည်တင် ကားငယ်များမှာ (၂) ရက်မှ (၃) ရက်အထိ လမ်းခရီးတွင် အချိန်ကြာမြင့်နေကြရသည်။

ဗန်းမော်-နမ်းခမ်းကားလမ်းတွင် မံစီမြို့နယ် မဒါယံကျေးရွာမှစ၍ မံဝိန်းကြီးကျေးရွာအကြား မိုင် (၄ဝ) ဝန်းကျင် ရှည်လျားသည့် လမ်းပိုင်းအတွင်း ချိုင့်များ၊ ရွှံ့နွံများ ပြည့်နှက်နေ၍ လမ်းခရီးအကြား နွံအတွင်း ယာဉ်ဘီးများ နစ်မြှပ်နေသည်ကို ကူညီနိုင်ရန် ကား (၂) စီး၊ (၃) စီး ရှေ့ဆင့်နောက်ဆင့် မောင်းနှင်နေရကြောင်း ဗန်းမော်ကားသမားတဦးက ပြောသည်။

၎င်းက “ကားတွေက ဗွက်ထဲ နစ်ပြီဆိုရင် အဲဒီနေရာမှာ အနည်းဆုံး နာရီဝက်လောက်ကြာရော။ အဲဒါတွေက မန္တလေးအခေါ် တပြလောက် သွားရင် တခါ ကြုံနေရတယ်။ ဒီတော့ ကားတစီးတည်း မသွားရဲဘူး။ (၂) စီး၊ (၃) စီးရှိမှပဲ သွားနိုင်တာ။ ဗွက်နစ်ရင် ဆွဲတာ၊ တွန်းတာ လုပ်နိုင်အောင် အဖော်တွေပါမှ သွားရဲတာ။ အဲလိုမဟုတ်ရင် တောတောင်ထဲ ရေပြတ်၊ အစာပြတ် ဒုက္ခရောက်ကုန်မယ်” ဟု ပြောသည်။

ငွေကြေးတတ်နိုင်သူများ၊ အရေးကြုံသူများက ဗန်းမော်-လွယ်ဂျယ်လမ်းမှတဆင့် တရုတ်ပြည်ထဲမှဖြတ်၍ သွားနေကြကြောင်း၊ ငွေကြေးမတတ်နိုင်သူများကသာ ယခုလမ်းပိုင်းကိုသုံး၍ သွားလာနေကြသဖြင့် ခရီးသည်ရရှိမှု နည်းပါးကြောင်း အဆိုပါ ကားသမားက ပြောသည်။

၎င်းက “ဗန်းမော်ကနေ လွယ်ဂျယ်ကိုသွား၊ အဲဒီမှာ တရုတ်ထဲ ဝင်တဲ့ စာအုပ်လုပ်၊ တရုတ်ပြည်ထဲ ဖြတ်ပြီး မြန်မာပြည်ထဲ ပြန်ဝင်တယ်၊ နေ့ချင်းပေါက်ပဲ။ ငွေက (၃) သောင်းလောက်ကုန်တယ်။ အရေးတကြီး ရောက်အောင် သွားရတဲ့သူ၊ ငွေတတ်နိုင်သူတွေက အဲဒီတရုတ်ပြည်ထဲ ဖြတ်ပြီးသွားတဲ့လမ်း သုံးတယ်။ ဗန်းမော်-နမ်းခမ်းက တယောက် ကျပ် (၆,ဝဝဝ) ပဲ၊ ဈေးတော့ ကွာတယ်။ ဒါပေမယ့် အဲလို နေ့ချင်းပေါက်လမ်းမှာ ရက်ကြာတာရှိလို့ စီးတဲ့သူ သိပ်မရှိကြဘူး။ ကုန်ပစ္စည်းအတွက်နဲ့ပဲ သွားကြတာများတယ်” ဟု ပြောသည်။

မိုင် (၆ဝ) ကျော်ရှည်လျားသည့် ဗန်းမော်-နမ်းခမ်း လမ်းပြုပြင်ရေး ကန်ထရိုက်ရရှိထားသည့် အေးရှားဝေါလ် ကုမ္ပဏီက ပွင့်လင်းရာသီရောက်မှသာ လမ်းပြင်ဆင်ရန်ရှိပြီး ယခုကဲ့သို့ ကားလမ်းပျက်စီးရခြင်းသည် မှောင်ခိုကားကြီးများ သွားလာ၍ဖြစ်ကြောင်း ဗန်းမော်ဆောက်လုပ်ရေးဌာနရုံးနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။

၎င်းက “အရင်နှစ်တွေကတော့ ဆောက်လုပ်ရေးကနေ ပြင်တာ။ အခုတော့ အေးရှားဝေါလ်ကို (၇) လပိုင်းက ကန်ထရိုက်ပေးထားတယ်။ သူတို့က မိုးတွင်းကာလလည်း ဖြစ်နေလို့နဲ့ တူတယ်၊ လုပ်ငန်း မစနိုင်သေးဘူး။ အမှန်က အဲဒီလမ်းကို ကားကြီးတွေ ပေးမဖြတ်ခိုင်းဘူး။ ဆောက်လုပ်ရေးက ပိတ်ထားတယ်။ အဲဒါကို စစ်တပ်နဲ့ နယ်မြေခံ ရယကတွေ၊ ရဲတွေက ပိုက်ဆံယူပြီး သစ်ကားတွေ၊ အင်ကျင်းကျောက်နဲ့ ကျောက်စိမ်းသယ်တဲ့ ကားကြီးတွေ ဒီမိုးတွင်း ဖြတ်ခွင့်ပေးလိုက်တာ။ အဲဒါကြောင့် ဒီလောက်ထိ ဆိုးဆိုးဝါးဝါး ဖြစ်သွားတာ” ဟု ပြောသည်။

ခေတ်ပြိုင်သတင်းထောက် ခိုင်လင်း ရေးသားသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) စည်းရုံးရေးစတင်

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေသည် မိမိဝင်ရောက်အရွေးခံမည့် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စည်းရုံးရေးများ စတင်ပြုလုပ်နေပြီဖြစ်သည်။

ယင်းပါတီမှ အဆိုပါမြို့နယ်တွင် ၀င်ရောက်အရွေးခံကြမည့်သူများအကြောင်း ကိုယ်ရေးအချက်အလက်များပါသည့် လက်ကမ်းစာစောင်ကို ပြည်သူများက လိုလိုလားလား လက်ခံယူကြကြောင်း ဦးသုဝေက ပြောသည်။

“ကျနော်က အဲဒီလောက်တောင် မထင်ထားဘူး။ အခု ပထမဆုံးအနေနဲ့တော့ တွေ့ကြုံရတဲ့အနေအထားကို သုံးသပ်ရရင်တော့ ပြည်သူတွေက ဘယ်သူ့ကိုမဲပေးရမယ်၊ ဘယ်သူ့ကို မဲမပေးရဘူးဆိုတာ သိနေကြပြီလို့ ယူဆရတယ်” ဟု ၎င်းက ပြောသည်။

ဦးသုဝေသည် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကြံ့ဖွံ့မှ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် အဓိက ယှဉ်ပြိုင်အရွေးခံရမည်ဖြစ်ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူ ကုန်သည်တဦးက “ကျနော်တို့က ဈေးရောင်းတဲ့သူတွေလေ၊ ရုတ်တရက် ပါတီသီချင်းသံတွေကို ကြားရတော့ စိတ်ဝင်စားတယ်။ ကျနော်တို့မြို့နယ်မှာတော့ ဦးသုဝေတို့ပါတီက ကြံ့ဖွံ့ပါတီပြီးရင်တော့ ဒုတိယ စည်းရုံးရေးဆင်းတာလို့ပဲ ပြောရမှာပါ။ ကြံ့ဖွံ့ကတော့ အမြဲတမ်းပေါ့ဗျာ။ ဒါပေမယ့် ပုံစံချင်းကွာတယ်။ ဒီမှာ ပါတီဥက္ကဋ္ဌကိုယ်တိုင် လာတယ်၊ ပွင့်လင်းတယ်ပေါ့။ ကျနော်တို့လည်း အဲဒီပါတီကို သိတယ်။ လူကိုလည်း ကြိုက်တယ်လို့ ပြောရမှာပါ” ဟု ဆိုသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဦးသုဝေ (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း)၊ ဦးတင့်နိုင်(အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း)၊ ဦးလှဌေး (ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ်လောင်းတို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

“ကြံ့ဖွံ့ပါတီကတော့ဗျာ၊ ကျနော်တို့ မြို့နယ်မှာတော့ လမ်းတွေခင်းပေးနေတယ်၊ ပါတီဝင်ခိုင်းတယ်လေ။ ဘာပဲဖြစ်ဖြစ် မဲပေးတဲ့စနစ်ကတော့ ဘယ်သူမှမမြင်ရဘူးလို့ သိထားတယ်။ ကျနော်တို့ မဲပေးချင်သူကို ပေးမယ်ဗျာ” ဟု ကြံဖွံ့ပါတီဝင်တဦးက ပြောကြားသည်။

ခေတ်ပြိုင်သတင်းထောက် မျိုးချစ်သူ ရေးသားသည်။

တပ်မဟာ (၇) ဒေသတွင် တပ်လှန့်ထား

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဒေသအတွင်း နအဖလက်အောက်ခံတပ်ရင်း (၂) ရင်း လာရောက်တပ်စွဲကာ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် အရေးပေါ်တပ်လှန့်ထားသည်ဟု တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက ပြောသည်။

၎င်းက “ဒီလ (၂၄) ရက်နေ့ကစပြီး တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၁၀) နဲ့ (၂၀၃) တပ်ရင်းတွေ ကျနော်တို့နယ်ထဲမှာလာပြီး တပ်စွဲထားတယ်။ ဒီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ ကျနော်တို့တပ်တွေကိုလည်း အရေးပေါ် တပ်လှန့်ထားပါတယ်” ဟု ပြောသည်။

နအဖတပ်ရင်း (၂) ရင်း လာရောက်တပ်စွဲထားသည့် ဒေသမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့နှင့် ဘားအံမြို့နယ်အတွင်းရှိ တပ်မဟာ (၇) ဒေသ မဲ့စလေနှင့်လယ်ပေါ်ဟဲအရပ်တွင် ဖြစ်သည်ဟု တပ်မဟာမှူးက ပြောသည်။

အဆိုပါဒေသတွင် နအဖတပ်များ၊ နယ်ခြားစောင့်တပ်များ၊ ဒီကေဘီအေနှင့် ကေအန်အယ်လ်အေ တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလျက်ရှိပြီး ကရင်နယ်ခြားစောင့်တပ်ရင်းများသည် မွန်ပြည်နယ် သံဖြူဇရပ်မြို့ ၀ဲကလိကျေးရွာရှိ လေ့ကျင့်ရေးကျောင်းတွင် မွန်းမံသင်တန်း တက်နေသဖြင့် ထိုတပ်ရင်း (၂) ရင်းက ယာယီလုံခြုံရေးယူထားခြင်း ဖြစ်သည်ဟု နယ်ခြားစောင့်တပ်မှ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ထိုင်းနယ်ခြားစောင့်တပ်မှ အရာရှိတဦးကမူ “ဗမာဘက် ကမ်းနဖူးမှာ ဗမာတပ်ရင်း (၂) ရင်းက တပ်စခန်းတွေ၊ ကတုတ်ကျင်းတွေ၊ ဘန်ကာတွေ အခိုင်အခန့် ဆောက်နေတာဆိုတော့ သူတို့ဒီနေရာမှာ အမြဲတပ်စွဲမယ့် အနေအထားရှိတယ်။ ဒီဒေသမှာ မကြာခင် တိုက်ပွဲကြီးတွေ ပြန်ဖြစ်နိုင်တယ်” ဟု ပြောသည်။

ဗိုလ်မှူးချုပ် ဂျော်နီက “နအဖ၊ ဒီကေဘီအေ၊ ကရင်နယ်ခြားစောင့်တပ်၊ ဘယ်တပ်ပဲဖြစ်ဖြစ် ကျနော်တို့ဘက်ကတော့ အရင်သွားမတိုက်ဘူး၊ သူတို့က လာတိုက်ရင်တော့ လုံးဝသည်းခံမှာ မဟုတ်ဘူး။ ကျနော်တို့ဘက်မှာ စစ်ရေးပြင်ဆင်မှုတွေ အရန်သင့်ပဲ” ဟု ပြောသည်။

ယခင်လ (၁၈) ရက်မှစ၍ ကရင်နယ်ခြားစောင့်တပ်များ ဖွဲ့စည်းပြီးသည့်နောက်ပိုင်း ကေအန်အယ်လ်အေ တပ်မဟာ (၇) သို့ ကရင်နယ်ခြားစောင့်တပ်မှ အရာရှိအရာခံ အကြပ်တပ်သားများနှင့် မိသားစုဝင် (၁၅၀) ခန့် လက်နက်ခဲယမ်းမီးကျောက် အလက် (၈၀) ခန့်နှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ၎င်းက ပြောသည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) ဒေသ၌ ပျှမ်းမျှတလလျှင် တိုက်ပွဲကြီးငယ် (၅) ကြိမ်ခန့် ဖြစ်ပွားလျက်ရှိပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိသည့် ဒေသဖြစ်သည်ဟု သိရသည်။

ခေတ်ပြိုင်သတင်းထောက် ရဲရင့် ရေးသားသည်။

လူငယ်တစ်ဦးအားမွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှပစ်ခတ်မှုကို ရဲစခန်းအမှုမဖွင့်ပေး

မင်းချမ်း(စက်တင်ဘာ-၂၉)။ ။ လူငယ်တစ်ဦးအား မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့မှ သေနတ်ပစ်ခတ်သဖြင့် မော်လမြိုင်ဆေးရုံကြီး အရိုးအကြောဌာန၌ ကုသခံနေရကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။

ထိုသို့အပစ်ခတ်ခံရသူလူငယ်တစ်ဦးမှာ သံဖြူဇရပ်မြို့ပေါ်၊ အောင်မင်္ဂလာရပ်ကွက်မှ အသက်(၁၆) နှစ်ရှိ၊ မောင်အောင်သူဖြစ်ပြီး ပုခုံးရိုးတစ်ဖက်ရှပ်မှန်သွားသည်ဟု သိရသည်။

ယင်းဖြစ်စဉ်အားအမှုဖွင့်ရန် သံဖြူဇရပ်မြို့မရဲစခန်းသို့ ကာယကံရှင်များတိုင်တန်းသော်လည်း အမှုမဖွင့်ပေးဟု ဆိုပါသည်။

“လက်နက်ကိုင်အဖွဲ့အစည်းဖြစ်နေတယ်၊ ရဲမှာအမှုဖွင့်မရဘူးတဲ့၊ ဘယ်သူ့ကိုသွားတိုင်ရမှာလဲ၊ မပြောတတ်တော့ဘူး” ဟု အမည်မဖေါ်လိုသော ကာယကံရှင်နှင့်ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

သံဖြူဇရပ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် ယခုကိစ္စအား ဖြေကြားခွင့်မရှိကြောင်း တာဝန်မှုးကပြောပါသည်။

“အပစ်ခံရတဲ့လူက လက်ပစ်ဗုံးနဲ့သူတို့ကိုပစ်တယ်လို့ဆိုပြီး သေနတ်နဲ့ပြန်ပစ်တာလို့ဆိုတယ်၊ တကယ်မှာတော့ လက်ပစ်ဗုံးလည်းမရှိဘူး၊ သူတို့ကိုကလက်နက်ကိုင်ခွင့်ရထားပြီး တမင်ကိုပစ်ခတ်တာပါ” ဟု အဆိုပါဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

လွန်ခဲ့သည့်စက်တင်ဘာလ(၂၂) ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်ရွာအနီး၌ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ နိုင်ချစ်စိန်နှင်အတူလိုက်ပါခဲ့သည့် တပည့်တစ်ဦး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“နိုင်ချစ်စိန်က သူ့ကိုလုပ်ကြံမယ့်သူရှိတဲ့သတင်းထွက်နေတယ်၊ ဘယ်သူ့ကိုမှသူစိတ်မချတော့ဘူး၊ လမ်းသွားတိုင်းသတိနဲ့ပဲ” ဟု မွန်ပြည်သစ်ပါတီမှအနားယူခဲ့သူ ရဲဘော်ဟောင်းတစ်ဦး ပြောသည်။

ယမန်နှစ်စက်တင်ဘာလတွင် သံဖြူဇရပ်မြို့အဝင် ခလရ(၆၂)တပ်ရင်းရှေ့ကားလမ်းမပေါ်၌ အမည်မသိသေနတ်သမားတစ်ဦးပစ်ခတ်ခဲ့ရာ နိုင်ချစ်စိန်နှင့် တပည့်တစ်ဦးသေနတ်ဒဏ်ရာ ရရှိခဲ့ဘူးသည်။

ကျုံကဒတ်ရွာနှင့် ကျိုက္ခမီအကြားရှိ ရသေ့တောင်ရွာတွင် မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်အစိုးရကထားရှိခွင့် ပြုခဲ့သည်။

စုံစမ်းသိရှိချက်များအရ မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့တွင် လူအင်အား(၃၀) နီးပါးခန့်ရှိသော်လည်း လက်နက်ပြည့်စုံမှုမရှိပေ။

ယင်းတပ်ဖွဲ့သည် နိုဝင်ဘာလ(၇) ရက်နေ့မတိုင်မီ ပြည်သူ့စစ်တပ်အသွင်ပြောင်းလဲရန် စစ်အစိုးရထံ တင်ပြထား သော်လည်း သတ်မှတ်အင်အားစာရင်း မပြည်မီသဖြင့် အကောင်အထည်မဖေါ်နိုင်ဖြစ်နေသည်။

မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့တွင် မွန်ပြည်သစ်ပါတီမှစစ်အစိုးရထံဘက်ပြောင်းခဲ့သူ ဗိုလ်ချုပ်အောင်နိုင် ဦးဆောင်ဖွဲ့စည်းခဲ့ပြီး သူကွယ်လွန်ပြီးနောက် ဗိုလ်မှူးကြီးနိုင်ရှောင် ဆက်လက်ဦးဆောင်နေသည်။

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းအပစ်ခတ်ခံရ

မင်းထက်အောင်(စက်တင်ဘာ-၂၉)။ ။ ဗျုဟာမှူးတစ်ဦးအပါအဝင် ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းတပ်ရင်းနှစ်ရင်းအား ယနေ့နံနက်ပိုင်း၌ မိမိတို့ပြောက်ကျားပစ်ခတ်ခဲ့ကြောင်း KNU ကပြောသည်။

“အထိအခိုက်စာရင်းတွေ အတည်မပြုနိုင်သေးပါ၊ ကျနော်တို့တပ်ဖွဲ့ပစ်ခတ်တာကတော့သေချာတယ်” ဟု တပ်မဟာ(၆) ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်ကြီးစောထဲနေ ပြောပါသည်။

ဘုရားသုံးဆူမြို့မှ (၁၈) မိုင်ခန့်ဝေးကွာသော အပလုံရွာနှင့် မြိုင်သာယာရွာအကြားတွင် ယင်းကဲ့သို့ ပစ်ခတ်မှုဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

တဖန် ဗိုလ်ကြီးစောထဲနေက “ အဲဒီကနေနှစ်မိုင်လောက်ဝေးတဲ့ နေရာမှာလည်း မနက်(၁၁) နာရီမှာလက်နက်ကြီးသံတွေ ငါးမိနစ်လောက်ထပ်ကြားရပြန်တယ်၊ ဒါပေမယ့်ကျနော်တို့အဖွဲ့တော့ အဲဒီမှာမရှိတော့ဘူး” ဟု ပြောသည်။

ဒေသခံမွန်ပြည်သစ်ပါတီအရာရှိတစ်ဦးက အဆိုပါသေနတ်သံများကြားရသော်လည်း မွန်ပြည်သစ်တပ်ဖွဲ့များနှင့် ပစ်ခတ်မှုမရှိခဲ့ဟု ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ထို့အတူ ယခုလ(၂၄)ရက်နေ့တွင်လည်း အဆိုပါစစ်ကြောင်းအား လေးဖိုးရွာအနီးတွင် KNU မှခြောင်းမြောင်းပစ်ခတ်ခဲ့ရာ နအဖဖက်မှတစ်ဦးထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ(၆)မှ ပြောသည်။

ထိုသို့အပစ်ခတ်ခံရပြီးနောက် ၄င်းနအဖစစ်ကြောင်းသည် ကားလမ်းအတိုင်း ခြေလျှင်မလာတော့ဘဲ တောင်ကြောများပေါ်မှတဆင့် ဆက်လက်ချီတက်ခဲ့ပြန်ရာ လွယ်လွယ်နှင့်ခရီးမတွင်ဖြစ်နေသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ရှေ့တန်းစစ်ဗျူဟာ(၃)မှ ဗိုလ်မှူးကြီးတင်မောင်ထွန်းနှင့်အတူ ခလရ(၂၈၃)၊ ခမရ(၄၀၅) တပ်ရင်းနှစ်ရင်း ပါရှိလာသည်။

“နှစ်ရက်ခရီးကို တစ်ပတ်နီးပါးလောက်အချိန်ယူပြီးလာရကတည်းက လမ်းမှာလုံခြုံရေးတွေ တော်တော်သတိထားနေရလို့ပါ” ဟုနယ်စပ်စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦး အကဲခတ်ပြောဆိုသည်။

အဆိုပါခလရ(၂၈၃) သည် လက်ရှိဘုရားသုံးဆူအခြေစိုက် ခလရ(၃၂)တပ်ရင်းနေရာတွင် အစားထိုးဝင်ရောက်လာမည်ဟု စုံစမ်းသိရှိရသည်။

သတင်းမှတ်တမ်းများအရ ယင်းရတခတိုင်းစစ်ဗျူဟာမှူးများသည် ဘုရားသုံးဆူနယ်စပ်မြို့သို့ မလာရောက်နိုင်သည်မှာ (၂) နှစ်ခန့် ရှိပြီးဖြစ်သည်။

ထိုသို့ တိုင်းရှေ့တန်းစစ်ဗျူဟာမှူးတစ်ဦး ယခုအချိန်လာရောက်ခြင်းသည် ထူးခြားမှုတစ်ရပ်ဟု စစ်ရေးစောင့်ကြည့်သူများ အကဲခတ်နေကြသည်။

ရွေးကောက်ပွဲ အတွက် ရဲတပ်သားသစ်များ စုဆောင်း သင်တန်းပို့ချ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရွေးကောက်ပွဲ လုံခြုံရေးတွင် အသုံးပြုမည့် ရဲတပ်သားသစ် အခြေခံ သင်တန်း တစ်ခုကို စက်တဘာင်္လ ၂၀ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက “ သင်တန်းကို စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက်မှာ တည်ရှိတဲ့ ပြည်နယ်ရဲ အရံဝင်းထဲမှာရှိတဲ့ ဂစ္ဆပနဒီ ခန်းမမှာ စက်တင်္ဘာလ ၂၀ ရက်နေ့ နံနက် ၇ နာရီမှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ သင်တန်းသားက စုစုပေါင်း ၁၆၀ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ လုံခြုံရေး အတွက် သူတို့ကို သင်တန်းပေးတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပုံမှန်ရဲသင်တန်းမှာ ၆ လထိ ကြာမြှင့်သော်လည်း ယခုရဲသင်တန်းကို သုံးပတ်နှင့် အပြီးသတ် ပြုလုပ်မည်ဟု သူက ပြောသည်။

“ ရွေးကောက်ပွဲ လုံခြုံရေး အတွက် အရေးပေါ် ခေါ်ယူပြီး ပြုလုပ်ရတဲ့ သင်တန်း ဖြစ်တဲ့ အတွက် သင်တန်းက သုံးပတ်ဘဲ အချိန်ရပါတယ်။ အဓိကအားဖြင့် အခြေခံ စစ်ရေးပြနဲ့ အဓိဂရုဏ်း နှိမ်နှင်းရေး လေ့ကျင့်ခန်းတွေကို သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယခု သင်တန်းတွင် တက်ရောက်သင်ကြားနေသူ ရဲတပ်သားသစ်များမှာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က စုဆောင်းထားသော သင်တန်းသား သစ်များ ဖြစ်ပြီး အများစုမှာ စာမတတ်သူများ ဖြစ်သည်ဟု သိရသည်။

သူတို့အား ရဲသား တစ်ဦး၏ လစာ အပြည့်ဖြင့် ခန့်အပ်မည် ဖြစ်သော်လည်း ရွေးကောက်ပွဲပြီးပါက ဆက်လက် ခန့်အပ်မည် မခန့်မည်ကို တပ်အပ် သေချာ မပြောနိုင်ကြောင်း အဆိုပါရဲ အရာရှိက ပြောသည်။

အခြေခံ ရဲသားသစ် သင်တန်း ဖွင့်ပွဲသို့ ရဲအရာရှိ အတော်များများ တက်ရောက်ခဲ့ကြပြီး ယခုအခါ အဆိုပါ ရဲအရာရှိများက သင်တန်းသားသစ်များကို အနီးကပ် သင်တန်း ပို့ချလျှက် ရှိကြောင်း သတင်း ရရှိပါသည်။

နိရဉ္စရာသတင်းထောက် သင်းသဇင်ခိုင် ရေးသားသည်။

နစက တပ်သား တစ်ဦး ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေး

နယ်စပ်တွင် တာဝန်ထမ်းဆောင်နေသော မြန်မာ နစက တပ်ဖွဲ့ဝင် တစ်ဦးသည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ စက်တင်္ဘာလ ၂၇ ရက်နေ့က ထွက်ပြေးသွားကြောင်း နယ်စပ်မှ ပေးပို့သည့် သတင်းအရ သိရသည်။

ထွက်ပြေးသွားသည့် နစကတပ်သားမှာ မောင်တောမြို့နယ် မြောက်ပိုင်း အမှတ်(၂) နယ်မြေ မီးတိုက် စခန်းတွင် တာဝန်ကျနေသည့် တပ်သား မောင်မြသောင်း ဖြစ်သည်။

“တနင်္လာနေ့ နေ့လည်ပိုင်းကတည်းက ဘင်္ဂလာဘက်မှာရှိတဲ့ ရဲစု ရခိုင်ရွာဘက်ကို ထွက်ပြးသွား ပါတယ်။ လက်နက်တော့ ပါမသွားဘူး။ အခုသူ ဘယ်မှာရောက်နေတယ်ဆို တာလည်း အတိအကျ မသိရသေးဘူး။” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထွက်ပြေးသွားသည့် နစက တပ်သားကို ဖမ်းဆီးနိုင်ရန် အတွက် မြန်မာနစက တပ်ဖွဲ့နှင့် ဘင်္ဂလား ရိုင်ဖယ် တပ်ဖွဲ့ဝင်များ နှစ်ဘက် နယ်စပ်တွင် တည်ရှိသော ရခိုင်ကျေးရွာများကို ရှာဖွေရေး ပြုလုပ်နေ ကြောင်း သူက ပြောသည်။

မောင်မြသောင်းမှာ အသက် ၂၄ နှစ် ဖြစ်ပြီး ဘူး သီးတောင်မြို့နယ် တောင်ရင့်ကြီးကျေးရွာ ဇာတိဖြစ်ကြောင်း ဒေသခံ နစက တပ်ဖွဲ့မှ အထက်သို့ တင်ပြသော အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ယခု ဘင်္ဂလာဒေခ်ျ့သို့ နစက တပ်သား တစ်ဦးထွက်ပြေးမူမှာ ၈ ဦးမြောက် ဖြစ်ပြီး ယခင်လ အတွင်းကလည်း နစက တပ်သား နှစ်ဦး ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင်းသို့ ထွက်ပြေး တိမ်းရှောင် လာခဲ့သည်။

နစက တပ်ဖွဲ့မှာ မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် အခြေစိုက်သော တစ်ခုတည်းသော လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ပြီး ယခုအခါ အထက်အောက် အဆင့်အတန်း ကွာခြားမူ၊ လစာ မလုံလောက်မူ၊ အလုပ်ကြမ်း စေခိုင်းမူများကြောင်း အောက်ခြေ တပ်သားများ အဆင့်တွင် အထူး မကျေနပ်မူများ တိုးပွားနေကြောင်း သတင်း ရရှိသည်။

နိရဉ္စရာသတင်းထောက် မောင်အေး ရေးသားသည်။