Burma’s 2010 Election Campaign: Issues for Congress

ဘုရားသုံးဆူကုန်းလမ်းရေလမ်းကြောင်းကို ထပ်မံပိတ်ပင်လိုက်ပြီး

ကိုသိုက်(ဒီဇင်ဘာ-၁၄)။ ။ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့ကိုသွားသည့် ဇမိချောင်းရေလမ်းခရီးကို ဒီဇင်ဘာ လ(၁၁)ရက်နေ့တွင် ကြာအင်းဆိပ်ကြီးဒေသခံဗျူဟာမှူးမှ လှေလမ်းကြောင်းကိုပိတ်ပြီးနောက်ပိုင်း ကေအာန်ယူ ဘက်မှတဖန် ကုန်းလမ်းရေလမ်းကိုပါ ထပ်မံပိတ်ပင်လိုက်သည်ဟု ဒေသခံအာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးမှ ပြောသည်။

ယခုလိုရေကြောင်းလမ်းရော ကုန်းလမ်းကိုပါ ပိတ်ပင်ခဲ့သည့်အတွက် ကုန်သည်တွေရော ခရီးသွားတွေပါ အခက်အခဲတွေ့နေသည်ဟု ကုန်သည်တစ်ဦးကယခုလိုပြောပါသည်။

“ကျွန်းချောင်းမှာကုန်သည်တွေပိတ်မိနေတယ်။ သွားလာလို့မရဘူး။ အဲဒီကျွန်းချောင်းမှာဘဲသောင်တင် နေတယ်။ သုံးရက် လေးရက်လောက်ရှိပြီး။ ဂွကျနေတယ်။ ဆိပ်ကြီးမှာရှိတဲ့ခရီးသည်တွေကတခါ ဟိုရေးဘက် ပတ်ပြီးတော့လာရတော့ ကုန်ကျစရိတ်များတာပေါ့။ ဝေးတာပေါ့။”

ဒီဇင်ဘာလ(၉)ရက်နေ့နှင့်(၁၀)ရက်နေ့တွင် စစ်အစိုးရတပ်နှင့် ကေအာန်ယူခေါ်ကရင်အမျိုးသားအစည်း အရုံးလက်အောက်ခံတပ်ရင်း(၁၆)တပ်ဖွဲ့များ မဲကသာရွာတွင်တိုက်ပွဲဖြစ်ပွါးခဲ့အပြီး ဒေသခံစစ်အာဏာပိုင်များမှ ရေလမ်းကိုပိတ်ပင်ခဲ့သည်။ အဆိုပါအနေအထားတွင် ကေအာန်ယူဘက်မှလည်း စစ်ရေးလှုပ်ရှားမှုများပြားလာ သောအခြေအနေကြောင့် ခရီးလမ်းကိုထပ်မံပိတ်ပင်ခဲ့သည်ဟု တပ်မဟာ(၆) စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးမှ ဆိုသည်။

ကရင်ပြည်နယ်ဘုရားသုံးဆူမြို့မှ ကြာအင်းဆိပ်ကြီးကိုသွားသည့် ရေကြောင်းလိုင်းကို မြန်မာစစ်အာဏာ ပိုင်မှ ဒီဇင်ဘာလ(၅)ရက်နေ့တွင် ပြန်လည်ဖွင့်ခဲ့ပြီး ခုတဖန်ထပ်မံပိတ်ပင်ထားပါသည်။

ယခုလိုရာသီမှာတွင် မော်တော်ကားလမ်းမပေါက်သေးသည့်အတွက် ရေကြောင်းလမ်းကိုသာ အဓိကထားအားကိုးနေရသည်ဟု ကုန်သည်များမှပြောပါသည်။

ဘုရားသုံးဆူဒေသတွင် စစ်အစိုးရတပ်ဖွဲ့များနှင့် ကေအာန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံး၊ ဒီကေဘီအေတပ်ဖွဲ့များနှင့် စစ်ရေးအရတိုက်ခိုက်မှု ပိုပြီးမြင့်လာနေသည်ဟု မြို့ခံများမှပြောပါ သည်။

ယခုလိုစစ်ရေးတင်းမာလာမှုကြောင့် လမ်းခရီးတွေပိတ်ပင်ထားရသည့်အတွက် ကုန်စည်စီးဆင်းမှုများ ရပ်တန့် နေသလို ခရီးသွားတွေအတွက် ခက်ခဲမှုရှိနေသည်ဟု ဒေသခံကုန်သည်များမှပြောပါသည်။

လက်နက်ချဒီကေဘီအေတပ်မှူးအချို့ စစ်အစိုးရအရေးယူခံရနိုင်သည်ဟုသတင်းထွက်ပေါ်

မင်းချမ်း(ဒီဇင်ဘာ-၁၄)။ ။ ယခုရက်ပိုင်းအတွင်း စစ်အစိုးရထံ လက်နက်ချအညံ့ခံခဲ့ကြသည့် ဒီကေဘီအေတပ်မှူးအချို့အရေးယူခံရနိုင်သည်ဟု ယင်းအဖွဲ့အစည်းနှင့်နီးစပ်သည့် ကရင်အမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ချတပ်မှူးတချို့ကိုအရှေ့တောင်တိုင်းကခေါ်ထားတယ်၊ အခြေအနေသိပ်မကောင်းဘူးလို့ ပြောနေကြတယ်” ဟု အဆိုပါကရင်အမျိုးသားက ပြောသည်။

၎င်းအပြောအရ မြိုင်ကြီးငူဆရာတော်၏လက်ထောက်ဆရာတော်တပါးက ဒီကေဘီအေ ၉၀၇ တပ်ရင်းမှူးနော်တရာအပါအဝင်တပ်မှူး ၄ ဦးတို့ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ယခုရက်ပိုင်းတွင် လိုက်လံပို့ဆောင်ခဲ့သည်ဟု သိရသည်။

သို့သော် အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ သက်ဆိုင်သူများနှင့် သီးခြားအတည်ပြုချက်မရရှိသေးပေ။

ယနေ့စစ်အစိုးရထုတ် သတင်းစာများရေးသားချက်၌ ဒီဇင်ဘာ ၉ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း နိုင်လွင်၊ စောလှဒါး၊ စောအောင်ဆန်း၊ နော်တရာ၊ ချင်းလုံ၊ စောစိန်သန်းနှင့် စိုးမိုးတို့အပါအဝင် စုစုပေါင်း ၅၁ ဦး ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့သည်ဟု ဖေါ်ပြပါရှိသည်။

အဆိုပါသတင်းစာ၌ KNU အကြမ်းဖက်သောင်းကျန်းသူ စောလားဘွယ်အဖွဲ့မှ အဖွဲ့ဝင် ၅၁ ဦး အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ၌ ဝင်ရောက်ခဲ့သည်ဟု ရေးသားဖေါ်ပြခဲ့သည်။

သို့သော် စောလားဘွယ် (ခေါ်) ဗိုလ်မှူးချုပ်နှုတ်ခမ်းမွေးသည် KNU အဖွဲ့ဝင်မဟုတ်ကြောင်း၊ နယ်ခြားစောင့်တပ်ဖွဲ့လိုက်မခံသည့် ဒီကေဘီအေမှဗိုလ်မှူးချုပ်တစ်ဦးဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနအသီးသီးတွင် အမြဲမပြတ်ရေးသားဖေါ်ပြနေသည်ကို တွေ့ရှိရသည်။

၁၅ နှစ်ကျော်ခန့် စစ်အစိုးရနှင့်အပစ်ရပ်ခဲ့သည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များသည် ရွေးကောက်ပွဲကျင်းပပြီးနောက်တစ်နေ့၌ မြဝတီနှင့်ဘုရားသုံးဆူမြို့များကို သိမ်းပိုက်ခဲ့သည့်အတွက် စစ်အစိုးရတပ်ဖွဲ့များနှင့် ယနေ့အထိတိုက်ပွဲများဆက်လက်ဖြစ်ပေါ်လျှက်ရှိနေကြောင်း သတင်းများတွင်ဖေါ်ပြနေသည်။

ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့သည်ဟု စစ်အစိုးရသတင်းရေးသားချက်များမှာ လက်နက်ချသည်ဟုအဓိပ္ပါယ်ရှိပြီး လက်နက်အရေအတွက်ဖေါ်ပြထားခြင်းမရှိသဖြင့် စစ်အစိုးရသတင်းစာဖေါ်ပြသည့် ၅၁ ဦးမှာ လက်နက်မဲ့လက်နက်ချခဲ့သည်ဟု ယူဆရကြောင်း နယ်စပ်စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

“ဘုရားသုံးဆူမှာစတင်ပစ်ခတ်ဖို့ အမိန့်ပေးခဲ့တာ နော်တရာပဲ၊ ဒါကြောင့်သူ့ကို နအဖကနိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲမယ်လို့ပြောဆိုသံတွေထွက်ပေါ်နေတယ်” ဟု ကေအဲန်ယူတပ်မဟာ ၆ မှအမည်မဖေါ်လိုသူ အရာရှိတစ်ဦးက ပြောသည်။

အလားတူ ယခုလ ၄ ရက်နေ့ထုတ် သတင်းစာများတွင်လည်း ကရင်တောတွင်းလက်နက်ကိုင်အဖွဲ့ ၃၄ ဦး လက်နက်ချခဲ့သည်သတင်း၌ လက်နက်စာရင်းများနှင့်တကွ အသေးစိတ်ဖေါ်ပြထားသည်ကို ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

စစ်အစိုးရသတင်းစာရေးသားချက်တွင် လက်နက်ချသည့်နေရာဒေသများအား အတိအကျရေးသားဖေါ်ပြခဲ့ခြင်းမရှိပဲ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေဟုသာ ယေဘူယျသဘောသာ ဖေါ်ပြခဲ့သည်။

လက်ရှိအရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေသည် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်ဟု သိရသည်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကနဲလေးရွာသားတဦး ဒဏ်ရာရရှိ

နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဝေါ်လေဂွင်ရှိ ကနဲလေးစခန်ထိုင် နအဖတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀နာရီကျော်အချိန်တွင် ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရွာသားတဦး ကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း ရွာခံများ၏ ပြောပြချက်အရ သိရသည်။

ကနဲလေးကျေးရွာ အခြေစိုက် နအဖ ခမရ(၄၀၄)နှင့် ခလရ(၉၇)တပ်ဖွဲ့ဝင်များက ၎င်းတို့တပ်စခန်းမှ ရွာအတွင်းသို့ ပစ်ခတ် ခြင်းဖြစ်ကြောင်း ဝေါ်လေဒေသတွင် အခြေစိုက်သည့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)၏ ဒုရင်းမှူး ဗိုလ်မှူးစောကြည် အောင်က ယခုလို အတည်ပြု ပြောဆိုခဲ့သည်။

“ကနဲလေးမှာ အခြေစိုက်တဲ့ ခမရ(၄၀၄)နှင့် ခလရ(၉၇)တပ်ဖွဲ့တွေက ဒီမနက် ၁၀နာရီကျော်ကျော်မှာ လက်နက်ကြီးတွေ လိုက် ပစ်တယ်။ ငါးချက်လောက် ပစ်တာ။ သူတို့ပစ်တာက ကနဲလေးရွာထဲကို တည့်တည့်ဆိုတော့ အဲဒီမှာ ရွာသားတယောက် ဒဏ် ရာရသွားတယ်။ သူ့ရဲ့ တင်ပါးနဲ့ ခြေသလုံးမှာ လက်နက်ကြီးအစ ထိမှန်သွားတယ်။”ဟု ကေအိုင်စီကို ပြောသည်။

နအဖ စစ်တပ်များ ယနေ့မနက် ပစ်ခတ်လိုက်သည့် လက်နက်ကြီးတလုံးမှာ ဒဏ်ရာရရှိသွားသည့် ကနဲလေးရွာသား စောဟေ့ သား ၃၀နှစ်၏ အိမ်အနားတွင် ကျရောက်ခဲ့ပြီး ထိခိုက်သွားသည်ကို အဆိုပါ နအဖတပ်ဖွဲ့ဝင်များက ကျေးရွာထဲကို ၀င်ရောက် ကာ ဒဏ်ရာရသူ ရွာသားကို သွားရောက်ကြည့်ရှုခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။

သူက “ကျနော်သိရသလောက် စစ်တပ်က သူတို့ စခန်းထဲမှာနေပြီးတော့ ရေဆင်းချိုးဖို့ကို အနီးအနားမှာ ဘာရှိသလဲဆိုတာ သိရအောင် လှမ်းပစ်တာတဲ့။ အဲလိုပစ်လိုက်လို့ ဒဏ်ရာရသွားတဲ့ ရွာသားကို သူတို့ သွားကြည့်တယ်လို့ ကျနော်ကြားတယ်။ ဒီ နအဖတပ်တွေကလည်း ကရင်စစ်သားတွေ ဘယ်မှရှိမှန်းမသိဘဲ အရမ်းလျှောက်ပစ်တာကိုး။ ရွာသားတွေကို ထိမှာပေါ့။”ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ နအဖ တပ်များသည် ၎င်းတို့ဝင်ရောက်လှုပ်ရှားသည့် ဒေသများတွင် ကေအဲန်အယ်လ်အေ တပ်ဖွဲ့များ ၏ ချုံခိုပြောက်ကျားတိုက်ခိုက်ခြင်းကို ခံရဖန်များလာသည့်အတွက် ကေအဲန်အယ်လ်အေတပ်ဖွဲ့များ ရှိနိုင်သည့်နေရာများကို ခန့်မှန်းကာ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိရာမှ ဒေသခံများ ထိခိုက်သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၉ရက်နေ့က နအဖတပ်မှ ဝေါ်လေကျေးရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်ခဲ့မှုကြောင့် ရွာသားတဦး ဒဏ်ရာရရှိခဲ့သလို ၁၀ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကြာအင်းရွာတွင် နအဖမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးအ စ ထိမှန်ခဲ့ခြင်းကြောင့် ၁၃နှစ်အရွယ် မိန်းကလေးတဦး သေဆုံးခဲ့ပြီး ယောက်ျားလေးတဦး ဒဏ်ရရှိခဲ့သေးသည်။

တာ့ပင်းဂိတ်ပြန်ဖွင့်နိုးနိုး သတင်းကြောင့် ကျိုင်းတုံကုန်ကား အသိုင်းအ၀ိုင်းရင်မောစွာ စောင့်ဆိုင်း

ရက်ပေါင်း ၂၀ ကြာပိတ်ထားသည့် ကျိုင်းတုံနှင့် မိုင်းလားအကြားရှိ နမ့်လွေချောင်း တာ့ပင်းဂိတ် ပြန်ဖွင့်နိုးနိုး သတင်း ကြောင့် လွန်ခဲ့သည့် စနေ တနင်္ဂနွေကစ၍ ကျိုင်းတုံကုန်ကား အသိုင်းအ၀ိုင်းက ရင်မောစွာစောင့်ဆိုင်း အသင့်ပြင် နေကြသော်လည်း ယနေ့ မနက်ပိုင်းအထိ ထူးခြားမှု မရှိသေးကြောင်း ကျိုင်းတုံမှလာသော သတင်းများအရသိရသည်။

“ ဂိတ်ပြန်ဖွင့်မယ်ကြားလို့ ကုန်ကားတချို့ ကုန်တွေတင်ထားပြီးပြီ။ ကားဆရာတချို့ အိမ်ပြင်တောင်မထွက်ရဲဘူး။ ဂိတ်ဖွင့်တာနဲ့ ချက်ချင်း ခရီးထွက်ဖို့ပြင်ထားတာလေ” – ဟု ကျိုင်းတုံ-မိုင်းလား ကုန်ကားမောင်းသူတဦးကပြော ပြသည်။

ကျိုင်းတုံ-မိုင်းလား ပုံမှန်ပြေးဆွဲနေသော ၁၀ ဘီး/ ၆ ဘီး ကုန်တင်ကားကြီး ၃၀ ခန့်ရှိပြီး လူရောကုန်ပါတင်သည့် ပစ်ကပ်ကားမှာ အစီးရေ ၂၀ ခန့်ရှိသည်ဟု လည်း ၄င်းကပြောပြသည်။

“ ဒီသတင်းကြားတာ ၃-၄ ရက်လောက်ရှိပြီ။ တရက်ပြီးတရက် ဖွင့်မယ်ဖွင့်မယ်နဲ့ ခုချိန်အထိ ဘာမှမထူးခြားသေးဘူး။ ဘယ်နေ့ ဖွင့်မယ်ဆိုတာ ဘယ်သူမှလဲ အတိအကျမသိဘူး” ဟု တာချီလိတ်ရောက် ကျိုင်းတုံမှကုန်သည်တဦးက လည်းပြောသည်။

တာ့ပင်းဂိတ်၌ ကုန်အ၀င်အထွက်ပိတ်သည်နှင့် ကြက်တကောင်၊ ဖိနပ်တရံမျှပင် သယ်ဆောင်ရောင်းချခွင့် မပြုသည့် အခြေအနေ အထိ တင်းကျပ်ခဲ့ကြောင်း၊ ပုံမှန်လူအ၀င်အထွက်ကိုမူ ပိတ်ပင်ခြင်းမရှိသော်လည်း သာမာန်သွားနေကျထိုင်း ခရီးသွားဧည့်သည် များကိုမူ လုံးဝခွင့်မပြုကြောင်း မိုင်းလားသျှမ်းနှစ်သစ်ကူးပွဲမှပြန်လာသည့် တာချီလိတ်လူငယ်တဦးက ပြောပြသည်။

မိုင်းလားမှ ကျိုင်းတုံသို့ နမ့်လွေ တာပင်းဂိတ်အ၀င်အထွက် ကုန်စည်တင်ဆောင်မှုကို နိုဝင်ဘာ ၂၃ ရက်ကစ၍ နအဖ အာဏာပိုင် တို့ ပိတ်ပင်ခဲ့သည်။ ထို့ပြင် နိုဝင်ဘာ ၂၆ ရက်နေ့မှစ၍ ပြည်ပ ခရီးသွားဧည့်သည်များဝင်ရောက် လည်ပတ်ခွင့်ကိုပါ နအဖ အာ ဏာပိုင်တို့ ပိတ်ပင်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

နိုဝင်ဘာလကုန်လည်း ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်း စရဖမှူး/စစ်ဦးစီးပထမတန်း(ဂျီဝမ်း) ဗိုလ်မှူးကြီးခင်မောင်ထွေးက ကျိုင်းတုံရှိ မိုင်းလားကိုယ်စားလှယ်များအား တာ့ပင်းတံတားကုန်တင်ကား ဖြတ်သန်းခွင့်ပိတ်ခြင်းသည်- (၁)ကုန်ပစ္စည်း များမှာအခွန်မဲ့(မှောင်ခို) / တရားဝင်မဟုတ်ခြင်း၊ (၂) အထက်အမိန့်ကြောင့်ပိတ်ရခြင်းဖြစ်သည်ဟုပြောကြားသွားပါ သည်။

တူမီးသေနတ်များအပ်နှံရန် လားရှိုးတိုင်းမှူးညွှန်ကြား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တူမီး (ယမ်းထောင်း) သေနတ် ရှိသူများ ရဲစခန်းသို့ သွားရောက်အပ်နှံရန် လားရှိုး တိုင်းမှူးမှ ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရ ပါသည်။

“လားရှိုးတိုင်းမှူးက တူမီးသေနတ်ရှိတဲ့လူအားလုံး ဒီဇင်ဘာ ၁၅ ရက်နောက်ဆုံးထားပြီး လားရှိုး ရဲစခန်းအမှတ် (၁) နဲ့ အမှတ်(၂)ဆီ သွားအပ်ခိုင်းတယ်” ဟု လားရှိုးဒေသခံတစ်ဦးက ပြောပါသည်။

ဒီဇင်ဘာ ၅ ရက် လားရှိုးတိုင်းမှူးဗိုလ်မှူးချုပ် အောင်ကျော်ဇော က လားရှိုးမြို့အရှေ့မြောက်ဘက်ရှိ ကျေးရွာအုပ်စုများ ဖြစ်ကြသော ဟိုပိတ်၊ မတ်ချိနူ၊ ဆွန်ကွယ်၊ ကောင်းတီး၊ ကုန်းဆာ၊ ဟိုနမ့်၊ မန့်ပိန်း၊ မိုင်းတိမ်၊ မိုင်းယန်းနှင့် မိုင်းပါးမှ တူမီးသေနတ်ရှိသူများ ရဲစခန်းသို့ သွားရောက် အပ်နှံရမည်ဟုဆိုသည်။

“တူမီးသေနတ်တွေ ရဲစခန်းဆီ သွားမအပ်ဘဲ သိုဝှက်သိမ်းဆည်းထားတာ ရှာတွေ့ရင် သက်ဆိုင်ရာက ပြစ်ဒဏ်ပေး မယ်လို့လဲ ညွှန်ကြားထားတယ်” ဟု လားရှိုးရောက် မတ်ချိနူဒေသခံတစ်ဦးက ပြောပါသည်။

ဘာ့ကြောင့် တူမီးသေနတ်များ အပ်နှံရမည်ဆိုသည့် အကြောင်းရင်းကို မသိရကြောင်း၊ ရှင်းလင်းချက်လည်း မပေး ကြောင်း၊ ပြည်သူအချို့က ရွေးကောက်ပွဲ၌ ကြံ့ဖွံ့ပါတီကို ထောက်ခံမဲမပေးခြင်းကြောင့်ဖြစ်နိုင်ကြောင်း၊ အချို့လည်း လုံခြုံရေးကြောင့် ယခုကဲ့သို့အမိန့်ထုတ်ခြင်းဖြစ်မည်ဟု ထင်ကြေးပေးနေကြကြောင်း ၎င်းကဆက်လက်ပြောပါသည်။

အလားတူပင် ကရင်နီပြည် ရှားတောမြို့ စုစည်းကျေးရွာမှ တူမီးသေနတ်ကိုင်ဆောင်ထားသော ရွာသားများ မြန်မာစစ် အစိုးရအာဏာပိုင်များထံ အခကြေးငွေ ၅၀၀ ကျပ်ပေးဆောင်၍ သေနတ်ကိုင်ဆောင်ခွင့်လက်မှတ်ပြုလုပ်ကြရသည် ဟု ကန္တာရ၀တီတိုင်း(မ်)မှ ရေးသာဖော်ပြထားသည်။

တရုတ်ပြည် လုံကျဲန်းဆည်ကြောင့် ရွှေလီမြစ် တလျှောက်ရှိ ပြည်သူများဒုက္ခတွေ့

တရုတ်ပြည်မှ မြစ်ဖျားခံ၍ သျှမ်းပြည်အတွင်းဖြတ်သန်း စီးဆင်းသော ရွှေလီမြစ်ပေါ် လုံကျဲန်းဆည်ဆောက်လုပ်မှု ကြောင့် ရွှေလီမြစ်တလျှောက်ရှိ ပြည်သူများ ဒုက္ခ အခက်အခဲတွေ့နေရကြောင်း ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသဘာဝ ပတ်ဝန်းကျင်SPEO အဖွဲ့ကပြောပါသည်။

“ရွှေလီမြစ်ပိတ်ပြီး တရုတ်က လုံကျဲန်းဆည်ဆောက်လိုက်တော့ ရွှေလီမြစ်ကိုအားထားပြီး စိုက်ပျိုးနေထိုင်ကြတဲ့မူစယ်နဲ့ နမ့်ခမ်းပြည်သူတွေ မြစ်ရေအတက်အကျမမှန်လို့ အခက်တွေ့တာပေါ့” ဟု ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသဘာဝ ပတ်ဝန်းကျင်အဖွဲ့မှ ကိုစိုင်းစိုင်းက ပြောပါသည်။

မူစယ်နှင့်နမ့်ခမ်းမှ ဒေသခံတစ်သောင်းကျော် ရွှေလီမြစ်ကိုအားထား၍ စက်လှေများဖြင့် စုန်ဆန်ဖြတ်သန်းသွားလာ ရောင်းဝယ်နေကြကြောင်း၊ ရွှေလီမြစ်အတွင်း ရေအတက်အကျမမှန်ကန်သောကြောင့် စက်လှေမောင်းရန် အခက်တွေ့ နေကြရကြောင်း ၎င်းကဆက်လက်ပြောပါသည်။

“ရေကျနေတဲ့အချိန်ဆို စက်လှေမမောင်းနိုင်ဘူး။ တခါတလေ စက်လှေမောင်းနေတဲ့အချိန် ရုတ်တရက် ရေကျသွား တော့ ဆက်မမောင်းနိုင်တော့ဘဲ သဲပြင်မှာသောင်တင်နေတဲ့အခါမျိုးလဲရှိတယ်။ ရုတ်တရက် ရေပြန်တက်လာတော့ စက်လှေက ရေထဲမှာ တ၀ဲဝဲလည်နေတယ်။ ဒါကြောင့်ကူးသန်းရောင်းဝယ်ဖို့ အခက်အခဲတွေ့တာပေါ့”

တရုတ်ဘက်မှ လုံကျဲန်းဆည်ရေတံခါးပိတ်လိုက်သောအခါ ဆည်အောက်ပိုင်း ရုတ်တရက်ရေကျဆင်းသွားပြီး ရေတံခါး ပြန်ဖွင့်လိုက်သော် ရုတ်တရက်ရေမြင့်တက်လာခြင်းဖြစ်သည်ဟုဆို၏။

တရုတ်ပြည် တယ်ဟုန်(တိုက်ခုန်း)ကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်းအတွင်းရှိ လုံကျဲန်းဆည်တည်ဆောက်မှု အကျိုးဆက်နှင့် ပတ်သက်၍ ဘန်ကောက်ရှိ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံခြားသတင်းထောက်များအသင်း FCCT တွင် SPEO နှင့် သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN တို့က သတင်းစာရှင်းလင်းပွဲပြုလုပ်၍ အစီရင်ခံစာထုတ်ပြန်ခဲ့၏။

တရုတ်ပြည်မှ လူမှုရေးအဖွဲ့အစည်းများက ထိုအစီရင်ခံစာကိုကိုင်စွဲပြီး ပြဿနာဖြေရှင်းရန် တရုတ်အာဏာပိုင်တို့ထံ တင်ပြတောင်းဆိုလိမ့်မည်ဟုမျှော်လင့်ကြောင်း ကိုစိုင်းစိုင်းက ဆက်လက်ပြောပါသည်။

လုံကျဲန်းဆည်သည် သျှမ်းပြည်-တရုတ်နယ်စပ်မြောက်ဘက် ၂၅ ကီလိုမီတာ(၁၅ မိုင်ကျော်)အကွာတွင် တည်ရှိသည်။ လုံကျဲန်းဆည်အောက်ပိုင်း သျှမ်းပြည်မြောက်ပိုင်းအတွင်း ရွှေလီရေအားလျှပ်စစ်စီမံကိန်း ရွှေလီ (၂) နှင့်ရွှေလီ (၃) ကို လည်း တရုတ်ကထပ်မံဆောက်လုပ်ဦးမည်ဖြစ်ကြောင်း သိရှိသည်။

နမ့်ခမ်းမြို့နယ် အမှတ် ၁ မန့်တတ် ရွှေလီရေအားလျှပ်စစ်စက်ရုံမှာမူ ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှစ၍ ဖွင့်လှစ်အသုံးပြု ခဲ့သော်လည်း ဒေသခံပြည်သူများ အကျိုးခံစားခွင့်သိပ်မရှိလှဟုဆိုသည်။

စွမ်းအင်ဝန်ကြီး မူစယ်ပုဂ္ဂလိက ဓါတ်ဆီဆိုင်များ စစ်ဆေး

တရုတ် နယ်စပ် မူစယ်မြို့မှ တဆင့် တရုတ်ဘက်သို့ တရားမ၀င်ဓါတ်ဆီမှောင်ခို တင်ပို့နေသည်ဆိုသည့် သတင်းကြောင့် ယခုလဆန်းပိုင်းမှစ၍ မူစယ်မြို့နယ် ပုဂ္ဂလိက ဓါတ်ဆီဆိုင်များ စစ်ဆေးခံနေရသည်။

ယခုတပတ်အတွင်း စသုံးလုံးညွန်ချုပ် ပထမအကြိမ်စစ်ဆေးခဲ့ပြီး ယမန်နေ့က စွမ်းအင်ဒုဝန်ကြီး ဦးမောင်မောင် အုန်း ကိုယ်တိုင် ထပ်မံစစ်ဆေးနေကြောင်း အကြားအမြင်များသည့် မူစယ်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“စသုံးလုံးညွန်ချုပ်က ဒီတစ်ပတ်အတွင်း မူစယ် ၊ ၁၀၅ မိုင်မှာရှိတဲ့ ပုဂ္ဂလိက ဓါတ်ဆီဆိုင်တွေ အကုန် စစ်ဆေး ပြီးပြီ စွမ်းအင် ဒုဝန်ကြီးမောင်မောင်အုန်း မနေ့က မူစယ် ထပ်ရောက်လာတယ်။ စသုံးလုံးညွန်ချုပ်ရဲ့ စစ်ဆေးချက်တွေ အခြေခံပြီး ကိုယ်တိုင် ကွင်းဆင်းလေ့လာတာပေါ့ ” ဟု သူက ပြောသည်။

၎င်းစစ်ဆေးမှုများနှင့် ပတ်သက်၍ အတိအကျ မသိရသော်လည်း စွမ်းအင်ဒုဝန်ကြီး၏ ယခုစစ်ဆေး တွေ့ ရှိချက် အပေါ် မူတည်၍ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း လတ်တလော အရေးယူမှု တစ်စုံတစ်ရာ မရှိသေးကြောင်း သူက ပြောသည်။

မူစယ်ဘက်မှ တရုတ်ဘက်သို့ ဓါတ်ဆီတရားမ၀င်တင်ပို့ရာတွင် နမ့်မောင်း ခေါ် ရွေလီမြစ်ကြောင်း ဖြတ်ကူး၍တင်ပို့ခဲ့ ကြောင်း၊ ပေပါခွံများကြားညပ်တင်၍ တရုတ်ပြည်ကျယ်ဂေါင်သို့ ကုန်းလမ်းဖြင့်လည်း တင်ပို့ကြကြောင်းဒေသခံများက ပြောပြပါသည်။

ယခင်က မူစယ်လမ်းမှတဆင့် တရုတ်ဓါတ်ဆီများ မြန်မာဘက်သို့သာ တင်သွင်းသော်လည်း ယခု တရုတ်ဘက် သို့ ပြန်လည်တင်သွင်းရခြင်းမှာ ဓါတ်ဆီဆိုင်များ ပုဂ္ဂလိကထံ လွဲပြောင်းပြီး နောက် ပိုင်းမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
မူစယ်မြို့ပေါ်တွင် ပုဂ္ဂလိက ဓါတ်ဆီအရောင်းဆိုင် ၈ ဆိုင်ခန့်ရှိကြောင်း သိရသည်။

နိုဝင်ဘာလဆန်းပိုင်းကစ၍ နအဖက ပြည်ပမှ ဓါတ်ဆီတင်သွင်းမှုလျှော့ချလိုက်သဖြင့် ပြည်တွင်း၌ ဓါတ်ဆီမလုံ လောက် မှုများ ဖြစ်ပေါ်နေရာ ရန်ကုန် ၊ မန္တလေးအပါအ၀င် နယ်မြို့ကြီးများရှိ ဓါတ်ဆီဆိုင်များတွင်ယာဉ်များ တန်းစီ စောင့်ဆိုင်း နေရကြောင်း၊ ဓါတ်ဆီဈေးနှုန်းများလည်းတက်နေကြောင်း သိရသည်။

“မန္တလေးမှာ ဓါတ်ဆီရဖို့ကားတွေ တန်းစီစောင့်နေရတယ် ပြီးတော့ အရင်ကလို လိုသလောက်မထုတ်ပေးနိုင် တော့ဘူး၊ တစ်ရက်ကို ၃ ဂါလံရတယ်ဆိုရင် အခု ၂ ဂါလံပဲရတော့တယ်” ဟု မန္တလေး – မူစယ် ကားသမားတစ်ဦးက ပြောသည်။

နအဖက ပြည်တွင်းလောင်စာဆီဖြန့်ဖြူးရေးကို ပုဂ္ဂလိကပိုင်အဖြစ် နိုဝင်ဘာလဆန်းပိုင်းက စတင် လွဲပြောင်းပေးခဲ့ သော်လည်း ပြည်ပမှတင်သွင်းမှုကိုမူ ချုပ်ကိုင်ထားဆဲဖြစ်ကြောင်း သိရသည်။

စစ်ရေးပူးပေါင်းမှု တိုးမြှင့်ရန် တိုင်းရင်းသားအဖွဲ့များ ဆွေးနွေး

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့သည် စစ်ရေးအရ ပူးပေါင်း လုပ်ဆောင်မှုများ တိုးမြှင့်သွားရန် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄) အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ဌာနချုပ်တည်ရှိရာ မိုင်းလားမြို့တွင် အလွတ်သဘော ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ယင်းဆွေးနွေးပွဲတွင် NDAA ခေါင်းဆောင်များ၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဒုတိယ ခေါင်းဆောင် ကျောက်ကြုံးတန်းနှင့်အဖွဲ့၊ အပစ်ရပ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

ယခင် ရက်သတ္တပတ်က မိုင်းလားမြို့တွင် ပြုလုပ်သည့် ရှမ်းနှစ်သစ်ကူးပွဲတော်၌ ယင်းကဲ့သို့ ဆွေးနွေးကြခြင်း ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်က ဆိုသည်။

“တိုင်းရင်းသား ကိုယ်စားလှယ်တွေက လက်ရှိနိုင်ငံရေးအခြေအနေကို ဝိုင်းပြီး သုံးသပ်ကြတယ်။ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ဘာတွေလုပ်နိုင်ခဲ့ကြသလဲ ဆိုတာတွေ၊ ရှေ့လျှောက် ဘာဆက်လုပ်ကြမလဲ ဆိုတာတွေ ဆွေးနွေးကြတယ်” ဟု ဦးစိန်ကြည်က ဆက်လက်ပြောသည်။

စစ်အစိုးရက ဖိအားပေးလျှက်ရှိသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စကို ကျေးဇူးတင်ရမည် ဖြစ်ကြောင်း၊ ၎င်း အစီအစဉ်ကို စစ်အစိုးရ မပြုလုပ်ခဲ့ပါက တိုင်းရင်းသားအဖွဲ့များ နိုးကြားနိုင်ဦးမည် မဟုတ်ကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် တဖွဲ့ကို တဖွဲ့ ပိုမိုအားကိုးရမည်ဟု သိမြင်လာကြောင်း ဆွေးနွေးပွဲတွင် ပြောဆိုကြသည်ဟု သိရှိရသည်။

စစ်အစိုးရသည် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ၂၀၀၉ ခုနှစ် ဧပြီလမှ စတင်ကာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် ဖိအားပေးခဲ့သည်။

UWSA ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့မှ အမည်မဖော်လိုသူ အရာရှိတဦးက “ဆွေးနွေးပွဲကတော့ ပုံမှန်ဆွေးနွေးပွဲပါပဲ။ အဆုံးအဖြတ်တွေ ဘာတွေလည်း အစည်းအဝေးကတဆင့် မချမှတ်ရသေးပါဘူး။ ဒါပေမယ့် တဖွဲ့ကို တဖွဲ့ နိုင်ငံရေးအရရော စစ်ရေးအရပါ ကူညီမယ်ဆိုတာကတော့ အစကတည်းက ကျနော်တို့မှာ ရည်ရွယ်ချက်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့တွေက တိုင်းရင်းသားတွေ၊ အစိုးရ တခုတည်းရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့သူတွေမို့လို့ပါ” ဟု ဧရာဝတီသို့ ပြောသည်။

မိုင်းလားမြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ကိုးကန့်အဖွဲ့ (ခေါ်) မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) ကို စစ်အစိုးရက ချေမှုန်းခဲ့သည့် အချက်ကို နမူနာယူသင့်သည်ဟုလည်း ပြောဆိုကြောင်း သိရသည်။

ကိုးကန့်အဖွဲ့သည် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ငြင်းဆန်ခဲ့သဖြင့် ၂၀၀၉ ခုနှစ် သြဂုတ်လတွင် စစ်အစိုးရက တိုက်ခိုက်ချေမှုန်းခဲ့သည်။ တိုက်ပွဲများအပြီး MNDAA ခေါင်းဆောင် ဖုန်ကြားရှင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ MNDAA နှင့် စစ်အစိုးရတပ်များအကြား တိုက်ပွဲကြောင့် ဒေသခံ လူပေါင်း ၂၀၀ ခန့် စစ်အစိုးရဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သည်ဟု ဆိုသည်။

MNDAA နှင့် စစ်အစိုးရတပ်များအကြား ၂ ရက်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ ၃ သောင်းခန့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရကြောင်း၊ တရုတ်အစိုးရက ယွမ် ၁၀ သန်းခန့် အသုံးပြုပြီး ဒုက္ခသည်များအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

UWSA ၊ NDAA ၊ SSA-N အပါအဝင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့သည်လည်း ယခုချိန်အထိ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်နေသည့် အဖွဲ့များဖြစ်သည်။

မကြာသေးမီက KIA နှင့် NDAA ထိန်းချုပ်ဒေသများသို့ ကုန်စည်စီးဆင်းမှုများ တားမြစ်ခြင်းဖြင့် စစ်အစိုးရက ၎င်းတို့ကို ဖိအားပေးခဲ့သေးသည်။

အစိုးရက ကုန်စည်စီးဆင်းမှုများကို ကန့်သတ်လိုက်သော်လည်း NDAA အဖွဲ့ကို တစုံတရာ မထိခိုက်နိုင်ကြောင်း၊ ၎င်းအဖွဲ့အစည်းသည် ရာဘာခြံများ၊ ကာစီနို လောင်းကစားဝိုင်းများ၊ နယ်စပ်ဖြတ်ကျော်သူများမှ ရရှိမည့် အခွန်များ၊ မော်တော်ကား အခွန်များနှင့် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ မဂ္ဂနီစီယမ် သတ္ထုတွင်းတို့မှ ပုံမှန်ဝင်ငွေရရှိနေကြောင်း မိုင်းလား ဒေသခံတဦးက ဆိုသည်။

NDAA အဖွဲ့ကို ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အင်အား ၁ ထောင်မှ ၂ ထောင်ကြား ရှိသည်ဟု စစ်ရေးလေ့လာ သူများက ခန့်မှန်းကြသည်။

ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။

နယ်စပ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါ်လေ ဒေသတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် တိုးတက်သော ဗုဒ္ဓဘာ သာ ကရင်အမျိုးသား တပ်မတော် (DKBA) ပူးပေါင်း တပ်များက နအဖ တပ်ရင်းများကို ယမန်နေ့က ခြုံခိုတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

DKBAနှင့် KNU တပ်ရင်း ၁၀၃ ပူးပေါင်း တပ်များက ဝေါ်လေဒေသတွင် လှုပ်ရှားနေသော နအဖ၏ ခြေမြန်တပ်ရင်း(ခမရ) ၂၂၉ နှင့် ၄၀၁ တပ်ရင်းများကို ပြောက်ကျား စနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဖောဒိုက ဧရာဝတီသို့ ပြောသည်။

ဝေါ်လေဒေသရှိ ခြူးကလီ အပါအ၀င် မောလူခို့ စသည့် နေရာများတွင် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း ဒေသများတွင်လည်း နအဖ တပ်များ ထပ်မံ၍ လှုပ်ရှားလာပါက တိုက်ပွဲများ ဆက်လက်၍ ဖြစ်ပွားနိုင်ကြောင်း ဗိုလ်မှူး ကြီး ဖောဒိုက ဆက်ပြောသည်။

နောက်ဆုံး သတင်းများအရ ယင်း ဒေသများတွင် တိုက်ပွဲများ မရှိသော်လည်း စစ်အစိုးရ တပ်များက လက်နက်ကြီးများဖြင့် ယနေ့ နံနက် ၁၀နာရီခန့်တွင် ပစ်ခတ်ခဲ့သောကြောင့် အသက် ၃၀ ခန့် အရွယ် ရှိသော ကနှဲလေးရွာသား တဦး ဒဏ်ရာရရှိ သွားကြောင်း သိရသည်။

နအဖ တပ်များက ရွာထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေရာ တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနိုင်ကြောင်း KNLA တပ်ရင်း ၂၀၁ မှ ဒု တပ်ရင်းမှူး ဗိုလ်မှူး ကြည်အောင်ကလည်း ပြောသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသားများ ၁၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ထွက်ပြေးတိမ်း ရှောင်လာသူများ ရှိသကဲ့သို့ တချို့ဒေသခံများကလည်း နီးစပ်ရာ မိတ်ဆွေများနှင့် တောထဲတွင် ပုန်းအောင် နေကြရကြောင်း သိရသည်။ လွန်ခဲ့သည့် တပတ်မှ ထွက်ပြေးလာသူများ အပါအ၀င် ယခုအခါ စုစုပေါင်း ရွာသား ၃၅၀ ခန့် ရှိ သည်။

တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေသူများကို ထမင်းထုပ်များ ပို့ဆောင်ပေးနေရကြောင်း နယ်လှည့် ကျောပိုးအိတ် ကျန်း မာရေးလုပ်သား အဖွဲ့ (BPHWT) မှ တာဝန်ခံ တဦးဖြစ်သူ ဦးမန်းမန်းက ပြောသည်။

“နယ်စပ်နဲ့ အနီးဆုံး ဝေါ်လေရွာ တနေရာမှာကျတော့ ထမင်းချက်စားဖို့ အဆင်သင့်မဖြစ်ဘူး၊ အဲဒီနေရာတွေကျတော့ ထမင်း ထုပ်တွေ ပို့ပေးနေရတယ်”ဟု ၎င်းက ပြောသည်။

စစ်ပြေး ဒုက္ခသည်များကို မြန်မာ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC)နှင့် တချို့ NGO အဖွဲ့ ၀င် တချို့က ပူးပေါင်း၍ အကူအညီများ ထောက်ပံ့ပေးကြောင်း သိရသည်။

ထို့အပြင် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကိုလည်း ထိုင်းလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ ဥက္ကဌ ဒေါက်တာ နိရန်းဖိ ထ၀ပ်ချာရန်က ယမန်နေ့က သွားရောက်ဆွေ့ဆုံခဲ့သည်။

“ခရီးစဉ်ကတော့ ထိုင်းဘက်မှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေရယ်၊ ထိုင်းနဲ့ မြန်မာဘက်မှာရှိတဲ့ နယ်စပ် အခြေ အနေတွေရယ်ကို သိရှိနိုင်ဖို့အတွက် လာရောက်လေ့လာတာဖြစ်တယ်”ဟု ဒုက္ခသည်များကို တွေ့ဆုံနေစဉ် လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌက ပြောကြားခဲ့သည်။

ဒုက္ခသည် အခြေအနေများကို လေ့လာပြီးနောက် မွန်းလွဲပိုင်းတွင် ထိုင်းလူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ နှင့် အဖွဲ့ဝင်များက မဲဆောက်မြို့ရှိ ထိုင်းတာဝန်ရှိသူများ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါ အ၀င် အစိုးရမဟုတ် သော ( NGO ) အဖွဲ့အစည်းများကိုလည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဒေါက်တာ စင်သီယာမောင်က ဒုက္ခသည်များနှင့် ပတ်သက်သော အချက်အလက်နှင့်ဓာတ် ပုံ မှတ်တမ်းများ၊ မြေပုံကားချပ်များဖြင့် ရှင်းလင်း တင်ပြခဲ့သည်။ ယင်း ဆွေးနွေးတင်ပြန်ချက်နှင့် မှတ်တမ်းများကိုလည်း ထိုင်း အစိုးရထံ တင်ပြပေးသွားမည်ဟု ထိုင်း တာဝန်ရှိသူတဦးက ပြောကြားသွားသည်။

နိုဝင်ဘာ ၇ ရက်နေ့က ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့ နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက် တိုက် ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာ လင်းမြိုင် စသည့် ကျေးရွာ ဝန်းကျင်ဒေသများတွင် ဖြစ်ပွားခြင်း ဖြစ်သည်။

ဒုက္ခသည်တဦးက“ထိုင်းလူကြီးက မေးတော့ အမှန်တိုင်းပဲ ပြောလိုက်တယ်၊ မြန်မာဘက်မှာ အခြေအနေ မကောင်းသေးခင်မှာ ထိုင်း စစ်တပ်က ပြန်ခိုင်းတာ အခုဆိုရင် ၄ခါရှိပြီး အေးချမ်းသွားရင် အကုန်လုံးပြန်ကြမှာပါ၊ အိုးအိမ် လယ်ယာတွေ ရှိပါ တယ်၊ ဒီမှာ တသက်လုံး နေခိုင်းလဲ မနေပါဘူး”ဟု ထိုင်းအာဏာပိုင်များကို တွေ့ဆုံနေစဉ် ပြောကြားသည်။

ဧရာဝတီသတင်းထောက် သန်းထိုက်ဦး ရေးသားသည်။