NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ပြီ

နယူးဒေလီ (မဇ္ဈိမ) ။ ။ ထိပ်တန်းခေါင်းဆောင်များ အစည်းအဝေး လုပ်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ယနေ့ ကြေညာလိုက်သည်။

ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ဗဟိုအလုပ်အမှုဆောင် ၇ ဦးနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ၈ ဦးတို့ အစည်းအဝေးတရပ် ကျင်းပပြီးနောက် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပါ ပြဌာန်းချက်ပါ ရွေးကောက်ပွဲတွင် ဆန္ဒမဲမပေးဘဲ နေချင်က နေလို့ရသော လွတ်လပ်ခွင့်ကို အသုံးချခြင်း ဖြစ်သည်ဟု ဆိုသည်။

“၂ဝဝ၈ အခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးနဲ့ လူ့အခွင့်အရေး ရရှိရေးကို ဘယ်လိုမှ ဦးမတည်တဲ့အတွက် ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်တာပါ” ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

သို့သော်လည်း ထိန်းသိမ်းခံနေရသည့် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို ကြိုတင်တောင်းခံခဲ့ခြင်း မရှိကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင် ပါတီခေါင်းဆောင်များထံသို့ ပေးပို့ခဲ့သည့် စာတွင် သူမအနေဖြင့် ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်များကို လိုက်နာသွားမည်ဟု ရေးသားကာ သူမ၏ သဘောထားကို အသိပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒရှင် ပြည်သူများသည် ရွေးကောက်ပွဲ ဥပဒေအရပင် မဲမပေးဘဲ နေလိုက နေခွင့်ရှိသည်ဟု ပြီးခဲ့သည့်လထဲတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေတွင် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်သော အခွင့်အရေး၊ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေး၊ လွှတ်တော် ကိုယ်စားလောင်း စာရင်းမှ နုတ်ထွက်နိုင်သော အခွင့်အရေး၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုလိုသည်ဟု ပြဋ္ဌာန်းထားသည်။

ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို မည်ကဲ့သို့ သပိတ်မှောက်သင့်ကြောင်းကိုမူ NLD ခေါင်းဆောင်များ ဆက်လက် ဆွေးနွေးသွားကြမည် ဖြစ်သည်။

“ပြည်သူလူထုကို ဘယ်လိုတုံ့ပြန်မလဲ၊ ဘယ်လိုထုတ်ပြန်ကြေညာမလဲ၊ မဲကို ဘယ်လိုမပေးဘဲနေမလဲ။ ဘာမှမပြောတော့ဘဲနဲ့ မပေးဘူးလို့ ဆုံးဖြတ်မလားဆိုတဲ့ ပုံသဏ္ဍာန်တွေကိုတော့ ညှိနှိုင်းတုန်းပဲ။ အသေးစိတ် ညှိနှိုင်းပြီးတော့ ဒေါ်စုရဲ့ သဘောတူညီချက်၊ ခွင့်ပြုချက်ကို တောင်းခံရဦးမှာ ဖြစ်တယ်” ဟု ပါတီခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ပါတီအနေဖြင့် သပိတ်မှောက်ရုံသာမက ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ပြည်သူလူထုကိုပါ မဲရုံများသို့ မသွားရောက်ရန်နှင့် မပေးဘဲနေရန်ကိုမူ တိုက်တွန်းသွားမည်ဟု သူက ဆိုသည်။

“အစိုးရဘက်နေ အရေးယူလာမယ်၊ တုံ့ပြန်လာမယ်ဆိုရင် တခြားနည်းနဲ့တော့ မတုံ့ပြန်လာနိုင်စရာ မရှိဘူး။ တရားဥပဒေ နည်းနဲ့ပဲ တုံ့ပြန်ရမှာပဲ။ ကျနော်တို့က တရားဥပဒေနဲ့အညီ တုံ့ပြန်ရမှာပေါ့။ ကျနော်တို့ ပြောနေတဲ့ မဲဆန္ဒ မပေးဘဲ နေလို့ ရတယ်ဆိုတာက ရွေးကောက်ပွဲ ဥပဒေမှာ ပါဝင်ပြီးသား အချက်တွေပဲ” ဟု ဦးဝင်းတင်က ပြောသည်။

ယနေ့ အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးအုန်းကြိုင်နှင့် ဦးဝင်းမြင့်တို့ တက်ရောက်ခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိဟုဆိုကာ NLD က ရွေးကောက်ပွဲမဝင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုဦးစီး အဖွဲ့ဝင်များ၏ စုံညီအစည်းအဝေးက ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ကြသည်။

မဇ္ဈိမသတင်းထောက် မြင့်မောင် ရေးသားသည်။

နာဂစ်ဇာတ်ကား ဂျပန်တွင်ရုံတင်မည်

ချင်းမိုင်(မဇ္စျိမ)။ ။ နာဂစ်မုန်တိုင်းဒဏ်ခံ ဧရာဝတီတိုင်းက ပြည်သူများဘဝကို ဇာတ်လမ်း ကျောရိုးအဖြစ် ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားကို ဂျပန်နိုင်ငံတွင် ယခုလ ၂၉ ရက်နေ့တွင် ပြသမည် ဖြစ်သည်။

နာဂစ်မုန်တိုင်း ဖြစ်ပွားပြီး ၂ နှစ်ကျော်ချိန်တွင် “အလွမ်းများနှင့် ဧရာဝတီ” အမည်ရ ဒီဗီဒီ ဇာတ်ကားကို ဂျပန်နိုင်ငံရောက် နိုင်ငံရေး လှုပ်ရှားသူများ အပါအဝင် သရုပ်ဆောင် ၇ဝ ပါဝင် ရိုက်ကူးထားသည်။

မြစ်ဝကျွန်းပေါ်မှ နာဂစ်မုန်တိုင်းဒဏ် မသင့်မီ မိသားစု နှစ်စု အကြောင်းကို အခြေခံ၍ ရိုက်ထားခြင်းဖြစ်ပြီး ကျေးရွာ အိမ်မှူး၊ ဥက္ကဋ္ဌ တို့က အတိုးနှုန်းဖြင့် ငွေချေးရာ မဆပ်နိုင်သဖြင့် အိမ်မှ နွားသိမ်းသွားသည့် အကြောင်းများ၊ မုန်တိုင်းတိုက်ခတ်စဉ် မောင်နှမနှစ်ယောက် ကွဲသွားပြီး နောက်ပြန်ဆုံတွေ့ကြပုံ၊ ထိုနောက် ဒေသခံ စစ်ဗိုလ်တဦးက မောင်လေးကို ကလေးစစ်သား စုဆောင်းရေးသို့ ခေါ်သွားပုံ စသည့် ဇာတ်ဝင်ခန်းများ ပါဝင်ကြောင်း ဒါရိုက်တာ ဦးဌေးသစ်က ပြောသည်။

”ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီပဲယင်းမှာ လုပ်ကြံခဲ့တဲ့ထဲမှာ ကြံ့ဖွံ့တွေပါတယ်ဆိုတာတွေ၊ ဒီစစ်တပ်က ဖွဲ့စည်းတဲ့ ဒီအဖွဲ့အစည်းကို ထောက်ခံရမယ်ဆို သေတာဘဲ ကောင်းတယ်ကွာဆိုပြီး လူထုက စိတ်ပျက်သွားတာကို ကလေးတွေပါ သိသွားအောင် ဖော်ပြထားပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ဂျပန်နိုင်ငံ ချီးဘားမြို့ရှိ အယ်ထိုးခါဝါမြစ် ပတ်ဝန်းကျင်တွင် အဓိက ရိုက်ကူးထားသည့်
ရုပ်ရှင်ဇာတ်ကား ပြသချိန် ၁ နာရီခွဲကြာမြင့်ပြီး မြန်မာ၊ ဂျပန်၊ အင်္ဂလိပ်ဘာသာတို့ဖြင့် စာတမ်းထိုးမည် ဖြစ်သည်။

ဇာတ်လမ်း ရိုက်ကူးချိန် ၁ နှစ်ခွဲခန့်ကြာမြင့်ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ တသောင်းနီးပါး ကုန်ကျကြောင်း ဒါရိုက်တာ ဦးဌေးသစ်က ပြောသည်။

နာဂစ် ဖြစ်ရပ်မှန် ၈ဝ ရာခိုင်နှုန်းဖြစ်ပြီး ၂ဝ ရာခိုင်နှုန်း စိတ်ကူးများဖြင့် ရိုက်ထားသည့် အလွမ်းများနှင့် ဧရာဝတီ ဇာတ်လမ်း ရိုက်ကူးရေးအတွက် လိုအပ်သည့် ငွေကြေးကို ဇာတ်ကားတွင် ပါဝင်သူများကိုယ်တိုင် ထည့်ဝင် ရိုက်ကူးသည်။

ယခုလ ၂၉ ရက်နေ့တွင် ဂျပန်နိုင်ငံရှိ လူ ၃ဝဝ ဆန့် Toshima-ku Minami Otsuka-Hall ရုပ်ရှင်ရုံတွင် ပထမဆုံး တရက်အတွင်း ၃ ကြိမ်အဖြစ် ရုံတင် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်ရှိ ဒီမိုကရေစီလှုပ်ရှားသည့် အဖွဲ့အစည်းများမှ လူ၈ဝ ခန့် ဖိတ်ခေါ်ထားပြီး ရုပ်ရှင် လက်မှတ် တစောင်လျှင် ဂျပန်ယန်း ၁၅ဝဝ တန်ဖိုးရှိ လက်မှတ်ပေါင်း ၅ဝဝ ကျော် ရောင်းရပြီ ဖြစ်ကြောင်း သိရသည်။

၎င်းဇာတ်ကားမှ ရရှိသော အလှုငွေများကို ပြည်တွင်း လူမှုရေး အဖွဲ့အစည်းများမှတဆင့် မုန်တိုင်းသင့်ဒေသများ ပြန်လည် ထူထောင်ရေး အတွက် ကူညီပံ့ပိုးပေးသွားမည်ဟု ယခင်က ဆိုသည်။

ဒါရိုက်တာ ဦးဌေးသစ်သည် မြန်မာပြည်တွင် နာမည်ကျော် ပန်းချီဆရာကြီး ဦးဘသစ်၏ သားဖြစ်ပြီး မြန်မာရုပ်ရှင် လောကတွင် ရုပ်ပြောင်းရုပ်လဲ မိတ်ကပ်ပညာရှင်နှင့် ဒီဇိုင်း ပညာရှင်အဖြစ် ၁၅ နှစ်ခန့်ကြာ လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။

မဇ္ဈိမသတင်းထောက် ဖနိဒါ ရေးသားသည်။

စည်းကမ်းပျက်နေပြည်တော်

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် လမ်းညွှန်ဆိုင်းဘုတ်များနှင့် မီးလုံးများကို ဖျက်ဆီးနေသူများ ရှိနေသည် ဟု နေပြည်တော် ရဲများက ပြောသည်။

မြို့တွင်း မြို့ပြင်ထွက်လမ်းများရှိ လမ်းညွှန်ဆိုင်းဘုတ်များ၊ အချက်ပြမီးများ၊ လမ်းဘေးမီးလုံးများကို ဖြုတ်ချခြင်း၊ ရိုက်ခွဲ ဖျက်ဆီးခြင်းများ ယခုလဆန်းမှ စတင်ဖြစ်ပွားနေပြီး တရားခံများကို လိုက်လံ စုံစမ်းနေသည်ဟု နေပြည်တော် အမှတ် (၁) ရဲစခန်းမှ ရဲအရာရှိ တဦးက ပြောသည်။

“အရင် ရက်ပိုင်းကတော့ နေပြည်တော် အဝိုင်းကြီးက မီးလုံးတွေကို တက်ပြီး ရိုက်ခွဲသွားတယ်။ အခု ကားမှတ်တိုင် လမ်းညွှန်တွေကို ခွာပစ်တာတို့၊ တွန်းလှဲထားတာတွေရှိနေတယ်။ ဒီလိုလုပ်တဲ့ လူတွေကို ကျနော်တို့ စောင့်ကြည့်နေပါတယ်” ဟု အဆိုပါရဲအရာရှိက မဇ္ဈိမကို ပြောသည်။

မိမိတို့၏ နယ်မြေပိုင်အတွင်းမှာ အလားတူ ဖြစ်ပျက်မှုများရှိနေသော်လည်း စည်ပင်မှ တင်ပြလာမှုကို စောင့်ဆိုင်းနေကြောင်း နေပြည်တော် အခြေစိုက် အမှတ် (၃) ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တဦးက ပြောသည်။

ယခုနှစ် မေလပိုင်းမှစ၍ ဇူလိုင်လထိ ယာဉ်စီးကမ်းထိန်းသိမ်းရေး ဌာနက နေပြည်တော်အတွင်း စည်းကမ်း ဖောက်ဖျက်ပြီး မောင်းနှင် သွားလာနေကြသော ကား၊ ဆိုင်ကယ်နှင့် ၃ ဘီးဆိုင်ကယ်များအား ဖမ်းဆီး ဒဏ်တပ်မှုများ ပြုလုပ်ခဲ့သည်ဟုသိရသည်။

“ဒီလိုလမ်းထိပ်တွေ ပွိုင့်ဇုန်တွေမှာ ဖျက်ဆီးတဲ့ ကိစ္စတွေကတော့ အဲဒီ ယာဉ်စည်းကမ်း ဒဏ်တပ်မှုတွေ နောက်ပိုင်းမှာ ဖြစ်လာတာတွေပါ။ တချို့ အမူးသမားတွေက မထီမဲ့မြင်လုပ်ပြီး ဖျက်ဆီးတာတွေလဲရှိတယ်” ဟု အဆိုပါ အမှတ် (၃) ရဲအရာရှိက မဇ္ဈိမကိုပြောသည်။

ယခုနှစ် မတ်လကလည်း နေပြည်တော်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ သမဝါယမဝန်ကြီးဌာန အိမ်တွင်းစက်မှု လက်မှုဦးစီး ဌာန ဝန်ထမ်းများနေထိုင်သည့် တိုက်အမှတ် ၇၄၈ အခန်းအမှတ် ၃၂၊ ၃၃၊ ၃၄ တို့်မှ ရုံးဝန်ထမ်းများ ရုံးသွားတက်ချိန် နေ့လယ်ပိုင်းတွင် ဖောက်ထွင်းခိုးယူမှုဖြစ်ပွားခဲ့သေးသည်။
ထိုအမှုကိုလည်း ယခုထိ တရားခံ ဖော်ထုတ်နိုင်ခြင်းမရှိသေးပါ။

မဇ္ဈိမသတင်းထောက် ကျော်ခ ရေးသားသည်။

မဲထက်ဝက်ကျော်ဖြင့် ကြံ့ဖွံ့နိုင်မည်ဟု ဦးအောင်သောင်း ပြောဆို

နွားထိုးကြီး (မဇ္ဈိမ) ။ ။ စစ်အစိုးရ၏ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံမဲပေးမည့်သူ ၁၆ သန်း ရှိနိုင်ပြီး ရွေးကောက်ပွဲတွင် ၅ဝ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရင်းလူယုံဖြစ်သူ အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းက ခန့်မှန်းပြောဆိုလိုက်သည်။

သြဂုတ်လ ၉ ရက်နေ့တွင် မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် အားကစားခန်းမ၌ ပြုလုပ်သော ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲတွင် ကြံ့ဖွံ့ပါတီ၏ ဗဟိုကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ဦးအောင်သောင်းက ပြောကြားသွားခြင်း ဖြစ်သည်။

လာမည့်နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် လူဦးရေ ၅၉ သန်း ကျော်ရှိသော မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူမှာ သန်း ၃ဝ ခန့်ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကြံ့ဖွံ့သည် ”မိုးရွာ၍ ဖားအော်သော ပါတီမဟုတ်” ဟု ဆိုကာ ပါတီသည် အခြားပြိုင်ဘက်များထက် အစစအရာရာ သာလွန်မှုရှိသည်ဟု ဦးအောင်သောင်းက ဆိုသည်။ သူသည် တောင်သာမြို့နယ် ဝဲလောင်ကျေးရွာ ဇာတိသားဖြစ်ပြီး မန္တလေးတိုင်းမှ ဝင်ရောက်အရွေးခံမည် ဖြစ်သည်။

သူကိုယ်တိုင်ပင် နွားထိုးကြီး၊ တောင်သာနှင့် မြင်းခြံတို့တွင် ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းမှုများ လုပ်နေခဲ့သည်။ တောင်သာမြို့နယ်များရှိ ကျေးရွာများကို ကြံ့ခိုင်ဖြိုး စံပြကျေးရွာများအဖြစ် ထူထောင်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို ဒီပဲယင်းတွင် ၂ဝဝ၃ ခုနှစ်က အကြမ်းဖက် တိုက်ခိုက်ခြင်းနှင့် ၂ဝဝ၇ ခုနှစ် အစိုးရဆန့်ကျင်ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် ပါဝင်မှုဖြင့် ကြံ့ဖွံ့မှာ နာမည်ပျက်ဖြင့် ကျော်ကြားသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီ၏ နိုင်ငံတဝှမ်း ရုံးဖွင့်ပွဲများနှင့် အလံတင်ပွဲများကို မနက်ဖြန် နံနက်တွင် ကျင်းပမည်ဖြစ်သည်။

သံဃာတော်များ နှင်ထုတ် ဖယ်ရှား ခံခဲ့ ရသည့် ပိဋကတ် တိုက် တစ်ခုအား သီရိလင်္ကာ သို့ လွှဲပြောင်း

မြန်မာ နိုင်ငံ နှင့် သီရိလင်္ကာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ပြန့် ပွား စေရန် ရည်ရွယ် သည်ဟု ဆိုကာ သီရိလင်္ကာ စွယ်တော် တိုက်အတွက် ရွှေတိဂုံ စေတီ အရှေ့ဘက် အာဇာနည်လမ်း ရှိ ပိဋကတ် တိုက် ရှစ်လုံး အနက် တစ်လုံး အား သီရိ လင်္ကာ စွယ်တော် တိုက် အတွက် နေရာ ခွင့်ပြု ပေးခြင်း ဖြစ်ကြောင်း သာဖြစ်ကြောင်း ရွှေတိဂုံ ဂေါပက အဖွဲ့ ၏ ထုတ်ပြန်ချက် အရ ဟံသာဝတီ မှ သိရှိရ ပါသည်။

နှစ်နိုင်ငံ ချစ်ကြည်ရေး စာချွန်လွှာ ထိုးထားပြီး ရွှေတိဂုံ စေတီတော်ကြီး ၏ ၀တ္တက မြေတွင် စွယ်တော် တိုက် အတွက် နေရာ ထားရှိ ပေးသလို သီရိ လင်္ကာစွယ် တော်တိုက် တွင်လည်း ရွှေတိဂုံ စေတီတော်ကြီး အတွက် နေရာ တစ်နေရာ ထားရှိ ပေးထားမည်ဖြစ် ကြောင်း၊ အဆိုပါ ပိဋကတ် တိုက်တွင် နေရာ ပေးရခြင်း မှာလည်း သီရိ လင်္ကာ စွယ်တော် တိုက်နှင့် ပတ်သက် သော အချက် အလက် များ၊ ယဉ်ကျေးမှု နှင့် ရွှေတိဂုံ စေတီတော်ကြီး ၏ ဗုဒ္ဓ ပူဇနိယ ပွဲတော် အား လာရောက်သော ဧည့်သည်များ အတွက် တည်းခို နေထိုင်ခွင့် ပေးခြင်းသာ ဖြစ်ကြောင်း ၊ ထို ပိဋကတ်တိုက် အား “ရောင်း တာလည်း မဟုတ်ပါ ဘူး။ ငှား တာလည်း မဟုတ်ပါဘူး။ နှစ်နိုင်ငံ အပြန် အလှန် ထေရ၀ါဒ ဗုဒ္ဓ ဘာသာ ပြန့်ပွား စေဖို့ အတွက် နေရာ ပေးခြင်း သာဖြစ်တယ်” ဟု ရွှေတိဂုံ ဂေါပက အဖွဲ့မှ ဂေါပက အဖွဲ့ဝင် တစ်ဦးဖြစ် သူ ဦးဘရွှေက ပြည်တွင်း မီဒီယာ များကို ပြောကြားသည်။

ရန်ကုန်တိုင်း အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ (တယက) မှ ဇူလိုင် (၂၉) ရက်နေ့ ထုတ်ပြန်သော အကြောင်းကြား စာတွင် “ အရှေ့ဘက် အာဇာနည်လမ်း အောက်ပိုင်း ၀တ္တကမြေ နယ်နိမိတ် တလျှောက်ရှိ စေတိယ သန္တက အဆောက် အအုံ များသည် နှစ်ကာလ ကြာမြင့် လာသည် နှင့် အမျှ ဟောင်းနွမ်း ချို့ယွင်း ပျက်စီး၍ အမြင် တင့်တယ်မှု မရှိသဖြင့် မွမ်းမံခြင်းများ ဆောင်ရွက်ရန် နှင့် ထို ပိဋကတ်တိုက် များတွင် သီတင်းသုံး နေထိုင်ကြသော ရဟန်းရှင်လူများ အနေဖြင့် ဇူလိုင်လ (၂၅) ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် ” တို့ ပါရှိသည်။

ထို အကြောင်းကြားစာတွင် ပါဝင်သော ပိဋကတ်တိုက် (၈) ခု ရှိသည့် အနက် ကရင်ပိဋကတ်တိုက်၊ ဒေါ်ငွေညွန့်၊ ဒေါ်လှဆင်၊ ဦးအုန်းခင်၊ ဦးစံချိန် စသော ပိဋကတ်တိုက် (၅) ခု မှ သံဃာတော် များအား အတင်း အဓမ္မ ဖယ်ရှားပြီး ရဲ ပိဋကတ်တိုက်၊ မြေစာရင်း ဓမ္မာရုံတို့ကိုတော့ ဖယ်ရှားခဲ့ခြင်း မရှိပေ။

ဝတ္တကမြေ ၁၁၄ ဧကရှိသော နေရာတွင် အဆောက် အအုံ ဆောက်လုပ်လျှင် အဆိုပါ အဆောက် အအုံ သည် ဂေါပကအဖွဲ့ ၏ စီမံကြီးကြပ် မှုအောက်တွင် ရှိကြောင်း၊ အလှူရှင် က ရေစက်ချ လှူဒါန်းသည် ဖြစ်စေ၊ မလှူဒါန်း သည်ဖြစ်စေ ရွှေတိဂုံ စေတီတော်ကြီး နှင့် သာသက်ဆိုင် ကြောင်း ရွှေတိဂုံ ဂေါပက အဖွဲ့၏ ထုတ်ပြန်ချက် တွင်ပါရှိသည်။

CDMA 800 MHz ကျပ် ငါးသိန်းတန်ဖုန်း မြို့နယ် အချို့တွင် ဆက်လက် တိုးချဲ့ ချထား

ရန်ကုန် နှင့် မန္တလေးမြို့ များတွင် ချထား ပေးလျက် ရှိသော ကျပ် ငါးသိန်းတန် CDMA 800 MHz ဖုန်း များကို ယခု လမှ စတင်ခါ တိုးချဲ့ ချထား ပေးလျှက် ရှိရာ မြို့နယ် သုံးမြို့နယ် တိုးချဲ့ ချထား ပေးပြီး ဖြစ်ကြောင်း သတင်း ရရှိပါသည် ။ တိုးချဲ့ ချထား ပေးခဲ့သော မြို့နယ် များမှာ ရန်ကုန် တိုင်းတွင် မှော်ဘီမြို့နယ်၊ မန္တလေး တိုင်းတွင် ကျောက်ဆည် မြို့နယ် နဲ့ စစ်ကိုင်း မြို့နယ် တွေ ဖြစ်ပြီး ဆက်လက်၍ နေပြည်တော် ၊ ပုဂံ ၊ ပြင်ဦးလွင် ၊ လားရှိုး ၊ မူဆယ် ၊ တောင်ကြီး ၊ ကျိုင်းတုံ ၊ ၊ ထားဝယ် ၊ မြစ်ကြီးနား ၊ မိုးကုတ် ၊ မိုးမိတ် နှင့် ပုသိမ် စသော နယ်မြို့များ ဖြစ်ကြောင်း ဟံသာဝတီ မှ သတင်း ရရှိပါသည်။

တိုးချဲ့ ချထား ပေးလျှက် ရှိသော မြို့နယ် များတွင် လျှောက်ထားမှု များကို သက်ဆိုင်ရာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း များတွင် ဆောင်ရွက်ရမည် ဖြစ်ပြီး ငှားရမ်း သုံးစွဲ ခနှင့် ခေါ်ဆိုခ နှုန်းထား များမှာမူ ယခင် ချထား ပေးခဲ့သည့် အခြားသော မြို့နယ် များနှင့် တူညီမည် ဖြစ်သည်။

ထို့ အပြင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ ယခင် ချထား ပေးခဲ့သည့် ၀၉-၉၉ နံပတ်ဖြင့် စတင်သည့် ဆယ်လူလာ ဖုန်း များကို ကမ်းရိုးတန်း ဖုန်းဟု လူသိ များသည့် CDMA 450MHz ဖုန်းများ နှင့် အလိုက် ရှစ်သိန်းပေးရပြီး လဲလှယ် ပေးလျက် ရှိသည်။

လဲလှယ်လိုသူများ အနေဖြင့် ရွှေဂုံတိုင် ဆက်သွယ်ရေး ရုံးကို လဲလှယ် လိုကြောင်း စာတင်ရပြီး လဲလှယ်ကိုင် ဆောင်ခွင့် တစ်ပတ် စောင့်ရသည်။ လဲလှယ် ကိုင်ဆောင်ခွင့် ပေးသော ဖုန်းများမှာ ၀၉-၈၅ ၊ ၈၆ စသည့် နံပါတ် များနှင့် စတင်သည့် CDMA 450 MHz ဖုန်းများ ဖြစ်ပြီး တရားဝင် ငှားရမ်း သုံးစွဲ ခမှာ ကျပ် ၁၅ သိန်း ဖြစ်ကာ ဖုန်းခေါ်ဆိုခ ကြိုတင် ပေးသွင်းငွေ ကျပ် ၅၀,၀၀၀ ကိုလည်း ပေးဆောင်ရသည်။

ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ရန် မြန်မာ – ထိုင်း ပူးပေါင်း

ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်မှု အတွက် မြန်မာ- ထိုင်း ပူးပေါင်း အဖွဲ့ ဖွဲ့စည်း လိုက်ကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာတွင် ဖော်ပြ ထားသည်။ ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ရန် အတွက် မြန်မာ-ထိုင်း ပူပေါင်းပြီး တည်ဆောက်ရေး အဖွဲ့ (၃) ဖွဲ့ကို ကချနာ ဘူရီတွင် စတင် ဖွဲ့စည်း ခဲ့ကာ အခြေခံ တည်ဆောက်ရေး လေ့လာ ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။ ထိုင်း စက်မှု လက်မှု ကောင်စီ ဥက္ကဋ္ဌ ဖြစ်သူ ဆင်တန်ချာရို ချိုင်ချာနာက ပူးပေါင်း အဖွဲ့ များသည် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင်မှ ၄င်းတို့ သက်ဆိုင်ရာ နေရာများသို့ ကွင်းဆင်း လေ့လာမှုများ ပြုလုပ် နေပြီ ဖြစ်ကြောင်း ဩဂုတ် ၈ ရက်က ပြောကြား ခဲ့သည်။

ထားဝယ်- ကချနာဘူရီ လမ်း ဖွင့်လှစ် ပြီးနောက် နယ်စပ် ကုန်သွယ်ရေး နှင့် ခရီးသွား လုပ်ငန်း တိုးတက်ရေးကို အကောင် အထည်ဖော် ဆောင်ရွက်ရန် ပူးပေါင်း အဖွဲ့ (၃) ဖွဲ့အနက် ပထမ အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။ ဒုတိယ အဖွဲ့မှာ ပြောင်းဖူး၊ နာနတ် နှင့် ရာဘာပင် များကို မြေငှား စနစ်ဖြင့် စိုက်ပျိုးရေး အကောင် အထည်ဖော် ဆောင်ရွက်ရန် တာဝန် ယူထားသည်။ ကချနာဘူရီရှိ ထိုင်း ကြည်းတပ် လေဆိပ်ကို အများ ပြည်သူသုံး လေဆိပ် အဖြစ် ပြောင်းလဲရန် အတွက်ကိုမူ တတိယ အဖွဲ့က အကောင် အထည် ဆောင်ရွက်ဖော် သွားမည် ဖြစ်သည်။

အဆိုပါ လေဆိပ် အကောင် အထည် ဖော်ပြီး ပါက ကူမင်၊ တရုတ် – ချင်းမိုင် က ချနာဘူရီ – ထားဝယ်၊ ထားဝယ် ကချနာဘူရီ – ဒါနန်၊ ဗီယက်နမ် နှင့် ထားဝယ် – ကချနာဘူရီ – ဟတ်ယိုင် – စင်ကာပူ လေကြောင်း ခရီးစဉ် သစ်များကို တိုးချဲ့ ပျံသန်း ပေးမည် ဖြစ် သည်။ မစ္စတာဆင်က ထားဝယ် ရေနက် ဆိပ်ကမ်း အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက် နိုင်ပါက ထိုင်းနိုင်ငံ အနေဖြင့် ဒေသတွင်း အရှေ့ နှင့် အနောက် နိုင်ငံများ ကုန်သွယ် မှုနှင့် ဆက်သွယ်ရေး လမ်းကြောင်းများ အတွက် အချက်အချာ ကျသော နိုင်ငံ အဖြစ် ဂုဏ်ယူ နိုင်မည် ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။ အဆိုပါ ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက် မှု အကောင် အထည်ဖော် ဆောင်ရွက်မှုအား ထားဝယ် ကချနာဘူရီ အဝေးပြေး လမ်းမ ဖောက်လုပ် ခြင်းဖြင့် စတင်မည် ဖြစ်သည်။

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ထုတ်ပစ်မှု အဖွဲ့အတွင်း မကျေနပ်ကြ

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရာတွင် ပိုလျှံသည့် ဒီကေဘီအေတပ်ဖွဲ့ဝင် (၂,၀၀၀) ကျော်အား အဖွဲ့မှ ထုတ်ပယ်လိုက်သည့် အကျိုးဆက်ကို ဒီကေဘီအေ ခေါင်းဆောင်များ ပေးဆပ်ကြရမည်ဟု အပယ်ခံတပ်မှူးတဦးက ပြောကြားသည်။

လက်နက်ကိုင် အင်အား (၃,၀၀၀) ကျော်ရှိသည့် ဒီကေဘီအေ အဖွဲ့ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရာတွင် နအဖမှ တပ်ရင်း (၃) ရင်းစာ စစ်သည်အင်အား (၁,၀၀၀) ခန့်သာ လက်ခံသောကြောင့် ကျန်တပ်ဖွဲ့ဝင် (၂,၀၀၀) ကျော်ကို အဆင့်အလိုက် နစ်နာကြေးပေးကာ အဖွဲ့မှ ထုတ်ပယ်လိုက်သည့်အတွက် အပယ်ခံများအကြား မကျေနပ်မှုများ ဖြစ်ပေါ်နေသည်။

“ဒီကိစ္စကို ပြေလည်အောင် မညှိနှိုင်းဘဲ အဖွဲ့ဥက္ကဋ္ဌ ဦးသာထူးကျော်နဲ့ ဒု-ဥက္ကဋ္ဌ စောကျော်သန်းတို့ဟာ သူတို့ကိုယ်ကျိုးအတွက် နအဖနဲ့ပေါင်းပြီး တချိန်က ကိုယ့်အမျိုးသားအတွက် အသက်ပေး အတူတွဲ တိုက်ပွဲဝင်လာခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေရဲ့ သစ္စာကိုမှမထောက်ဘဲ ကိုယ့်အမျိုးသားတပ်ကို ဗမာတပ်ထဲသွင်းပြီး ကျန်တဲ့လူတွေကို မျက်နှာလွှဲခဲပစ် လုပ်တာကို အများစုက လုံးဝမကျေနပ်ဘူး။ ဒီဆိုးကျိုးတွေကို သူတို့ပေးဆပ်ရမှာဖြစ်တယ်” ဟု အဆိုပါတပ်မှူးက ပြောသည်။

မြ၀တီခရိုင်အခြေစိုက် ဒီိကေဘီအေ (၉၉၉) မှ ထုတ်ပယ်ခံရသည့် အသက် (၅၀) အရွယ်ရှိ စောစေးက “အမျိုးသားရေးအတွက် လုပ်ဆောင်ခဲ့တာတွေဟာ နောက်ဆုံးမှာ လူငယ်တွေ ဗမာစစ်သားဖြစ်ပြီး အသက်အရွယ်ကြီးသူတွေ တပ်က အထုတ်ခံလိုက်ရတယ်။ အရာရှိအဆင့်တွေကို တောထဲမှာ မြေတကွက်နဲ့ နစ်နာကြေးတချို့ပေးပြီး ရဲဘော်တွေကျတော့ မြေကွက်တောင်မရဘဲ ကျပ် (၁) သိန်း၊ (၂) သိန်းလောက်နဲ့ ကျေနပ်လိုက်ရတာတွေ ရှိတယ်။ အောက်ခြေရဲဘော်တွေက မကျေနပ်ပေမယ့် ဘာမှ မတတ်နိုင်တော့ဘူး။ ဒီပြဿနာဆက်က အခြေအနေတွေ ရှုပ်ထွေးပြီး ကရင်တွေအချင်းချင်း သတ်ဖြတ်ကြမယ့် အခြေဆိုက်ဦးမယ်” ဟု ပြောသည်။

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းသည့် စစ်ရေးပြပွဲကို မြိုင်ကြီးငူ ဌာနချုပ်တွင် ယမန်နေ့၌ ပထမအသုတ်အဖြစ် စတင်ကျင်းပခဲ့သည်။

ဒုတိယအသုတ်အဖြစ် ယခုလ (၂၀) ရက်တွင် (၉၉၉) တပ်မှ ဗျူဟာမှူး စောချစ်သူအဖွဲ့က မြ၀တီမြို့နယ်ရှိ မယ်ပလက်ရွာ၌ လည်းကောင်း၊ တတိယအသုတ်အဖြစ် (၂၄) ရက်တွင် ဒီကေဘီအေ ကလို့ထူးဘောဒေသမှ ဗိုလ်မှူးကြီး စောမောသိုဦးစီးအဖွဲ့ က မြ၀တီမြို့နယ်ရှိ မေတ္တာလင်းမြိုင်ရွာ၌လည်းကောင်း ပြုလုပ်မည်ဟု သိရသည်။

မြိုင်ကြီးငူတွင် ယမန်နေ့က ပြုလုပ်သည့် ဌာနချုပ်တပ်ရင်းများ ကိုယ်စားပြု နယ်ခြားစောင့်တပ်ရင်းအမှတ် (၁၀၀၄) အသွင်ပြောင်းပွဲကို နအဖ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။

ဒီကေဘီအေ ဒု-ဥက္ကဋ္ဌစောကျော်သန်းက “တောထဲမှာ ကျန်ရှိနေသေးတဲ့ ကျနော်တို့ သွေးချင်းညီအစ်ကိုတွေလည်း ကိုလိုနီနယ်ချဲ့ဖက်ဆစ်တွေနဲ့ ပြည်ပြေးနိုင်ငံရေးသမား သစ္စာဖောက်များရဲ့ သွေးထိုးမြှောက်ပင့်နေကြတာကို နားမယောင်ဘဲ အားလုံးရဲ့အကျိုးကို ဆောင်ရွက်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ သယ်ပိုးထမ်းဆောင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတော်၏ ဂုဏ်ပြုချီးမြှင့်ငွေဟုဆိုကာ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက ဒီကေဘီအေအဖွဲ့သို့ ကျပ်ငွေ (၂,၃၈၃) သိန်းနှင့် ဒုက္ခိတဖြစ်သွားသည့် တပ်ဖွဲ့ဝင် (၄၀) တို့အား နစ်နာကြေးများ ပေးအပ်ခဲ့သည်။

ဒီကေဘီအေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့သော်လည်း တိုးတက်သော ကရင်ဗုဒ္ဓဘာသာအစည်းအရုံးအမည်ဖြင့် အဖွဲ့နာယက ဆရာတော် ဦးသုဇန၊ ဥက္ကဋ္ဌ ဦးသာထူးကျော်တို့ ဦးဆောင်ကာ ဆက်လက်တည်ရှိနေမည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ကာ ဒီကေဘီအေအဖွဲ့ကို ၁၉၉၄ နှစ် ဒီဇင်ဘာ (၂၁) ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။

ခေတ်ပြိုင်သတင်းထောက် ရဲရင့် ရေးသားသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ပြည်သူသို့ မေတ္တာရပ်ခံ

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စား ၀င်ရောက်အရွေးခံလိုသော အများပြည်သူများသည် ၎င်းတို့ပါတီသို့ ဆက်သွယ်နိုင်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။

ရွေးကောက်ပွဲကော်မရှင်ထံ အမတ်လောင်းများ စာရင်းတင်ပြရမည့်ရက်ကို သြဂုတ် (၁၆) ရက်မှ သြဂုတ် (၃၀) ရက်အထိ ရွေးကောက်ပွဲကော်မရှင်မှ ကြေညာခဲ့ခြင်းကြောင့် ယင်းပါတီအနေဖြင့် အခက်အခဲများ တွေ့ကြုံနေရကာ အထက်ပါအတိုင်း ပြည်သူများထဲမှ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အမည်ကို အသုံးပြုကာ လွှတ်တော်အမတ်များအဖြစ် လျှောက်နိုင်ရန်အတွက် ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်ဟု ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)သည် မြန်မာနိုင်ငံတွင် နေရာဒေသ (၂၀၀) ကျော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ထားသော ပါတီဖြစ်သည်။

“အခုနေရာ (၁၀၀) တောင် ပြည့်ဖို့မလွယ်ဘူး။ အဲဒီအတွက် ပြည်သူတွေထဲက ဘယ်သူတွေက လွှတ်တော်ကိုယ်စားလှယ်တွေ လုပ်နိုင်မလဲ ဆိုတာကို မီဒီယာတွေကတဆင့် ပြောရတော့မယ် အချိန်လည်း ကပ်လာပြီ” ဟု ဦးသုဝေက ပြောသည်။

ထို့အပြင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) အနေဖြင့် ၎င်းတို့ရရှိခဲ့ပြီးသား အမတ်လောင်း (၁၀၀) ခန့်ထဲမှ လျော့ကျသွားနိုင်မည်ဟုလည်း ထင်ကြောင်း ဦးသုဝေက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရန်ကုန်တွင် နေရာအနှံ့ မဲဆွယ်စည်းရုံးမှုများ လုပ်နေသည့်အပြင် မက်လုံးပေးစည်းရုံးမှုတို့ကြောင့် အခြားပါတီများအနေဖြင့် ကိုယ်စားလှယ်ရရှိစေရေး စည်းရုံးရန် ခက်ခဲကြောင်း ပါတီများက တညီတညွတ်တည်း ပြောဆိုကြသည်။

“ကြံ့ဖွံ့ပါတီက အစိုးရကြောထောက်နောက်ခံ ပြုထားတဲ့ပါတီဆိုတာလည်း လူတိုင်းသိကြပါတယ်။ သူတို့အတွက် ငွေကြေးအခက်အခဲ လုံးဝမရှိဘူး။ တနိုင်ငံလုံးမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့က ရွေးချယ်တဲ့အခါ ဘယ်သူက ဘာဆိုတာကို သိနေဖို့လိုတာ အရေးကြီးနေပါတယ်” ဟု ရန်ကုန်မှ စာရေးဆရာတဦးက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)က လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆက်သွယ်နိုင်ကြောင်း ပြည်သူသို့ ပန်ကြားလွှာထုတ်ပြန်သကဲ့သို့ အခြားပါတီများအနေဖြင့်လည်း ယင်းသို့ဆောင်ရွက်လာနိုင်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ အတွင်းရေးမှူး ဦးနေမျိုးဝေက “ကျနော်တို့ပါတီကတော့ (၅) နေရာကို ပြိုင်မှဖြစ်မယ်။ အရင်ကပဲ ပြောထားပြီးသားပါ။ ကျနော်တို့ပါတီကို နာမည်သုံးပြီးတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားချင်သူတွေက ဆက်သွယ်နိုင်တယ်ဆိုတာပါပဲ” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်က သြဂုတ် (၁၃) ရက်တွင် တရားဝင်ကြေညာခဲ့သည်။

ယခုအခါ ရွေးကောက်ပွဲဝင်ရန် ပါတီပေါင်း (၄၀) ကျော် လျှောက်ထားကြရာ (၃၉) ပါတီကို မှတ်ပုံတင်ချပေးခဲ့ပြီး ပါတီဝင်စာရင်း တင်ပြပြီးသောပါတီမှာ (၁၇) ပါတီသာ ရှိသေးသည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သောစာရင်းများအရ သိရသည်။

ခေတ်ပြိုင်သတင်းထောက် မျိုးချစ်သူ ရေးသားသည်။

ထိုင်းနိုင်ငံအတွင်း ဆယ်စုနှစ်ကျော် နေထိုင်ခဲ့သူများ တရားဝင်နေထိုင်ခွင့် ရမည်

ဆယ်စုနှစ်နှင့်ချီ၍ ထိုင်းနိုင်ငံအတွင်း နေထိုင်နေသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား အမြဲတမ်း နေထိုင်ခွင့်ပေးအပ်ရန် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီမှ စဉ်းစားနေပြီဖြစ်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြပါရှိသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်အဖြစ် နှစ်ပေါင်း (၂၀၊ ၃၀) နေထိုင်လာခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူများအား အမြဲတမ်းနေထိုင်ခွင့် အဆင့်အတန်းနှင့်ညီမျှသော အဆင့်အတန်းတခု ပေးအပ်ရန် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက စဉ်းစားနေပြီဖြစ်ကြောင်း ကော်မတီအထွေထွေအတွင်းရေးမှူး ခွန်သဝီ ပလီယန်စရီက ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်နေသော လူဦးရေ (၃) သန်းနှင့် ပတ်သက်၍ ယမန်နေ့က ကျင်းပသော အစည်းအဝေးတွင် အမျိုးအစား (၄) မျိုး ခွဲခြားသတ်မှတ်ခဲ့ပြီး (၈၀) ရာခိုင်နှုန်းသည် ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် လာရောက် နေထိုင်နေသောသူများအား သက်ဆိုင်ရာနံပါတ်ဖြင့် အမျိုးအစားခွဲခြားထားပြီး ထိုင်းနိုင်ငံသား အပါအဝင် အထောက်အထားလက်မှတ် ကိုင်ဆောင်ထားသူများသည် ဂဏန်း (၁၃) လုံးပါသော ကိုယ်ပိုင်သက်သေခံအမှတ် ရှိကြကာ ရွှေပြောင်းအလုပ်သမားများ၏ အမှတ်စဉ်မှာ (၀၀) ဖြင့် စတင်သည်။

ထိုင်းနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်ရမည့်သူများသည် ပထမအဆင့် အုပ်စုတွင်ပါဝင်ပြီး လူဦးရေ (၂) သိန်းခန့် ရှိကာ ၎င်းတို့ကို ထုတ်ပေးထားသော ယာယီနေထိုင်ခွင့် မှတ်ပုံတင်တွင် နံပါတ် (၆) ဖြင့် စတင်သည်။ ထိုသူတို့၏ ရင်သွေးများမှာ နံပါတ် (၇) ဖြင့် စတင်ပြီး ယင်းကလေးသူငယ်များသည် ထိုင်းနိုင်ငံသားအဖြစ် ခံယူခွင့်ရရှိမည်ဖြစ်သည်။

ဒုတိယအမျိုးအစားမှာ နေထိုင်ခွင့် (၁၀) နှစ်ကတ်ဟု လူသိများပြီး (၀) ဖြင့်စတင်၍ လူဦးရေ (၅) သိန်းခန့် ရှိနေပြီး တရားဝင်အထောက်အထား ထုတ်ပေးထားသူများမှာ (၁) သိန်းခန့်သာ ရှိသေးကာ ကျန်သူများကို ဆက်လက်စာရင်း ကောက်ယူရန် စဉ်းစားမည်ဖြစ်သည်။

တတိယအမျိုးအစားမှာ အထူးသဖြင့် ဒုက္ခသည်များကို ဆိုလိုပြီး ထိုင်းခရိုင် (၄) ခုတွင်ရှိသော စခန်း (၉) ခုတွင် နေထိုင်သူများဖြစ်ကာ အချို့မှာ ရိုဟင်ဂျာနှင့် မြောက်ကိုးရီးယား လူမျိုးများ ပါဝင်မည်ဖြစ်သည်။ ထိုသူများအား လူသားချင်းစာနာမှုအဖြစ် ယာယီနေထိုင်ခွင့် ပေးထားမည် ဖြစ်သော်လည်း အမြဲတမ်းနေထိုင်ခွင့် ရဦးမည်မဟုတ်ပေ။

စတုတ္ထအမျိုးအစားမှာ ထိုင်းနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် လာရောက်ပြီး နေထိုင်ခွင့်လွန်သွားသူများဟု သတ်မှတ်သည်။

ထို့အပြင် ၁၉၉၅ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နောက်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်း မွေးဖွားလာသော ကလေးသူငယ်များအား နိုင်ငံသားဖြစ်ခွင့်ကိုလည်း စဉ်းစားသွားမည်ဖြစ်သည်။ အဆိုပါကလေးများအကြားတွင် မိဘမဲ့ကလေးဦးရေ (၂,၉၀၀) ခန့် ရှိနေသည်ဟု သိရသည်။

ထိုသို့အမြဲတမ်း နေထိုင်ခွင့်ရရှိမည့်သူများသည် အစိုးရထံ အခွန်ဆောင်ရမည်ဖြစ်ပြီး နေထိုင်စဉ်ကာလအတွင်း နေထိုင်ရာဒေသ၏ လုပ်သားလိုအပ်ချက်အပေါ် မူတည်၍ အလုပ်ရရှိမည်ဖြစ်သည်။

မဲဆောက်မြို့နေ မြန်မာနိုင်ငံသားတဦးက သူမကိုင်ဆောင်ထားသော လက်မှတ်သည် နံပါတ် (၆) ဖြင့် စတင်ပြီး ရင်သွေးငယ်မှာလည်း အလားတူဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် အဆိုပါကလေးသည် ၁၉၉၅ နောက်ပိုင်း မွေးဖွားလာသူဖြစ်၍ နိုင်ငံသား ဖြစ်ခွင့်ရှိမည်ဖြစ်သည်။

ခေတ်ပြိုင်သတင်းထောက် မြတ်ခိုင်ဦး ရေးသားသည်။