ကချင်ပြည်နယ်သို့ အစိုးရစစ်အင်အား နှင့် လက်နက်ကြီးများ ပို့ဆောင်နေ

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်သို့ မြန်မာစစ်အစိုး၏ စစ်အင်အားနှင့် လက်နက်ကြီးများကို မန္တလေးမှ ဗန်းမော်သို့ နိုဝင်ဘာလကုန်ပိုင်းမှ စတင်ပို့ဆောင်နေကြောင်းသိရသည်။

တရုတ်စစ်ကား ၁၂ စီးပါ အမြောက်လက်နက်ကြီးများ တင်ဆောင်လာသည့် စစ်ယာဉ်တန်း ဝင်ရောက်လာတာဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဗန်းမော်မှ လိုင်ဇာ၊ မြစ်ကြီးနားဖက်သို့လည်း တင်ဆောင်သွားကြောင်း မျက်မြင်တစ်ဦးမှ ဆိုသည်။

၎င်းက ဆက်ပြီး “ကားက ၁၀စီးပါ၊ ကားတစ်စီးပေါ်မှာ သူတို့က လက်နက်ကြီး တစ်လက်လက်နဲ့၊ စက်သေနက်တွေလည်း မျိုးစုံ၊ စစ်သားတွေက လေးငါးယောက်၊ လေးငါးယောက်ပါတယ်၊ စစ်သားတွေတော့ သိပ်မတွေ့ဘူး၊ လက်နက်ပဲသယ်ဖို့ လုံခြုံရေးလောက်ပဲ ပါတယ်။” ဟု ပြောသည်။

ယမန်နေ့ညနေပိုင်းတွင် မန္တလေးလမ်းဘက်မှ လက်နက်ကြီးတွေ တင်ဆောင်လာသည့် စစ်တပ်ကားအစီး ၅စီး မြို့ထဲထပ်ဝင်လာပြီး သင်္ဘောဖြစ်လည်း လက်နက်ကြီးတွေ သယ်ပို့နေသည်ဟု ဒေသခံတစ်ဦးမှပြောသည်။

သေနတ် သယ်ဆောင်လာသည့် စစ်တပ်ကားမြင်ခဲ့ရသည့် ဈေးသည်၊ ဒေသခံများက တုန်လှုပ်သွားကြကာ စစ်ဖြစ်မှာကို ကြောက်လန့်နေကြသည်ဟု ဒေသခံမှပင် ပြောသည်။

“အရင်တစ်ခေါက်က ဒီအောက်ပိုင်းကနေသယ်လာတာ မဟုတ်ဘူးထင်တယ်၊ သူတို့ စစ်တပ်တွေဆီကနေ စုဆောင်းပြီး အမြောက်ကြီး၊ သေနက်ကြီးတွေ ဒီမြို့ဘက်ကနေ ပတ်ပြီး လိုက်သယ်ပြတာ။ ဒေသခံတွေကိုကြတော့ သယ်လာတာပဲပြတာ၊ ပြည်သူတွေကို ခြောက်နေသလိုပဲ” ဟု လက်နက်တင်ကားကြီးမြင်တွေ့ခဲ့ရသည့် ဒေသခံတစ်ဦးမှပင် သုံးသပ်ပြောဆိုသည်။

စစ်အစိုးရဖက်မှ တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်အနီး မြို့များတွင် စစ်အင်အားနှင့် လက်နက်ကြီးများ တိုး၍ပို့ဆောင်ထားသလို ပြည်တွင်းရှိ KIO ဆက်ဆံရေးရုံးများအားလည်း ပိတ်ပင်လိုက်သည်။

တရုတ်နယ်စပ်အနီး KIO ဌာနချုပ်လိုင်ဇာမှတဆင့် နှစ်နိုင်ငံကုန်အ၀င်အထွက်အားလုံးကို လိုင်ဇာနှင့် အဓိကဆက်သွယ်သော မြန်မာစစ်အစိုးရထိန်းချုပ်သည့် လဂျားယန်ဂိတ်စုပေါင်းဂိတ်တွင် လုံးဝ ပိတ်ပင်ထားသည်မှာ နှစ်ပတ်နီးပါးရှိလာပြီဖြစ်သည်။

အခုလိုပိတ်ပင်မှုနောက်ပိုင်း KIO မှလည်း လိုင်ဇာမြို့ရှိ ကုန်သည်များအား ပြောင်းရွှေ့ကြရန် သတိပေးပြောဆိုလာသည်။

ကချင်ပြည်နယ် ဥရုချောင်းတံတား ကျိုးရာမှ မော်တော်ယာဉ်များ ရေထဲမျှောပါ

မြန်မာနိုင်ငံ ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေကြီးပြီး တစ်ခုတည်းသောဗေလီတံတား ကျိုးခဲ့ရာမှ လူ ၅ ယောက်ထက်မနည်း သေဆုံးမှု ရှိခဲ့သည်။

ကျောက်ကျဉ်းမှော်သို့သွားရန် အဓိကဖြတ်ကူးရသည့် ၄င်းဗေလီတံတားသည် ဇူလိုင် ၂၅ ရက် တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီခွဲတွင် ဥရုချောင်း ရေလျှံလာသောကြောင့် တံတားအလယ်မှ ကျိုးပျက်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

072610-hpakant-flood

မိုးရေကြောင့် ဥရုချောင်း ရေကြီးပြီး အခုလိုလူနေအိမ်များ ရေလွှမ်းခံနေရပုံ။ ဓါတ်ပုံ – ကချင်သတင်းဌာန


“တံတားကတော့ အလယ်ကနေ ထက်ပိုင်းကျိုးသွားတယ်လေ၊ သေသွားတဲ့ အလောင်းတွေ ဖော်နေတယ်၊ တစ်လောင်းမှ ဖော်လို့မရသေးဘူး၊ အထဲမှာ ကားနဲ့ ဖိထားတယ်” ဟု ဖားကန့်မြို့ခံတစ်ဦး ပြောသည်။ တံတားပေါ်ဖြတ်ကူးနေသည့် မြေစာတင် ၁၀ ဘီးကား တစ်စီး၊ ကုန်တင်ကား တစ်စီး၊ ဆိုင်ကယ် သုံးစီးနှင့် တံတားပေါ်လမ်းလျှောက်နေကြသည့် လူ သုံး လေးဦးသည် ကျိုးကျစဉ် ရေထဲမျှောပါသေဆုံးသွားခဲ့သော်လည်း အသေအပျောက်ဦးရေ တိတိကျကျ မသိရှိရပေ။

သက်ဆိုင်ရာ အာဏာပိုင်များမှ ဆက်လက်ရှာဖွေနေကြောင်းသိရသည်။

ယင်းဗေလီတံတားသည် ဖားကန့် ကျောက်စိမ်း ရောင်းဝယ်ရေးတွင် အဓိက အရေးပါသည့် တံတားဖြစ်ပြီး ဥရုချောင်း တစ်ဖက်တစ်ချက်ရှိ ဌက်ပျောတောရပ်ကွက်နှင့် မရှီကထောင် ရပ်ကွက် တို့ကို ဆက်သွယ်ထားသည့် ပေါင်းကူးတံတားဖြစ်သည်။

ယခုချိန်တွင် စက်လှေဖြင့်သာ ဖြတ်သန်းသွားလာနေရာမှ ဆွေးနေပြီး အသုံးမပြုတော့သည့် ကြိုးတံတားကို တစ်ဖန်ပြန်လည် အသုံးပြုနေရသည်။

“စက်လှေတွေနဲ့လည်း ကူးသွားလို့ရတယ်၊ ကြိုးတံတားကနေ ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးနေကြတယ်၊ ဒါမဲ့ ဆိုင်ကယ်တော့ တစ်ပြိုင်နက် နှစ်စီး သုံးစီပဲ ဖြတ်လို့ရတယ်” ဟု ဖားကန့် ဒေသခံအမျိုးသမီးတစ်ဦး ပြောပြသည်။

ယခုလ ၁၃ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ရေလျှံလာပြီး ဌက်ပျောတော၊ မရှီကထောင်၊ ဆိုင်းတောင်၊ အေးမြသာယာ အစရှိသည့် ရပ်ကွက်များ ရေလွှမ်းသွားရာ နေအိမ်အချို့ ရေထဲနစ်မြုပ်မျှောပါသွားခဲ့သည်။

နှစ်စဉ် မိုးဥတုတွင် ရေကြီးမှုဖြစ်ပေါ်နေသည့် ဥရုချောင်းသည် တစ်နှစ်ထက်တစ်နှစ် ရေလွှမ်းမိုးမှု ဆိုးရွားလာသည်။ ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီများမှ မြေစာများကို ချောင်းတွင်းသို့ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်မှု များလာသောကြောင့် ရေနစ်မြုပ်ကာ လူ အသေအပျောက် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

ဖားကန့်မြို့တွင် ယနေ့ နံနက်ပိုင်းမှ ရေအနည်းငယ်ပြန်ကျနေသည်ဟု ဒေသခံတွေမှ သိရသည်။

ကုန်ဈေးနှုန်းများတက်လာ၍ အိမ်ထောင်ရှင်အမျိုးသမီးများ အခက်အခဲကြုံနေရ

ကချင်ပြည်နယ်ဈေးကွက်တွင် မိုးအဝင်မှ စကာ ပြည်တွင်းကြိတ်ဆီများဖြစ်သည့် မုံညှင်းဆီ၊ ပဲဆီများ နေ့စဉ်နေ့အမျှ ဈေးတက်လာ၍ အရောင်းအေးနေသည်။

ပြီးခဲ့သည့်ဇွန်လ အစောပိုင်း မုံညှင်းဆီ ၁ပိဿ ကျပ်၂၃၅၀ မှ ယခုဈေးကွက်တွင် ကျပ်၂၆၀၀၊ ပဲဆီ ၁ပိဿ ကျပ် ၃၀၀၀ ရှိရာမှ ကျပ် ၃၄၀၀ တက်နေသည်။

မုံညှင်းဆီသိသိသာသာ တက်လာခြင်းသည် “ဒီနှစ်နွေမှာ မုန်ညှင်းခင်းသိပ်မလုပ်ကြဘူး၊ ဈေးတက်လာလို့ ထင်တယ် အရောင်းလည်းအေးလာတယ် နောက်ထပ်လည်း ဈေးလည်းဆက်တက်လာနိုင်သေးတယ်” ဟု ကုန်သည်တစ်ဦးမှ ပြောပြသည်။

ကချင်ပြည်နယ်တစ်ခုလုံးတွင် ပဲဆီဈေးကြီးသဖြင့် မုံညှင်းဆီသာ အသုံးများနေသော်လည်း ယခု မုံညှင်းဆီ ဈေးတက်လာ၍ အိမ်ထောင်ရှင် အမျိုးသမီးများအတွက် ဈေးဝယ်ရန် အခက်အခဲကြုံနေရသည်။

“ဈေးတောင်မသွားနိုင်ဘူး၊ နှစ်ပတ်ရှိပြီ၊ ချွေတာနေရတယ်၊ ဆီလည်း မသုံးမဖြစ်သာ သုံးနေရတယ်” ဟု အိမ်ထောင်ရှင်အမျိုးသမီးမှ ကုန်ဈေးနှုန်းတက်၍ ဈေးမသွားနိုင်ကြောင်းပြောပြသည်။

သကြား ၁ ပိဿ ကျပ် ၁၅၅၀၊ ယခင် ကျပ် ၁၄၀၀ ရှိပြီး၊ ခရမ်းချဉ်သီးဈေးလည်း ယခင် ၁ပိဿ ၁၂၀၀၊ ယခု ၁ ပိဿ ကျပ်၁၄၀၀ ရှိနေပြီဖြစ်သည်။

ဒေသထွက်ကြက်သွန်ဈေးနှုန်းမှာ ကျဆင်းလာပြီး ကြက်သွန်ဖြူဈေး ၁ ပိဿ ကျပ် ၃၀၀၀၊ ယခင်ကျပ် ၄၀၀၀၊ ကြက်သွန်နီဈေး ၁ ပိဿ ယခင် ကျပ် ၆၀၀၊ ယခု ကျပ်၄၀၀ သို့ဖြစ်နေသည်။

တရုတ်ကြက်သွန်ဖြူဈေးနှုန်းတော့ တစ်ဟုန်တိုးတက်လာသည်။ ၁ပိဿ ကျပ်၂၇၀၀မှ ယခု ကျပ် ၃၀၀၀ ဈေးနှုန်းတက်လာသည်။

ရွာသစ်အပြောင်းခံရသည့် မြစ်ဆုံဒေသခံများ ဝမ်းရောဂါဖြစ်ပွားနေ

ကချင်ပြည်နယ် ဧရာဝတီမြစ် မြစ်ဆုံရေကာတာတည်ဆောက်ရေးစီမံကိန်းကြောင့် လုံဂါဇွပ်ရွာသစ်သို့ ပြောင်းရွှေ့ခြင်းခံရသည့် ဒေသခံကချင်ရွားသားများသည် ငှက်ဖျားရောဂါနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေသည်။

051710-tang-hpre

မြစ်ဆုံရေကာတာစီမံကိန်းအထဲရှိ ကချင်ရွာများကို အဓမ္မရွှေ့ပြောင်းထားတဲ့နေရာ လုံဂါဇွပ် အစိုးရရွာသစ်။ ဓါတ်ပုံ – ကချင်သတင်းဌာန

ယခုလို ရောဂါဖြစ်ပွားနေရခြင်းသည် စစ်အစိုးရပေးသော သောက်ရေသန့်မလုံလောက်ခြင်းနှင့် မသန့်ရှင်းသော သောက်သုံးရေ အသုံးပြုနေသောကြောင့် ဝမ်းရောဂါဖြစ်နေရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးပြောသည်။

“ချောင်းကနေ ပိုက်နဲ့စုတ်ယူလာတဲ့ ရေတိုင်ကီ ကားပုံးနဲ့ လိုက်ပေးနေတယ်၊ ရေလည်းမသန့်ဘူး၊ ရေကလည်းဝါဝါနီနီကြီး၊ အဲဒါကြောင့် အားလုံးဖျားကြတာ၊ ဗိုက်နာနေကြတယ်” ၄င်းရွာရောက်ခဲ့သည့် တန်ဖရဲဒေသခံမှပြောပြသည်။

ရွာသစ်သို့ စတင်ပြောင်းရွှေ့လာသည့် မေလတစ်လအတွင်းသာ သောက်ရေသန့် နှစ်ရက် တစ်ဗူး စနစ်ဖြင့် ပေးနေသော်လည်း ယခုအချိန်တွေ ရွှေကျင်ထားသည့် ချောင်းရေမှ သောက်သုံးရေပေးနေသည်။

ဆေးဝါးကုသမှု လုံလောက်ခြင်းမရှိသောကြောင့် ၎င်းရွာမှ ဒေသခံတစ်ချို့သည် မြစ်ကြီးနားဆေးရုံသို့သွားကာ ဆေးကုသမှုခံယူနေကြသည်။ ယင်းသို့သွားနိုင်သူများသည် ငွေကြေးအဆင်ပြေသူများသာဖြစ်ပြီး မိသားစုကြပ်တည်းသူများသည် သွားရောက်ဆေးကုသခွင့်မရှိကြကြောင်း ၎င်းဒေသခံများမှ ပြောသည်။

ဝမ်းရောဂါကြောင့် ဖျားနာနေသည့် ကလေးငယ်များသည် ကျောင်းမသွားနိုင်ကာ လူကြီးလူငယ်များသည်လည်း အလုပ်မသွားနိုင်ပဲ အခက်အခဲကြုံနေရသည်။

အစိုးရမှ ဆေးခန်း၊ ဆေးဝါးထားရှိမှု မရှိသေးသည့်အပြင် အစိုးရ ဆရာဝန်များလည်း ခန့်အပ်ထားခြင်း မရှိသည့်အတွက် ဖျားနာနေသူများကို တန်ဖရဲ၊ အူဗျစ် ရွာများရှိ ကျန်းမာရေးဝန်ထန်းများမှ သွားရောက်ကြည့်ရှုပေးနေရကြောင်း ဒေသခံများပြောပါသည်။

ယခုချိန် ယင်းရောဂါဖြစ်ပွါးမှုနှုန်း တိုးလာသော်လည်း ယခုထိ သေဆုံးမှုမရှိသေးချေ။

ရွာသစ်ပြောင်းလာသည့် အစောပိုင်းက သောက်ရေသန့်ပေးပြီး ထမင်းလည်းချက်ကျွေးပေးခဲ့သည်။

အစပိုင်းသာ လိုလေသေးမရှိ အိမ်တစ်အိမ်တွေ ၂၁ လက္မတီဗွီ၊ ဗွီစီဒီအောက်စက်များနှင့် ကျပ်ငွေ ၁ သိန်း ပေးကာ လူတစ်ယောက်ကို နှစ်လ စာအတွက် ဆန် ၇ ပြည်လည်း ပေးထားသည်။

ကချင်ပါတီအား ကော်မရှင်မှ လက်မခံသေးမှုပေါ် လူထုရှင်းလင်းပွဲပြုလုပ်

ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) ဗဟိုရုံးတွင် ပါတီအား မြန်မာစစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်မှ ယခုထိ လက်မခံသေးသည့်ကိစ္စပေါ် လူထုရှင်းလင်းပွဲတစ်ခုကို ဇူလိုင် ၃ ရက် ပြီးခဲ့အပတ်စနေနေ့က ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

dr.tu-ja

KSPP ပါတီခေါင်းဆောင် ဒေါက်တာတူးဂျာ မှ ပါတီအား စစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင်မှ အခုချိန်ထိ လက်မခံသေးတဲ့ကိစ္စပေါ်ု ကချင်ပြည်နယ်တ၀န်းမှရောက်ရှိလာကြတဲ့ ပါတီဝင်များ နဲ့ မြစ်ကြီးနား ဒေသခံလူထု ၃၀၀ ကျော်အား ဇူလိုင် ၃ ရက် ပြီးခဲ့တဲ့အပတ် စနေနေ့က ရှင်းပြခဲ့တယ်။ ဓါတ်ပုံ-ကချင်သတင်းဌာန

အစည်းဝေးသို့ တက်ရောက်သူများကို KSPP ပါတီ ဥက္ကဌ ဒေါက်တာတူးဂျာ က ကချင်ပါတီ အား ကော်မရှင်မှ အဘယ်ကြောင့်တရားဝင်ပါတီအဖြစ် လက်မခံနိုင်သေးသည့်ကိစ္စကို အဓိကထားရှင်းလင်းခဲ့ကြောင်း အစည်းဝေးတက်ရောက်သူများပြောပါသည်။

ယခုချိန်ထိ KSPP ပါတီအား ကော်မရှင်မှ လက်မခံသေးသည့် အဓိက အကြောင်းရင်းကတော့ ပါတီသည် စစ်အစိုးရတင်ပြုသည့် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ဆက်စပ်နေသည်ဟု သတ်မှတ်ခံရမှုကြောင့် ဖြစ်သည်။

“ကျွန်တော်တို့ ပါတီ က KIO နဲ့ ပတ်သက်မှုမရှိဘူး အကယ်လို ပါတီတည်ထောင်ခွင့်မချပေးဘူးဆိုရင် သူတို့မချပေးချင်လို့ မချပေးတာပဲဖြစ်မယ်လို့ သတ်မှတ်ရပါလိမ့်မည်” ဟု ဒေါက်တာတူးဂျာ ပြောသည်။

ထိုအစည်းဝေးသို့ မြစ်ကြီးနားမြို့မှ ဒေသခံပြည်သူများ၊ ပါတီဝင်များအပြင် ကချင်ပြည်နယ် အနယ်နယ် အရပ်ရပ်မှ ပါတီအဖွဲ့ဝင်ပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့ကြသည်။

မြန်မာစစ်အစိုးရ၏ ယခုနှစ် နှစ်ကုန်ပိုင်းတွင်ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ ကို ကချင်ပါတီ တစ်ရပ် အနေနဲ့ ပါဝင်ခွင့် မရရအောင်ကြိုးစားပြုလုပ်သွားမည်ဖြစ်ပြီး အခက်အခဲများရှိရင် စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းပေးရန် ပြည်သူများအားပန်ကြားထားကြောင်း ပါတီအရာရှိတစ်ဦးပြောသည်။

“အကယ်၍ ကျွန်တော်တို့ပါတီ ကို ပါတီတည်ထောင်ခွင့် လက်မခံဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုဆန့်ကျင့်ရမှာဖြစ်တယ်” ဟု ကချင်ပါတီ ဗဟိုအလုပ်မှုဆောင်တစ်ဦးပြောသည်။

ပါတီတည်ထောင်ခွင့်ရရှိရေးအတွက် ပါတီအရာရှိများ အကြီးအကဲများ ဆက်လက်ကြိုးပမ်းသွားရန် အစည်းဝေးတက်ရောက်သူများမှ KSPP ပါတီခေါင်းဆောင်များကို တိုက်တွန်းခဲ့ကြသည်ဟု မြစ်ကြီးနား မြို့ခံတစ်ဦးပြောသည်။

ကျွန်တော်တို့ အနေနဲ့ ယခုကချင်ပါတီ အသစ်ထွက်လာတဲ့ ပါတီတွေက ကျွန်တော်တို့ နဲ့မဆိုင်ဘူး” ဟု သူက ထမ်မံပြောသည်။

ကချင်ပါတီ အသစ်အနေနဲ့ ကြံ့ဖွံ့မှခွဲထွက်သော ဒူဝါ ခက်ထိန်နန် ဦးဆောင်သော “စည်းလုံးညီညွတ်ရေး နှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) (UNITY AND DEMOCRACY PARTY OF KACHIN STATE -UDPKS) အဖွဲ့” ၏ ပါတီမှတ်ပုံတင် လျှောက်ထားချက်ကို ရွေးကောက်ပွဲကော်မရှင်မှ လက်ခံရရှိကြောင်းကို ဇူလိုင် ၂ ရက်နေ့ထုတ် စစ်အစိုးရပိုင် မြန်မာအလင်းသတင်းစာတွင် ဖေါ်ပြခဲ့သည်။

UDPKS ပါတီ ကို ဇွန်လ ၂၆ နေ့က ကြံ့ဖွံ့ပါတီမှ ခွဲထွက်၍ ကချင်ပါတီအသစ်တည်ထောင်ရန် ကြံ့ဖွံ့ပါတီ အတွင်းရေးမှုး နှစ်ဦးဖြစ်သည့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော် နှင့် စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း တို့ တိုက်တွန်းချက်အရ ဖွဲ့စည်းခြင်းလည်း ဖြစ်သည်။

ကချင်ပြည်နယ်တွင် အကြီးဆုံးပါတီ ဖြစ်နိုင်သည့် KSPP ပါတီကို ကချင်အဖွဲ့အစည်းကြီး ၃ ဖွဲ့ဖြစ်သည့် KIO၊ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (WMR) နှင့် ယခင် ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) (အခုနယ်ခြားစောင့်တပ်ဖွဲ့) တို့၏ ထောက်ခံမှုဖြင့် ဖွဲ့စည်းခဲ့သည်။

ပါတီ တရားဝင်လက်ခံပေးရေးကိစ္စ သတိယအကြိမ် (သို့မဟုတ်) နောက်ဆုံးအကြိမ်ကြိုးပမ်းမှုအနေဖြင့် KSPP ပါတီ အရာရှိများ နေပြည်တော် အခြေစိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ ယခုလ ၁၆ ရက်နေ့ ထပ်မံသွားရောက်ရန်ရှိကြောင်း ပါတီခေါင်းဆောင်များ ပြောပါသည်။

ပြီးခဲ့သည့် မေ ၇ ရက်နေ့တွင် ပထမအကြိမ် နှင့် ဇွန် ၁၅ ရက်နေ့တွင် ဒုတိယအကြိမ်အားဖြင့် KSPP အရာရှိများ ရွေးကောက်ပွဲကော်မရှင် သို့ သွားရောက်ပြီး ပါတီအား လက်ခံအတည်ပြုပေးပါရန် တင်ပြခဲ့ပြီးဖြစ်သည်၊

ကော်မရှင်မှ ကချင်ပါတီအား တရားဝင်ပါတီအဖြစ် လက်ခံ လက်မခံကြောင်း အဖြေကို ယခုလ လယ်ပိုင်းတွင် အသိပေးလိမ့်မည်ဟု ပါတီခေါင်းဆောင် ဒေါက်တာတူးဂျာ က ပြောပါသည်။

ဖားကန့်တွင် ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ဆိုင်ကယ် ကယ်ရီခ ဈေးတက်လာ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေလမ်းပိတ်ဆို့လာပြီး ပုံမှန်လမ်းများမှ သွားလာရန်အခက်အခဲဖြစ်ကာ ဇွန်လကုန်ပိုင်းမှစကာ ဆိုင်ကယ်ကယ်ရီခ ၂ ဆ တက်လာသည်။

07510-mali-hka-kaba

ရေကြီးမှုကြောင့် ဖါးကန့်-ဆိုင်းတောင်ကြား စစ်လှေများဖြင့်သာ ဆက်သွယ်နေရပုံ။ ဓါတ်ပုံ – ကချင်သတင်းဌာန

ဖားကန့်ဆိုင်းတောင်သွားလမ်းများတွင် ဆိုင်ကယ်၊ ကားများ သွားလာ၍မရသောကြောင့် ရွာဟောင်းလမ်းများမှသွားလာနေရကာ ဆိုင်ကယ်ကယ်ရီခ ယခင် ကျပ် ၂၀၀၀ ရှိရာမှ ယခု ကျပ် ၄၀၀၀ ရှိနေပြီဖြစ်ကြောင်း ဖားကန့် တည်းခိုခန်းပိုင်ရှင် တစ်ဦးပြောသည်။

“ရေကြီးလာမယ်ဆိုတာ သိတယ်လေ၊ အဲဒါကြောင့်ရွာဟောင်းလမ်းဖောက်ထားကြတာ၊ ခုရွာဟောင်းလမ်းကနယ် ဆိုင်ကယ်နဲ့ သွားနေကြတာ၊ ဆိုင်ကယ် ကယ်ရီဈေးတော့ အရင်ထက် အများကြီးတက်တယ်” ဟု ၎င်းမှ ဆက်ပြောသည်။

နှစ်စဉ်နှစ်တိုင်း မိုးဥတုတွင် ရေကြီးမှု ဖြစ်ပွားနေသည့် ဖားကန့်မြို့နယ်သည် ယခင်နှစ်ကလို မြေပြို၍ လူအသေအပျောက်ထိဖြစ်လာမည့် အခြေအနေရောက်လာမည်ကို စိုးရိမ်ပူပန်နေကြသည်။

ဖားကန့်မော်တွင် နေ့စဉ်နဲ့အမျှ စက်ယန္တရားကြီးများနှင့် ကျောက်စိမ်းတူးဖော်မှုကြောင့် ထွက်ရှိလာသည့် မြေစာများသည် တောင်လိုပုံလာကာ ဥရုချောင်း၏ ရေစီးကြောင်းတွင် ၎င်းမြေစာများ သင့်ကာ ရေမစီးဆင်းနိုင်တော့ပဲ ရပ်ကွက်တော်တော်များများ ရေလွမ်းမိုးခြင်းခံနေရသည်။

ဤကဲ့သို့ ရေကြီးလာမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲလာကာ ကုန်ဈေးနှုန်းများ သိသာစွာ တက်လာပြီး လမ်းစရိတ်များလည်း တိုးမြင့်လာသည်။

တစ်ဖက်တွေလည်း ဧရာဝတီမြစ်ရေကြီးလာမှုကြောင့် မြစ်ကြီးနားဒေသခံပြည်သူများ ဆန်အိတ်များနှင့် ကော်ဘူးများ ကြိုတင်စုဆောင်းလျက်ရှိသည်။

“အခုတော့ ရေက စိုးရိမ်မှတ်တော့မရောက်သေးဘူး၊ ဒါမဲ့ တစ်နေ့တစ်နေ့ကြီးနေတယ်” ဟု ဒေသခံတစ်ဦးပြောသည်။

ဝိုင်းမော်မြို့တွင်လည်း အာဏာပိုင်များက သုံးဘီးဆိုင်ကယ်များဖြင့် ရေကြီးလာနိုင်သည်ဟု လိုက်လံသတိပေး ကြေငြာပေးနေသည်။
ဧရာဝတီမြစ်ရေသည် ၁၉၈၇၊ ၁၉၉၂၊ ၁၉၉၈၊ ၂၀၀၄ စသည့်ဖြင့် ၇ နှစ်တစ်ကြိမ်ရေကြီးလေ့ရှိသည်။ ၂၀၀၄ခုနှစ် ဧရာဝတီရေကြီးမှုတွင် နေအိမ်များ၊ ခြံဝင်းလိုက်ပျောက်ဆုံးပျက်စီးကာ လူအများအပြားသေဆုံးမှုများဖြစ်ပေါ်ခဲ့ သည်။

ဒီနှစ် ၂၀၁၀ခုနှစ်တွေမှာလည်း ရေကြီးလာနိုင်သည်ဟု ဒေသခံများ စိုးရိမ်နေကြသည်။

ကချင်ပါတီအသစ် တည်ထောင်ရန် စစ်အစိုးရ တိုက်တွန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေသခံ ကချင်တိုင်းရင်သားများအား ကချင်ပါတီအသစ် တည်ထောင်ရန် မြန်မာစစ်အစိုးရက အတင်းတိုက်တွန်းနေကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ကြံ့ဖွံ့ပါတီဝင် ဒူဝါ ခက်ထိန်နန်သည် ၎င်းပါတီခေါင်းဆောင်များ၏ တိုက်တွန်းချက်အရ “ကချင်ပြည်နယ်စည်းလုံးညီညွတ်ရေး ဒီမိုကရေစီပါတီ (Kachin State Unity and Democracy Party, KSUDP)” ကို ပြီးခဲ့သည့်အပတ်က အလျင်အမြန် တည်ထောင်ခဲ့သည်။

062810-hting-nan

စစ်အစိုးရ ကြံ့ဖွံ့ပါတီမှ နုတ်ထွက်ပြီး ကချင်ပြည်နယ်စည်းလုံးညီညွတ်ရေး ဒီမိုကရေစီပါတီ (Kachin State Unity and Democracy Party, KSUDP)” ကို တည်ထောင်သူ ကချင်စီးပွါးရေးသမား ဒူဝါ ခက်ထိန်နန်။ ဓါတ်ပုံ – ကချင်သတင်းဌာန


မကြာမီ KSUDP အား နေပြည်တော် အခြေစိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ သွားရောက် မှတ်ပုံတင်မည်ဖြစ်ကြောင်း ကချင်ပါတီသစ်နှင့်နီးစပ်သူများပြောသည်။
ဒူဝါခက်ထိန်နန် အား ကြံ့ဖွံ့ပါတီမှ ခွဲထွက်၍ ကချင်ပါတီအသစ်တည်ထောင်ရန် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က စစ်အစိုးရ ကြံ့ဖွံ့ပါတီ၏ အတွင်းရေးမှုးနှစ်ဦးဖြစ်ကြသည့် ဦးအောင်သောင်းနှင့် ဦးသိန်းဇော် တို့ တိုက်တွန်းခဲ့ကြောင်း ဒေသခံ ကြံ့ဖွံ့ အတိုင်းအ၀ိုင်းမှ သိရသည်။

ဦး ခက်ထိန်နန်သည် ယခင်က မြစ်ကြီးနားအခြေစိုက် ကချင်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီဝင် တစ်ယောက်ဖြစ်ပြီး မြစ်ကြီးနားမြို့ မန်ခရိန် ရပ်ကွက်တွင် ၁၀ နှစ်တိုင် ရပ်ကွက် ဥက္ကဌ တာဝနကို ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်သည်။

စစ်အစိုးရအလိုကျ ကချင်ပါတီ မဖွဲ့စည်းမီအချိန်အထိ သူသည် ကြံ့ဖွံ့ပါတီ၏ စည်းရုံးရေးမှုးဖြစ်ပြီး မြစ်ကြီးနားမြို့၏မြောက်ဘက် ၁၀ မိုင်အထက်ပိုင်း ဆွမ်ပရာဘွမ် လမ်းတစ်လျှောက် လူထုစည်းရုံးရေး ပြုလုပ်နေခဲ့သည်။

“ကျွန်တော်ပြောချင်တာက KSPP ပါတီမှာ မပါဝင်ရင်နေပါ ကြံ့ဖွံ့ပါတီ မှာလည်း ကချင်တွေပါဝင်သင့်ပါတယ်။ ဒါပေမဲ့ ကချင်ပါတီအသစ် တည်ထောင်မယ်ဆိုရင် အိမ်သားအချင်းချင်း ရန်တိုက်ပေးနေတာနဲ့တူတယ် မျက်နှာပူစရာတွေဖြစ်မယ်” ဟု မြစ်ကြီးနားအခြေစိုက် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) မှ ပါတီအရာရှိတစ်ဦးက ပြောသည်။

ယခုလ ၁၉ ရက်နေ့ က ကြံဖွံ့ပါတီ အတွင်းရေးမှုး ဦးအောင်သောင်းနှင့် ဦးသိန်းဇော် တို့သည် စစ်အစိုးရသစ္စာခံ ယခင် ကချင်လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်ြဖစ်သူ ဗိုလ်မှူးကြီး လဆန်အောင်ဝါ အား ကချင်ပါတီတည်ထောင်ရန် တိုက်တွန်းခဲ့ပြီး တပတ်အတွင်း ပြန်လည်ရုပ်သိမ်းခဲ့သည်။

ယခုလို ရုပ်သိမ်းပြီးသည့်နောက် လက်ရှိကြံ့ဖွံ့ပါတီ စည်းရုံးရေးမှုး ဒူဝါ ခက်ထိန်နန် ကို ပါတီမှ နုတ်ထွက်စေပြီး ကချင်ပါတီသစ် တည်ထောင်ရန် တိုက်တွန်းခဲ့သည်။

ယခုချိန်ထိ ဒီနှစ်မကုန်မီပြုလုပ်မည့် ရွေးကောက်ပွဲဝင်ရန် ကချင်နိုင်ငံရေးပါတီ စုစုပေါင်း ၄ ပါတီ ရှိနေပြီဖြစ်ပြီး ၃ ပါတီက နေပြည်တော်အခြေစိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ ပါတီမှတ်ပုံတင်လျှောက်ထား ပြီးဖြစ်သည်။

ယနေ့အထိ ရွေးကောက်ပွဲကော်မရှင် သို့ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၂ ပါတီရှိရာ ၃၈ ပါတီကို ပါတီထောင်ခွင့်ပြုခဲ့သော်လည်း ၎င်းတွင် ကချင်ပါတီ တစ်ခုမှ မပါပါဘူး။

ဦးဇခုန်တိန့်ယိန်း၏ KIOသို့ တိုက်တွန်းချက်အား ကချင်အဖွဲ့အစည်းအသီသီးမှ ကန့်ကွက်

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO) အား နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရန် မြန်မာစစ်အစိုးရ သစ္စာခံ NDAK ဥက္ကဋ္ဌ ဟောင်း ဦးဇခုန်တိန့်ယိန်း ပေးပို့ခဲ့သည့် တိုက်တွန်းစာကို ကချင်အဖွဲ့အစည်းအသီးသီးက ကန့်ကွက်လိုက်သည်။

ကန့်ကွက်သည့် အဖွဲ့အစည်းနှင့် ခေါင်းဆောင်များတွင် ပြည်ပရောက် ကချင်လူမျိုးများဖွဲ့စည်းထားသည့် ကချင်အမျိုးသားအစည်းအရုံး (KNO)၊ ကချင်ပြည်နယ် NLD ဝိုင်းမော်လွှတ်တော် အမတ်ဟောင်း ဒူဝါ မရန်ဇော်အောင်၊ ကချင်ကျောင်းသား နှင့် လူငယ်သမဂ္ဂ (AKSYU) တို့ ပါဝင်သည်။

032610_bawmwang-laraw

KNO ခေါင်းဆောင် ဒူဝါ လရော်။ ဓါတ်ပုံ – ကချင်သတင်းဌာန


KNO ခေါင်းဆောင် ဒူဝါ ဘောမ်ဝမ်လရော်က “KIO ဥက္ကဋ္ဌကို စစ်အစိုးရလိုလားသည့် လမ်းကိုလိုက်လျှောက်ဖို့ ခေါင်းဆောင်ကြီး တိန့်ယိန်းရဲ့အကြံပေးနည်းလမ်းဟာ မှားနေတယ်လို့ ရဲ့ရင့်စွာသတိပေးလိုတယ်” ဟု ၎င်း၏ လက်မှတ်ပါ ပြန်ကြားစာ၌ ရေးသားထားသည်။
နယ်ခြားစောင့်တပ် အသွင်ကူပြောင်းသွားသည့် ဦးဇခုန်တိန့်ယိန်းသည် KIO ဥက္ကဋ္ဌ ဇောင်းခရား သို့ လိပ်မူကာ ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA အား မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ပြောင်းလဲရန် အကြံပေးစာ ကို မေ၂၃ ရက်နေ့တွင် ပေးပို့ခဲ့သည်။

ယင်းစာ၌ “မြန်မာတပ်မတော်ကို ဆက်လက်ပြီးဆန့်ကျင် ငြင်းဆန်နေရင် ဘာအကျိုးမရှိဘဲ ကိုယ့်လူမျိုးတွေ ပိုဒုက္ခအရှုံးနဲ့ နာကျင်နေရတဲ့လမ်းပဲရှိလာနိုင်တယ်၊ ဒါကြောင့် စစ်အစိုးရ၏ စကားကိုလိုက်နာရန်” ဟု ဖော်ပြထားသည်။

ထို့ပြင် လက်နက်ကိုင်တော်လှန်ရေးကိုရပ်၍ နိုင်ငံရေးအရအဖြေရှာသွားနိုင်ရန် ခိုင်မြဲသည့် ငြိမ်းချမ်းရေးလိုသည်ဟုလည်း ရေးသားထည့်သွင်းထားသည်။

စစ်အစိုးရနှင့် KIO ကြား နယ်ခြားစောင့်တပ် ပြောင်းလဲရေးကိစ္စနဲ့ ပတ်သက်ပြီး ၁၅ ကြိမ်ခန့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း KIO က ဆက်လက်ငြင်းဆိုနေဆဲဖြစ်သည်။

NLD ဝိုင်းမော်လွှတ်တော် အမတ်ဟောင်း ဒူဝါ ဇော်အောင် က “၎င်းတို့က အမျိုးသားခေါင်းဆောင်ကြီးအဖြင့် သတ်မှတ်ထား သည့် ဦးဇခုန်တိန့်ယိန်းက ယခုကဲ့သို့ KIO အား စစ်အစိုးရလက်အောက် ရောက်သွားရန် အကြံပေးနေခြင်းမှာ ၀မ်းနည်းစရာဖြစ်ကြောင်း” ပြောသည်။

ထိုင်းနိုင်ငံရှိ AKSYU အထွေထွေအတွင်းရေးမှူး ဦးနော်ခမ်း ကလည်း “နယ်ခြားစောင့်တပ် လက်ခံဖို့ အတင်းအဓမ္မ တွန်းအားပေး စာပို့တာ မကောင်းပါဘူး၊ ငါတို့ လက်နက်ချရင် တော်လှန်ရေးလုပ်ခဲ့တာ အလကားဖြစ်သွားမှာပဲ” ဟု ပြော သည်။

ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော NDAK အဖွဲ့ နှင့် ဦးလဆန်အောင်ဝါ အဖွဲ့တို့သည် မိခင် KIO မှ ခွဲထွက်ခဲ့သည့် အဖွဲ့များဖြစ်ပြီး ၂၀၀၉ နှစ် ကုန်ပိုင်းတွင် မြန်မာစစ်တပ်၏ လက်အောက်ခံ တပ်များအဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

၎င်းတို့ နှစ်ဦးသာမက ကချင်တိုးတက်ရေးပါတီ KSPP ခေါင်းဆောင် ဒေါက်တာတူးဂျာ (KIO ဒု-ဥက္ကဋ္ဌ အဆင့် ၂ ဟောင်း)၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) အတွင်းရေးမှူးဟောင်းနှင့် Shalom Foundation ခေါင်းဆောင် Rev. Dr. Saboi Jum တို့သည်လည်း KIO ကို နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရန် တိုက်တွန်းခဲ့ပြီးပြီဖြစ်သည်။

ကချင်ပြည်နယ်တွင် ဘိန်းသုံးစွဲမှုများလာ

မြန်မာနိုင်ငံ စစ်အစိုးရ၏ ဘိန်းတိုက်ဖျက်ရေးစီမံကိန်းချမှတ်ပြီးနောက် ကချင်ပြည်နယ်တွင် ဘိန်းသုံးစွဲမှုပိုများလာသည်။

သုံးနှစ်တာကာလအတွင်း ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုနှင့် ကူးသန်းရောင်းဝယ်ရေး လျော့မသွားပဲ ပိုများလာသောကြောင့် သုံးစွဲသူများလာခြင်းဖြစ်သည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး (UNODC) အစီရင်ခံစာတွေ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှုသည် ၂၀၀၆ခုနှစ်မှ ၅၀%နီးပါး မြှင့်တက်လာသည်ဟု ဆိုထားကြောင်းတွေ့ရှိရသည်။

062610-myitkyina-university

ကချင်လူငယ်များ အများဆုံးတက်နေတဲ့ မြစ်ကြီးနားတက္ကသိုလ်မှ အိမ်သာ တစ်လုံးတွင် အခုလို ကျောင်သားများ ဘိန်းထိုးပြီးတဲ့နောက် အသုံးပြုပြီး ဆေးထိုးအပ်များ ထည့်ရန်ပြင်ဆင်ထားပေးတဲ့ Medecins Du Monde (MDM) မှ အခမဲ့ထောက်ပံ့တဲ့ အမိုက်ပုံးတစ်လုံး။ ဓါတ်ပုံ – ကချင်သတင်းဌာန


ကချင်ပြည်နယ်တွင် ဝိုင်းမော်မြို့နယ် (ဆဒုံးကျေးရွာ၊ ကံပိုင်ဒီ)၊ ပူတာအို၊ ဆွမ်ပရာဘွမ်၊ နာဂတောင်တန်း၊ တနိုင်း၊ ဟူးကောင့်ချိုင့်ဝှမ်းအစရှိသည့် မြို့နယ်ကျေးရွာများတွင် ဘိန်းစိုက်ပျိုးမှုသည် ၃နှစ် ဆက်တိုက်တိုးလာသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလတွင် UNODC ထုတ်ပြန်ခဲ့သည့် အစီရင်စာတွင် တိုင်းရင်းသားအဖွဲ့များသည် မူးယစ်ဆေးဝါး စိုက်ပျိုးကူးသန်းရောင်းဝယ်မှုဖြင့် ၎င်းတို့ အဖွဲ့အစည်း ရှင်သန်ရန် လုပ်ဆောင်နေသည်ဟု ဆိုထားသည်။

ယင်းဖော်ပြချက်နှင့်ပတ်သက်၍ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုမှ ဘိန်းတိုက်ဖျက်ရေး တာဝန်ခံတစ်ဦးက ကေအိုင်အိုသည် ၁၉၉၁ခုနှစ် ဧပြီ ၁၅ရက်နေ့မှစတင်ပြီး ဘိန်းတိုက်ဖျက်ရေး မူဝါဒအားချမှတ်ကာ ယနေ့ထိ လုပ်ဆောင်နေကြောင်း ပြောသည်။

ဘိန်းစိုက်ပျိုးသည့်နေရာများဖြစ်သည့် ပူတာအိုမြို့နယ်၊ ဆဒုံးနယ်မြေများသည် စစ်အစိုးရ၏ လက်အောက်ခံ နယ်မြေများသာဖြစ်ပြီး KIO မှ ၎င်းနယ်မြေတွင် ဘိန်းစိုက်ပျိုးမှု ပပျောက်အောင် လုပ်ဆောင်နေသော်လည်း နယ်စပ်မှ ဘိန်းများ အစဉ်မပျက်ဝင်ရောက်လာမှုကြောင့် ဟု၎င်းကပြောသည်။

“စီးပွားရေး ရောင်းဝယ်ရေးကို လုံးဝ မပိတ်ပင်နိုင်လို့ သုံးစွဲတာကိုလည်း မပိတ်နိုင်ခဲ့ပါဘူး၊ ငါတို့ပဲ ထိန်းတဲ့နယ်မြေ မဟုတ်တော့ မပိတ်ပင်နိုင်ဘူး၊ ပူတာအိုဘက်မှာဆို ဒေသခံလူတွေက KIOက ဘိန်းစိုက်ပျိုးခိုင်းရင်တော့ လက်ခံနိုင်တယ်၊ ပိတ်ပင်ရင် လက်မခံနိုင်ဘူးလို့ ဒေသခံတွေရဲ့ အသံထွက်လာတယ်။”

မြန်မာ စစ်အစိုးရသည် ဘိန်းတိုက်ဖျက်ရေးဟု အမည်တပ်ကာ ၎င်းတို့ မသွားရောက်နိုင်သည့် KIO နယ်မြေများတွင် ဝင်ရောက်လာကာတပ်စခန်းများ နေရာချ၊ နေရာယူလာခြင်းသည် ဘိန်း တိုက်ဖျက်ရေး မဟုတ်ပဲ စစ်ဗျူဟာအရ အသုံးချ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် ဆဒုံးကျေးရွာသည် ဘိန်းအစိုက်ပျိုးဆုံးဒေသ တစ်ခုဖြစ်သောကြောင့် ထိုဒေသတွင် အလည်ပတ်သွားသူ ကချင်ဓမ္မဆရာတစ်ဦးမှ “ဆဒုံးရွာဝင်တာနဲ့ လမ်းတလျောက်လုံး ဘိန်းနံ့ရနေပြီ။ ခေါင်းအုံး၊ စောင်၊ တစ်အိမ်လုံး ဘိန်းနံ့စွဲနေတယ်” ဟုပြောသည်။

၂၀၀၃ ခုနှစ် မတိုင်မီ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားများသည် ဘိန်းဝယ်ယူအသုံးပြုရန် ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာသို့သာ သွားရောက်ရ ယူသော်လည်း ယခုအခါတွင်မူ မြို့တွင်းနေရာအနံ့၌ ဝယ်ယူအသုံးပြုနိုင်သည်။

မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း တက္ကသိုလ်များတွင် မူးယစ်ဆေးဝါးများကို ကျောင်းသားအချင်းချင်းမှ ဝယ်ယူနိုင်ပြီး ကျောင်းတွင်းထဲ၌ မူးယစ်ဆေးဝါး သုံးစွဲနေကြသည်။ မြစ်ကြီးနားတက္ကသိုလ်တွင် သုံးပြီးသော ဆေးထိုးအပ်များကို စနစ်တကျထည့်ရန် အိမ်သာ၌ “ကျန်းမာရေး ကြိုတင်ကာကွယ်ချက်အရ ရောဂါ ကူးစက်နိုင်သည့် စူးရှထက်မြက်သော အရာများစွန့်ပစ်ရန်”ဟု ပေါ်တင် အမိုက်ပုံးသီးသန့် ထားပေးနေရသည်။

ယခုတွင် ကချင်ပြည်နယ်၌ အလယ်တန်းကျောင်းသားမှစကာ မူးယစ်ဆေးဝါးများသုံးစွဲနေပြီး၊ အထက်တန်း ကျောင်းသားဘဝတွင်မူ မူးယစ်ဆေးဝါးကို ဆိုးဆိုးဝါးဝါးသုံးစွဲနေပြီဖြစ်သောကြောင့် ဘိန်းအပြတ်အသုံးပြုနိုင်ရန် မိသားစုနဲ့ ပတ်ဝန်းကျင်ကို ဒုက္ခပေး၍ ခိုးယူလုယက်မှုများဖြစ်ပေါ်နေသည်။

“ဘိန်းမသုံးနဲ့၊ မရောင်းနဲ့လို့ ဘာသာရေး၊ နိုင်ငံရေးမှ ပိတ်ဖို့ခက်တယ်၊ KIOကလည်း ပိတ်လို့ရမှာ မဟုတ်ဘူး။ နိုင်ငံတော် အစိုးရက ဒီဘိန်းကို ရောင်းဖို့ အခွင့်ပေးထားတာ” ဟု ဒေသခံ ဘာသာရေးဆရာတစ်ဦးမှ ဆက်ပြောသည်။

မြစ်ကြီးနား ရပ်ကွက်ထဲမှ ကုန်စုံဆိုင်အားလုံးနီးပါး တစ်ခါသုံးအပ် မရောင်းသည့် ဆိုင်များမရှိသလို ဒေသအခေါ် ဖောမြူလာ (formula) ချောင်းဆိုးပျောက်ဆေးရည် မရောင်းသည့် ကုန်ဆုံဆိုင်လည်း မရှိသလောက်ဖြစ်နေသည်။

မြန်မာစစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIOအကြား ငြိမ်းချမ်းရေးမယူခင်တွင် မြစ်ကြီးနား ထောင်ထဲမှ လူထု၏ ၇၅% အမှုသည် တော်လှန်ရေးအမှုသာဖြစ်၍ ယခုတွင်မူ ၇၅% အမှုမှာ မူးယစ်ဆေးဝါးသုံးစွဲမှု ဖြစ်နေကြောင်း မြစ်ကြီးနား အခြေစိုက် အစိုးရရှေ့နေ တစ်ဦးမှ ပြောသည်။

စစ်အစိုးရမှ ဘိန်းတိုက်ဖျက်ရေးကို လုပ်ဆောင်နေမြဲလုပ်ဆောင်နေပြီး ဘိန်းတင်လာသည့် ကုန်တင်ကားများ ဖြတ်လာသည်ကို ရဲစခန်းတွင် အသိပေးသော်လည်း အထက်အမိန့်ဖြင့် အရေးယူ၍မရနိုင်ကြောင်း ပြောလာသည်။ အသိပေးသည့် ပြည်သူများကိုသာ ဖမ်းဆီးချုပ်နှောင်မှုများ ပြုလုပ်နေဟု အဖမ်းခံရသည့် ဘာသာရေး ဆရာတစ်ဦးမှ ပြောလာသည်။

မြန်မာနိုင်ငံသည် ကမ္ဘာတွင် အဆင်းရဲဆုံး နိုင်ငံတစ်ခုအနေဖြင့် စာရင်းဝင်ပြီး ကမ္ဘာတွင် ဒုတိယ ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်သည်။

လဆန်အောင်ဝါ ကချင်ပါတီအသစ် ထူထောင်ရန် စစ်အစိုးရပြန်ရုပ်သိမ်း

မြန်မာစစ်အစိုးရ ဗိုလ်မှုးကြီး လဆန်အောင်ဝါ အား ကချင်ပါတီအသစ်တခုတည်ထောင်ရန် အတင်း တိုက်တွန်းနေသည် ကို ယနေ့ ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
စစ်အစိုးရ သစ္စာခံ ယခင် အမိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ခွဲထွက်ခဲ့သည့် ဗိုလ်မှုးကြီး လဆန်အောင်ဝါ အား ယခုလ ၁၉ ရက်နေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကြံဖွံ့အတွင်းရေးမှုး ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့ လာရောက်ချိန်တွင် ကချင်ပါတီတည်ထောင် ရန်တိုက်တွန်းခဲ့သည်ဟု သိရသည်။

lasang-awng-wa

KIO မှ ခွဲထွက်ပြီး မြန်မာစစ်အစိုးရ သစ္စာခံ ဖြစ်လာတဲ့ ဗိုလ်မှူးကြီး လဆန်အောင်ဝါ။ ဓါတ်ပုံ – ကချင်သတင်းဌာန

ယင်းတိုက်တွန်းချက် ကို တပတ်အတွင်း ပြန်လည်းရုပ်သိမ်းလိုက်ကြောင်း KSPP ပါတီအရာရှိတစ်ဦးပြောသည်။

“သူတို့ကိုသူတို့  တိုက်တွန်းတာမမှန်ဘူးထင်လို့လား မဟုတ်ရင် ဒီသတင်းထွက်သွားလို့လားမသိဘူး လဆန်အောင်ဝါကို မင်းပါတီမထောင်နဲ့တော့လို့ ပြန်ပြောတယ်” ဟု ကချင်ပါတီ ဗဟိုအလုပ်အမှုတော်ဆောင်တစ်ဦးပြောသည်။

ယနေ့ ညနေ့ပိုင်းတွင် ၎င်း ကိစ္စ နှင့်ပတ်သက် ပြီး ကချင်တိုးတက်ရေးပါတီ မြစ်ကြီးနားအခြေစိုက် ဗဟိုရုံးတွင် အစည်းဝေးပြုကြောင်းသိရသည်။

“လဆန်အောင်ဝါကို ပါတီမှတ်ပုံမတင်ခိုင်းတော့ဘူးဆိုရင် KSPP အနေနဲ့မျော်လင့်ချက်ရှိသေးပါတယ်” ဟု ကချင်ပါတီအဖွဲ့ဝင်တစ်ဦးပြောသည်။

KSPP သည် ဗဟိုကော်မတီဝင် အယောက် ၆၀ နှင့် အလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ယောက် နှင့် ပြည်သူလူထု ပါတီဝင် ၂၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော ကချင်ပါတီတစ်ခုဖြစ်သည်။

ယခုလမည့် အပတ်တွင် KSPP ဗဟို ရုံးချူပ်တွင် ကချင်ပြည်သူလူထုအား ပါတီမှတ်ပုံတင်မကျပေသည့် ကိစ္စနှင့် ပတ်သက်ပြီး အစည်းဝေးကြီး ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“ပြည်သူလူထုတွေဘယ်လိုပြောလာမယ်ဆိုတာကို ကျွန်တော်တို့ ကချင်ပြည်သူ့ အသံနာထောင် ရဦးမယ်” ဟု ကချင်ပါတီအရာရှိတစ်ဦးထပ်မံပြောသည်။

လဆန်အောင်ဝါအဖွဲ့သည် KIO မှ ၂၀၀၄ ခုနှစ်တွင် ခွဲထွက်ကာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် မြန်မာစစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖြင့်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

KSPP ဥက္ကဌ ဒေါက်တာတူးဂျာသည် ပါတီ မှတ်ပုံတင်မချပေးသေးသည်ကို တရားဝင်ကြေငြာခြင်းမရှိသေး သောကြောင့် စိတ်ရှည်စွာဖြင့်စောင့်ဆိုင်းနေသည်။

စစ်အစိုးရသည် တခြားတိုင်းရင်သားတချို့ကို ပါတီတည်ထောင်ခွင့်ပြုသော်လည်း ထူးထူးခြားခြား ကချင်ပါတီ တစ်ပါတီ မှ ပါတီတည်ထောင်ခွင့် မချပေးသေးပေ။

ပြီးခဲ့သည့် ဧပြီလ မှစ၍ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးအသင်း ကသာ ကချင်ပြည်နယ်အတွင်း ပြိုင်ဘက်မရှိ ငွေကြေးများနှင့် CDMA ကြိုးဖုန်း နှင့်လက်ကိုင်ဖုန်းများ မက်လုံးပေး ပြီး လူထုစည်းရုံးရေးပြုလုပ်နေပါသည်။