မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့ဒုတိယအကြိမ်လက်နက်အပ်နှံ

ဆူးပန်း(ဒီဇင်ဘာ-၈)။ ။မွန်ပြည်သစ်ပါတီမှခွဲထွက်အဖွဲ့တစ်ခုဖြစ်သည့် မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့သည် ဒုတိယအကြိမ် မြောက်လက်နက်အပ်နှံပွဲပြုလုပ်ခဲ့သည်ဟု ဒီကနေ့ထုတ်ဝေသည့် အစိုးရပိုင်သတင်းစာထဲတွင် ရေးသားဖေါ်ပြ ထားပါသည်။

မွန်ပြည်သစ်ပါတီမှခွဲထွက်လာသည့်တပ်ဖွဲ့ဝင်(၁၀၁)ဦး လက်နက်(၂၂)လက်နဲ့အတူ ထပ်မံပူးပေါင်း ၀င်ရောက်လာပြီး လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ဖို့ ၀င်ရောက်လာသည်ဟုဖေါ်ပြထားပါသည်။

အဆိုပါ လက်နက် အပ်နှံပွဲအခန်းအနားကို ဒီဇင်ဘာလ(၁)ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ပေါက်ရွာ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခန်းအနားကို တပ်မတော်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ငွေသိန်းနှင့် ကရင်ပြည်နယ်ဥက္ကဌဗိုလ်မှူးချုပ်ဇော်မင်းတို့တက်ရောက်ခဲ့သည်ဟု ဒေသခံများမှပြောပါသည်။

လက်နက်အပ်နှံပွဲ အခန်းအနားကိုတက်ရောက်ခဲ့သူ ကော့ပေါက်ရွာသားတစ်ဦးကိုဆက်သွယ်မေးမြန်းရာ၌ ယခုလိုပြောပြ ပါသည်။

“လက်နက်ချတဲ့အဖွဲ့အင်အားက နှစ်ဆယ် သုံးဆယ်ဘဲရှိတယ်။ အောက်ခြေကနေ ဗမာတွေရော ကုလားတွေရော ကောက်ပြီးအင်အားစုပြီးဒီပွဲကိုလုပ်သွားတာ။ ဒီအဖွဲ့ထဲဝင်ရင် စီးပွါးရေးလုပ်ခွင့် ရမယ် ဆိုပြီးစည်းရုံး ထားတယ်။ နယ်ခြားစောင့်တပ်လဲမပေးလုပ်ဘူး ပြည်သူ့စစ်လဲမပေးလုပ်ဘူး။ ဘာမှလုပ်လို့မရဘူး။ လက်နက်တွေလဲ အားလုံးသိမ်းလိုက်ပြီး။ တလက်နှစ်လက်လောက်ဘဲကျန်တယ်။”

မွန်ပြည်သစ်ပါတီမှ ထပ်မံခွဲထွက်လာသည်ဟု အစိုးရပိုင်မြန်မာ့အလင်းသတင်းစာမှ ရေးသားချက်အပေါ် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူးနိုင်ဟံသာက ယခုလိုပြောပါသည်။

“အဲဒီအဖွဲ့ဟာ ကျွန်တော်တို့နဲ့လုံးဝမသက်ဆိုင်ပါဘူးခင်ဗျာ့။ ကျွန်တော်တို့ရဲ့ ဒီစစ်ဦးစီးချုပ်ဟောင်း ဖြစ်တဲ့ဗိုလ်ချုပ်အောင်နိုင်က ဖွဲ့စည်းထားတဲ့ပါတီထဲကအနားယူထားတဲ့ ပုဂ္ဂိုလ်တချို့နဲ့နောက်ကြားက၀င်လာတဲ့ ပုဂ္ဂိုလ်တချို့ စုပေါင်းပြီးတော့ပေါ့ဗျာ။ မွန်ငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့ဆိုပြီးမှ အဲဒီလို။ အဲဒီအဖွဲ့တွေက ပါတီကအနားယူသွားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဗိုလ်မှူးရှောင်းဆိုတာလည်း အဲဒီလို ပုဂ္ဂိုလ်ပါဘဲ။ ကျွန်တော်တို့ အဖွဲ့ကနေပြီးသပ်သပ်နေ ခွဲထွက်ပြီးတော့မှ အဲဒီလိုအဖွဲ့တွေမဟုတ်ပါဘူးခင်ဗျာ့။ သဘောတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးသိက္ခာကိုရိုက်ချပြီးတော့မှ သူတို့အတွက်နိုင်ငံရေးအမြတ်ထုတ်တာဘဲလို့ အဲဒီလိုမြင်တယ်။ အမှန်ကတော့ ဒီသတင်းကသူရေးထားသလိုတော့မမှန်ဘူး။ အဲဒီမမှန်တဲ့သတင်းကိုလုပ်ကြံရေးသားပြီးတော့မှ နိုင်ငံရေးအရ အမြတ်ထုတ်ချင်တယ်လို့ဘဲ ကျွန်တော်တို့ ထင်မြင်ပါတယ်။”

ပြီးခဲ့တဲ့အောက်တိုဘာလ(၂၆)ရက်နေ့တွင် ဗိုလ်မှူးကြီးနိုင်ရှောင်ဦးဆောင်သည့် မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ် ရေးတပ်ဖွဲ့များသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ လက်နက်အပ်နှံပွဲပြုလုပ်ခဲ့သေးသည်။

ယခုဆိုလျှင် စုစုပေါင်း အင်အား(၂၆၈)ဦး၊လက်နက်(၇၀)လောက် လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာ ထဲတွင် ရေးသားဖေါ်ပြထားသည်။

မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ကို (၂၀၀၈)ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၏ အငြိမ်းစား စစ်ဦးစီးချုပ် ဟောင်း ဗိုလ်ချုပ်အောင်နိုင်မှ စစ်အစိုးရနှင့်နားလည်မှုယူပြီးတည်ထောင်ထားပါသည်။ ဗိုလ်ချုပ်အောင်နိုင် ကွယ်လွန်သွားပြီးနောက်ပိုင်း စစ်အစိုးရထံမှာလက်နက်ချခဲ့သည့် ရာမညတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးရှောင် မှ ဦးဆောင်ခဲ့ပါသည်။

နိုင်ရှောင်သည် မွန်ပြည်သစ်ပါတီထဲတွင် ဗိုလ်မှူးကြီးအဆင့်အထိတာဝန်ထမ်းဆောင် ခဲ့သူတစ်ဦးဖြစ်ပါသည်။

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့သည် စစ်အစိုးရတိုက်တွန်းထားသည့် ဌာနေ ပြည်သူ့စစ် အသွင်ကိုပြောင်းဖို့ လက်ခံထားပြီး လက်နက်အပ်နှံပြီးသွားသော်လည်း ပြည်သူ့စစ်အသွင်ဖွဲ့ခွင့် မပြုသေးဘူးဟု အဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: