ဓာတ်ဆီမှောင်ခိုဈေးကွက် ဘာကြောင့် ပြန်ပေါ်လာရသလဲ

လတ်တလော ဓာတ်ဆီမှောင်ခိုဈေးကွက် ကြီးထွား လာရခြင်းသည် စစ်အစိုးရက ပုဂ္ဂလိကလောင်စာဆီ ဆိုင်များကို ဓာတ်ဆီ လုံလောက်စွာ ပြန်လည် ဖြန့်ဖြူး မပေးနိုင်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

altမြန်မာနိုင်ငံ၏ လောင်စာဆီ သုံးစွဲမှု ကဏ္ဍတွင် ဓာတ်ဆီကိုအသုံးပြုသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် မီးစက်များ များပြားလာမှုကြောင့် ဓာတ်ဆီပိုမိုလိုအပ်ကြောင်း၊ ထိုလိုအပ်ချက်ကို အစိုးရက မဖြည့်တင်းနိုင်သည့်အပြင် ပြည် ပမှ တင်သွင်းနေသည့် ဓာတ်ဆီပမာဏကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းမှ စတင်ပြီး လျှော့ချခဲ့ကြောင်း လောင် စာ ဆီနှင့် ပတ်သက်၍ အဓိကချုပ်ကိုင်ထားသည့် ထူးကုမ္ပဏီနှင့် နီးစပ်သူတဦးကပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ထိုင်းမြန်မာနယ်စပ် တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဓာတ်ဆီတင်သွင်းမှုသည် ယခင်တပတ် တင်သွင်းမှု ပမာဏထက် ဂါလန်ပေါင်း ၉၁၀၀ ကျော် လျော့နည်းခဲ့ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့ထုတ် စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာန၏ အင်တာနက် စီးပွားရေးသတင်း ဂျာနယ်တွင် ရေးသားထားသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၆ ရက် အတွင်း တင်သွင်းခဲ့သည့် ဓာတ်ဆီဂါလန်ပေါင်း ၇၅၂၅၀ တင်သွင်းခဲ့ပြီး နိုဝင်ဘာလ နောက်ဆုံး အပတ်အတွင်းတွင်မူ ဓာတ်ဆီဂါလန် ၆၆၁၀၀ တင်သွင်းခဲ့သည်ကို တွေ့ရသည်။

၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ယာဉ်အစီးရေ ၉ သိန်း ၈ သောင်း ကျော်အထိ မြင့်တက်ခဲ့ကြောင်း၊ ထက်ဝက်ကျော်မှာ မော်တော်ဆိုင်ကယ်များ ဖြစ်သည့်အတွက် ဓာတ်ဆီသုံးစွဲမှု ပမာဏမှာ ပြီးခဲ့သည့် ဆယ်စုနှစ်ထက် နှစ်ဆမြင့်တက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် နှစ်များအတွင်းက နှစ်စဉ် ဓာတ်ဆီ ဂါလန် သန်း ၁၀၀ နှင့် ဒီဇယ်ဂါလန် သန်း ၃၄၀ သုံးစွဲခဲ့သည်ဟု တရုတ်နိုင်ငံ အခြေစိုက် ဆင်ဟွာ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် တနှစ်လျှင် ရေနံစိမ်း စည်ပေါင်း ၆ သန်းခန့် ထုတ်လုပ်နိုင်သော်လည်း နိုင်ငံအတွင်းသုံးစွဲရန် မလုံလောက်သည့် အတွက် ရေနံစိမ်းကို ပြည်ပမှ အမေရိကန်ဒေါ်လာ သန်း ၁၃၀ ခန့်သုံးပြီး နှစ်စဉ်တင်သွင်းကာ ချက်လုပ်ရသည်ဟုလည်း သိရသည်။

ရန်ကုန်တိုင်း လှိုင်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက လောင်စာဆီ ဆိုင် တဆိုင်မှ အရောင်းဝန်ထမ်း တဦးကလည်း “အရင် ၁၀ ရက်စာ ရောင်းဖို့ ဓာတ်ဆီ ဂါလန် ၁ သိန်း ခွဲတမ်းရတဲ့ ဆိုင်က အခုဆိုရင် ဂါလန် ၆ သောင်းပဲ ရတော့တယ်။ ၄၀ ရာခိုင်နှုန်းလောက် လျော့သွားတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်း လိုအပ်သည့် လောင်စာဆီကို သန်လျင် ရေနံချက်စက်ရုံမှ ထုတ်လုပ်ပေးသည့် အပြင် မလေးရှား၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းသည်။ မြ၀တီကုန်သွယ်ရေး ဇုန်မှ တင်သွင်းမှုကိုမူ ပြီးခဲ့သည့် ဇူလိုင်လအတွင်း နယ်စပ်တံတား ပိတ်လိုက်သည့် အတွက် ရပ်ဆိုင်းခဲ့သည်။

ပြီးခဲ့သည့် ဇွန်လအတွင်းမှ စတင်ပြီး လောင်စာဆီ ဖြန့်ဖြူးရေးကို အစိုးရက ပုဂ္ဂလိကလုပ်ကိုင်ခွင့် ပြုခဲ့သည် ဆိုသော်လည်း ဓာတ်ဆီထုတ်လုပ်မှုနှင့် ဈေးနှုန်းကို အစိုးရ ဆက်လက်ထိန်းချုပ်ထားပြီး ပုဂ္ဂလိက လောင်စာဆီဆိုင်များသည် အစိုးရထံမှ ဓာတ်ဆီလျှင်တဂါလန် ၂၃၀၀ ကျပ်နှုန်းဖြင့် ၀ယ်ယူရပြီး အစိုးရ သတ်မှတ်ပေးသည့် ဈေးနှုန်း ၂၅၀၀ကျပ်ဖြင့်သာ ပြန်လည်ရောင်းချရသည်။

မြန်မာနိုင်ငံတွင် လောင်စာဆီ ဖြန့်ဖြူးရေး ဆိုင်ပေါင်း ၂၄၆ ဆိုင်ကို ပြီးခဲ့သည့် ဇွန်လ အတွင်းက ပုဂ္ဂလိက ရောင်းဝယ်ရေး ဆိုင်များအဖြစ် လွှဲပြောင်းပေးရာ အစိုးရနှင့် နီးစပ်သည့် ဦးဇော်ဇော်၊ ဦးတေဇ၊ ဒေါက်တာ စိုင်းဆမ်ထွန်း အစရှိသည့် လုပ်ငန်း ရှင်များ၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စသည့် အဖွဲ့အစည်းများက လုပ်ကိုင်ခွင့် ရခဲ့သည်။

ဒီဇယ်ဆီနှင့် ပတ်သက်၍မူ ပို့ကုန်ဝင်ငွေ (Export Earning) ရှိသည့် ငါးလုပ်ငန်းရှင်များ အသင်းနှင့် ပြည်ပကုန်ပစ္စည်း တင်သွင်းခွင့်ရှိသူတိုင်းကို ဒီဇယ်ဆီတင်သွင်းခွင့် ပေးထားပြီး ဖြန့်ဖြူးရာတွင်လည်း ကန့်သတ်ချက်များ သတ်မှတ် ထားခြင်း မရှိပေ။

စွမ်းအင်ကဏ္ဍကို ဈေးကွက်စီးပွားရေး စနစ်သို့ ပြောင်းလဲလိုက်သည် ဆိုသော်လည်း ဓာတ်ဆီကိုမူ လွတ်လပ်စွာ ၀ယ်ယူခွင့် မရဘဲ ယခုအခါ အကန့်အသတ်ဖြင့်သာ ၀ယ်ယူရရှိသည့် အပြင် တန်းစီစနစ်ဖြင့် ၀ယ်ယူနေရကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ပြင်ပမှောင်ခို လောင်စာဆီဈေးကွက်တွင် ဓာတ်ဆီ တဂါလန်လျှင် ၃၄၀၀ ကျပ်ဈေး ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာန၏ အင်တာနက် စီးပွားရေးသတင်း ဂျာနယ်တွင် ဖော်ပြထားသည်။

ပုဂ္ဂလိက လောင်စာဆီဆိုင်များတွင် ရောင်းချနေသည့် ဓာတ်ဆီဈေးနှုန်းနှင့် ပြင်ပမှောင်ခိုဈေးကွက်ရှိ ဓာတ်ဆီဈေးနှုန်း ကွာခြားခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်း ၀င်ငွေနည်းပါးပြီး အလုပ်လက်မဲ့များပြားသည့် မြန်မာနိုင်ငံတွင် ၀င်ငွေ ရရှိရန် တန်းစီ တိုးစားသည့် လူတန်းစား တရပ် ပြန်လည် ပေါ်ပေါက် လာကြောင်း မန္တလေးမြို့ခံ စာရေးဆရာတဦးက ဆိုသည်။

“မနက်ရော၊ ညရော၊ ကားတွေ၊ ဆိုင်ကယ်တွေ တန်းစီတာ ရာချီတယ်။ ဟိုတုန်းက လမ်းပေါ်မှာ မတွေ့ရတဲ့ မော်ဒယ်လ်နိမ့် ကားတွေ၊ မောင်းမရတဲ့ ဆိုင်ကယ်တွေနဲ့ တန်းစီ ထုတ်စားကြတယ်” ဟု ၎င်းက ပြောသည်။

ဆိုင်ကယ် တစီးလျှင် တနေ့ ၅ကြိမ်ခန့် ဓာတ်ဆီထုတ်ယူပြီး ပြန်လည်ရောင်းချပါက အမြတ်ငွေကျပ် ၁ သောင်းခန့် ရရှိ ကြောင်း၊ ကားတစီးလျှင် အနည်းဆုံးကျပ် ၂ သောင်းခန့် ရကြောင်း ယင်း မန္တလေးမြို့ခံ စာရေးဆရာက ဆက်ရှင်းပြသည်။

ရန်ကုန်မြို့ရှိ စီးပွားရေး ပညာရှင်တဦးကလည်း ဓာတ်ဆီဖြန့်ဖြူးမှု မငြိမ်မသက်ဖြစ်နေခြင်းမှာ ၀ယ်လိုအားနှင့် ရောင်းလိုအား မမျှတမှုကြောင့် ဖြစ်ကြောင်း၊ ဈေးကွက်လိုအပ်ချက်ကို ပြည့်မီရန် မဖြန့်ဖြူးပေးနိုင်သရွေ့ ပြင်ပဓာတ်ဆီ မှောင်ခိုဈေးကွက် သည် ဆက်လက် ကြီးထွားနေဦး မည်ဖြစ်ကြောင်း၊ ထိုသို့ ဖြစ်ရခြင်းမှာ အစိုးရက ဓာတ်ဆီနှင့် ပတ်သက်၍ ဖြန့်ဖြူးရေးအပိုင်း ကိုသာ ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပြုခဲ့ပြီး တင်သွင်းမှု အပိုင်းကို ဆက်လက်ချုပ်ကိုင်ထားသည့် အတွက် ဖြစ်ကြောင်း ပြောသည်။

ဒီဇယ်ဆီနှင့် ပတ်သက်၍မူ အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖြန့်ဖြူးရေး အပိုင်းတွင်သာမက တင်သွင်းမှုအပိုင်းတွင်ပါ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ပြုထားသည့်အတွက် မှောင်ခိုဈေးကွက် ကြီးထွားမလာသည့်အပြင် မည်သည့် အခက်အခဲမျှ မရှိကြောင်း ထောက်ပြသည်။

ရန်ပိုင်နှင့်အတူ ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းထောက် ပူးပေါင်း ရေးသားသည်။

Leave a comment