မူးယစ်ရာဇာသစ်များ USDP ပါတီလွတ်တော်ကိုယ်စားလှယ်များဖြစ်လာ

ခေတ်သစ်မူးယစ်ရာဇာဟု နာမည်ကျော်ကြားလျှက်ရှိသော ပြည်သူ့စစ်ခေါင်းဆောင်များ USDP ပါတီ မှ ရွေးကောက် ပွဲဝင်ရောက်ယှဉ်ပြိုင်ရာ ခပ်များများအနိုင်ရရှိကြကြောင်း သိရှိရပါသည်။

“သျှမ်းပြည်မှာ မူးယစ်ရာဇာအဖြစ် ထင်ရှားတဲ့သူတွေ အနိုင်ရထားတယ်။ လျူကော်ရှီး၊ ပိုင်ဆုံချိန်၊ ဦးကျော်မြင့်၊ ဦးကိန်မိုင်၊ ဦးထီခွန်မြတ်နဲ့ ဦးမြင့်လွင်တို့ပေါ့။ တန့်ယန်းမှာ ယှဉ်ပြိုင်တဲ့ ဗိုလ်မွန်းလက်ထောက် ခွန်လိုင်ကတော့ မနိုင်ဘူး” ဟု သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်းဆောင် ဦးခွန်းဆေက ပြောပါသည်။

လျူကော်ရှီး(၇၀ နှစ်)သည် သျှမ်းပြည် မဲဆန္ဒနယ်အမှတ်(၁၁) အမျိုးသားလွှတ်တော်နေရာ၌ အနိုင်ရရှိခဲ့သည်။ ၁၉၉၀ နှစ်လယ်ပိုင်းကစ၍ အထင်ကရသတင်းစာဆရာ ဘာတေးလစ်တနာအပါအ၀င် ၎င်းအား ဘိန်းဘုရင်အဖြစ် ခေါ်ဝေါ် လာခဲ့ကြသည်။

လက်ရှိကိုးကန့်အဖွဲ့ခေါင်းဆောင် ပိုင်ဆုံချိန်မှာမူ လောက်ကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၌ ပြိုင်ဖက်မရှိ အနိုင် ရခဲ့သည်။ ယခင်ကိုးကန့်တပ်ဖွဲ့ MNDAA ခေါင်းဆောင် ဦးဖုန်ကျားရှင်းနှင့်အဖွဲ့ရှောင်တိမ်းရပြီးနောက် ၎င်းအား ကိုးကန့်ဒေသယာယီအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် နအဖကတင်မြှောက်ခဲ့သည်။

“သူကိုယ်တိုင် ဘိန်းချဖူးတယ်၊ ရောင်းဝယ်တယ်၊ ဒါပေမယ့်နအဖ နဲ့ပေါင်းမိလိုက်တော့ ဖုန်ကျားရှင်းကို သူက ဘိန်းမှု နဲ့ ပြန်လည်စွပ်စွဲတာလေ” ဟု တရုတ်နယ်စပ်နေ စစ်ရေးအခြေအနေလေ့လာသူတဦးကပြောပါသည်။

ဦးထီခွန်မြတ်(၅၇ နှစ်)မှာမူ အင်အား ၅၀၀ ကျော်ရှိ ကွတ်ခိုင်မြို့နယ်ဌါနေပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပြီး ကွတ်ခိုင် မြို့နယ် ပြည်သူ့လွှတ်တော်အဆင့်၌ အနိုင်ရရှိခဲ့သည်။ ၎င်းကိုယ်တိုင်မူးယစ်ဆေးဝါးနှင့်မပတ်သက်သော်လည်း ၎င်း လက်အောက်ငယ်သားများ ပတ်သက်မှုကိုလစ်လျူရှုထားသူဖြစ်သည်။

ဦးကျော်မြင့်( ၅၁ နှစ်)သည် ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပြီး နမ့်ခမ်းမြို့နယ် အဓမ္မမဲလိမ်မဲခိုးခြင်းဖြင့် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)၌လည်းကောင်း၊ ဦးကိန်မိုင်(၅၀ နှစ်)သည် အင်အား ၂၀၀ ခန့်ရှိ မိုင်းပေါ့ပြည်သူ့ စစ်ခေါင်းဆောင်ဖြစ်ပြီး မူစယ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)၌လည်းကောင်း၊ ဦးမြင့်လွင် ခေါ် ၀မ်ကွေ့တာ (၆၀ နှစ်)သည် တာမိုးညဲပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပြီး ကွတ်ခိုင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)၌လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။

“နံပါတ်တစ်ကတော့ သူတို့ရဲ့မူးယစ်ဆေးဝါးပါဝင်ပတ်သက်မှုက အရင်ထက်ပိုပြီးတရားဝင်ကျကျပိုပြီးလုပ်လာနိုင်မယ် လို့ဆိုကြပါတယ်။ နောက်တခုက ဗမာပြည်မှာငွေမဲကိုငွေဖြူဖြစ်အောင်လျှော်ဖွတ်သလို နာမည်ပျက်စာရင်း(black list) ဘ၀ကနေ နာမည်ကောင်းစာရင်း(white list)ဖြစ်အောင် လုပ်လိုက်တာဘဲ။ နောက်တစ်ခုကတော့ သူတို့ရဲ့သြဇာ အာဏာပိုရှိလာတာကြောင့် အတိုက်အခံတွေကိုဖြိုခွဲတဲ့နေရာမှာလဲ ပိုပြီးတော့ထိရောက်မယ်လို့ဆိုကြပါတယ်” ဟု ဦးခွန်းဆေကသုံးသပ်ပြောဆိုပါသည်။

နအဖသည် မူးယစ်ဆေးဝါးကို နိုင်ငံရေးလက်နက်သဖွယ်အသုံးပြုနေပြီး ပြည်သူ့စစ်များအား လွတ်လပ်စွာဘိန်းချခွင့် ပေးထား၏။ ၎င်းတို့အမိန့်မလိုက်နာသည့် အခြားအဖွဲ့အစည်းများကိုမူ နအဖက မူးယစ်ဆေးဝါးမှုဖြင့် ပြန်လည်အပြစ် ရှာဖမ်းဆီးလေ့ရှိသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: