နယ်စပ်တိုက်ပွဲများကြောင့် ဆန်နှင့်ဆီ ဈေးထိုးတက်

ထိုင်း-မြန်မာ နယ်စပ် ဒေသများတွင် နအဖတပ်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တို့ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ပြည်တွင်း၌ ဆန်နှင့် စားသုံးဆီ ဈေးများ ၁၀ နှစ်အတွင်း အမြင့်ဆုံးဈေးနှုန်း အဆင့်သို့ ထိုးတက် သွားကြောင်း သတင်းရရှိသည်။

“မြ၀တီမှာ တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့အတွက် ဆန်နဲ့ဆီတွေ ၀ယ်ကြတယ်။ ၀ယ်လိုအား မြင့်တက်သွားတာက တကြောင်း၊ ဈေးကွက်ထဲမှာလည်း လက်ကျန်မရှိတော့တာကြောင့်လည်း ပါတယ်” ဟု ဘုရင့်နောင်ပွဲရုံမှ ဆန်ကုန်သည်ကြီးတဦးက ဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့များတွင် ဆန်အမျိုးအစားပေါ် မူတည်လျက် ပုံမှန်ဈေးထက် ဆန်ကြမ်းတအိတ်လျှင် ကျပ် ၂၀၀၀ မှ ဆန်ချောတအိတ်လျှင် ကျပ် ၄၀၀၀၊ ပဲဆီတပိဿာလျှင် ကျပ် ၅၀၀ ကျော်၊ စားအုန်းဆီ တပိဿာလျှင် ကျပ် ၃၀၀ ကျော် ဈေးမြင့်တက် သွားကြောင်း ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံများမှ သိရှိရသည်။

လက်ရှိ ဆန်ဈေးနှုန်းများမှာ ဆန်ချော ဖျာပုံပေါ်ဆန်းမွှေး တအိတ်လျှင် ကျပ် ၄ သောင်း ၄ ထောင်၊ ရွှေဘိုပေါ်ဆန်း တအိတ် လျှင်ကျပ် ၄ သောင်း၊ ရိုးရိုးပေါ်ဆန်း တအိတ်လျှင် ကျပ် ၃ သောင်း ၈ ထောင်အထိ ရှိနေပြီး ဆန်ကြမ်း အမျိုးအစားများ ဖြစ်သော ဇီယာ တအိတ်လျှင် ကျပ် ၂ သောင်း ၆ ထောင်၊ မနောသုခ တအိတ်လျှင် ကျပ် ၂ သောင်း ၅ ထောင်ဈေး ရှိကြောင်း
သိရှိရသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းနှင့် ၂၀၁၀ ခုနှစ် ဂီရိမုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဆန်စပါး အပျက်အစီးများ ဖြစ်ပေါ်ခဲ့ရာ ယခုအခါတွင် ဈေးကွက်အတွင်း ဆန်လက်ကျန် နည်းပါးလျက်ရှိကြောင်း သိရသည်။

“ဧရာဝတီတိုင်းမှာကလည်း ပုံမှန်မဖြစ်သေးဘူး။ အရင်ထွက်နှုန်းအတိုင်း မရသေးပါဘူး။ အခုတခါ ရခိုင်ကိုပါ ထိတော့ ဆန်လက်ကျန် ပြတ်လုလုဖြစ်ကုန်ကြတယ်။ စပါးရှားနေတယ်။ ဆန်ဈေးတွေ ထပ်တက်ဦးမယ်” ဟု ဘုရင့်နောင်ပွဲရုံမှ ဆန်ကုန်သည်ကြီးက ပြောသည်။

ဆန်ဈေးနှုန်းတက်နေဆဲ ကာလမှာပင် ဆန်ချော ပေါ်ဆန်မွှေးများအား ပြည်ပသို့တင်ပို့ရန် ကြိုးပမ်းလျက်ရှိသောကြောင့် ဆန်ဈေးသည် ယခုထက်ပိုတက်နိုင်ကြောင်း ဆန်ကုန်သည်များက ပြောသည်။

စားသုံးဆီဈေးမှာ ပဲဆီတပိသာလျှင် ယခင် ကျပ် ၃၅၀၀ မှ နိုဝင်ဘာလ ၈ ရက်နေ့တွင် တပိသာလျှင် ကျပ် ၄၀၀၀ ဖြစ်သွားပြီး ပဲဆီရှယ်တပိသာလျှင် ကျပ် ၄၅၀၀ ရာ အထိ မြင့်တက်သွားကြောင်း၊ လက်လီဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းမှာ အောက်တိုဘာလတွင် တပိသာ ကျပ် ၂ ထောင်ဈေးမှ ယခုအခါ တပိသာလျှင် ကျပ် ၂၅၀၀ ဈေးအထိ မြင့်တက်လျက် ရှိကြောင်း သိရှိရသည်။

ဆန်ဈေးနှင့် စားသုံးဆီဈေးများ တက်ခြင်းသည် ရွေးကောက်ပွဲနှင့်လည်း သက်ဆိုင်နေကြောင်း စီးပွားရေးသမားများက ပြောသည်။

“လူတွေက ရွေးကောက်ပွဲရလဒ်ကို မကျေနပ်ကြတော့ မတည်မငြိမ် ဖြစ်နိုင်တယ်ဆိုပြီး ၈ ရက်နေ့ကတည်းက ဆန်တွေရော ဆီတွေပါ ၀ယ်လာကြတော့ ဈေးတက်ကုန်တယ်” ဟု အင်းစိန်မြို့နယ်မှ ကုန်သည်တဦးက ဆိုသည်။

“ရွေးကောက်ပွဲနဲ့ တိုက်ပွဲကြောင့် တက်တာနဲ့၊ ၀ယ်စုနိုင်တဲ့သူတွေက ၀ယ်စုလို့တက်တာနဲ့ ကျမတို့လို တနေ့လုပ် တနေ့စားတွေကတော့ ဒုက္ခရောက်တော့တာပဲ။ ဘာကြောင့်တက်တက် ကျမတို့ကတော့ ဈေးအမြင့်ဆုံး ပေးဝယ်စားနေရတယ်” ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သော အိမ်ရှင်မတဦးက ပြောသည်။

နိုဝင်ဘာလဆန်းပိုင်းတွင် ဇီယာဆန် တပြည်လျှင် ကျပ် ၈၀၀ ဖြင့် ၀ယ်စားနေရာမှ ယခုအခါ တပြည်လျှင် ကျပ် ၁ ထောင်၊ စားအုန်းဆီမှာလည်း တဆယ်သားလျှင် ကျပ် ၃၀၀ ဖြင့် ၀ယ်ယူနေရသောကြောင့် အခက်အခဲ ဖြစ်လှကြောင်း အဆိုပါ အိမ်ရှင်မက ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင် ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၇ ရက်နေ့၊ ဘုရားသုံးဆူမြို့နယ်ဘက်တွင် နိုဝင်ဘာလ ၈ ရက်နေ့တို့မှစ၍ နအဖတပ်နှင့် DKBA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံများ ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် စံခလဘူရီမြို့တို့ဘက်သို့ ထွက်ပြေးခဲ့ကြကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ ၉ ရက်နေ့တွင် နအဖတပ်များက မြဝတီမြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက် စစ်ပြေးဒုက္ခသည်များ မြဝတီဘက်သို့ ပြန်ရောက်လာကြသော်လည်း ဘုရားသုံးဆူတွင်မှု တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် ခိုင်သွယ် ရေးသားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: