မြန်မာကို လေယာဉ်ရောင်းသည့် ကုမ္ပဏီ တရားစွဲခံရ
November 11, 2010 Leave a comment
မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများကို တရားမဝင် တင်သွင်းသည့် ကနေဒါနိုင်ငံ ကယ်လ်ဂရီမြို့အခြေစိုက် Kenn Borek Air Ltd ကုမ္ပဏီနှင့် အထွေထွေ မန်နေဂျာဟောင်း မစ္စတာ စတီဗင် ပင်နီကက်ကို ကနေဒါ နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ အေဂျင်စီက တရားစွဲဆိုလိုက် ကြောင်း သတင်းရရှိသည်။
Kenn Borek Air Ltd ကုမ္ပဏီသည် de Havilland အမျိုးအစား DHC-6 တွင်အော်တာ လေယာဉ်တစီးနှင့် လေယာဉ် အစိတ်အပိုင်း အပိုပစ္စည်း ၁၄၉ ခုကို သွင်းကုန် ထုတ်ကုန်လိုင်စင် မပါရှိဘဲ မြန်မာနိုင်ငံတွင်းသို့ ၂၀၀၇ ခုနှစ် နိုဝင်ဘာလက တင်ပို့ခဲ့သဖြင့် ယခုကဲ့သို့ တရားစွဲဆိုခြင်း ဖြစ်ကြောင်း ကနေဒါနိုင်ငံအခြေစိုက် CBC သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ကုမ္ပဏီနှင့် မစ္စတာ စတီဗင် ပင်နီကက် ကို အကောက်ခွန်ဥပဒေ၊ သွင်းကုန်ထုတ်ကုန် တင်သွင်း ခွင့် ဥပဒေတို့ဖြင့် တရားစွဲဆိုမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
အကောက်ခွန် ဥပဒေ ဖောက်ဖျက်မှုဖြင့် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သော ဒဏ်ငွေ ဒေါ်လာ ၅ သိန်း သို့မဟုတ် ထောင်ဒဏ် ၅ နှစ်၊ သို့မဟုတ် ပြစ်ဒဏ် နှစ်ရပ်လုံးနှင့် သွင်းကုန် ထုတ်ကုန် ဥပဒေဖောက်ဖျက်မှုအတွက် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးနိုင်သည်ဟု ကနေဒါ အကောက်ခွန်ဥပဒေများတွင် ဖော်ပြထားသည်။
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမူဝါဒများအရ ကနေဒါ နိုင်ငံမှ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့လိုပါက ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်သည်။
အဆိုပါ အမှုအတွက် ပထမဆုံး တရားခွင်ကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကနေဒါနိုင်ငံ ကယ်လ်ဂရီမြို့တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။
Kenn Borek Air Ltd ကို ၁၉၇၀ ခုနှစ်တွင် မစ္စတာ Kenn Borek ဆိုသူက တွင်အော်တာ လေယာဉ် တစီးတည်းနှင့် စတင် တည်ထောင်ခဲ့ပြီး ပါကစ္စတန်နိုင်ငံသို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့များအတွက် လေကြောင်းမှ အထောက်အကူ များကို လည်းကောင်း၊ သုတေသန ပညာရှင်များကို မြောက်ဝင်ရိုးစွန်း ဒေသသို့ ပို့ပေးခြင်းများကိုလည်းကောင်း လုပ်ဆောင်ခဲ့ ဖူး သည်။