ဒီကေဘီအေနှင့် နအဖ ဘုရားသုံးဆူတွင် တိုက်ပွဲဖြစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ မွန်ပြည်နယ် ဘုရားသုံးဆူမြို့တွင် နအဖ စစ်အစိုးရတပ်များနှင့် ဒီကေဘီအေ ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်အကြား တိုက်ပွဲများ ယနေ့ ညနေထိ ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသတွင်း သတင်းများ အဆိုအရ သိရသည်။

ဘုရားသုံးဆူမြို့နှင့် ၂ မိုင်အကွာရှိ ရွာသစ်ရွာတွင် ချောင်းဆုံမှ တက်လာသော နအဖ ခလရ တပ်ရင်း ၄ဝ၅ နှင့် ဒီကေဘီအေ တပ်များ တိုက်ပွဲဖြစ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ထိုင်းနိုင်ငံ ဆန်ခလဘူရီမြို့ရှိ မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးရုံး တာဝန်ခံ နိုင်ရာဇာက ပြောဆိုသည်။ နအဖ တပ်မှ အင်အား ၁၈ဝ ခန့်နှင့် ဒီကေဘီအေ ဘက်မှ ၁၅ဝ ခန့် ရှိနေသည်။

ထို့ပြင် ယနေ့ နံနက် ၁ဝ နာရီခန့်တွင် နအဖ အမြောက်တပ်ရင်း ၃၁၃ စခန်း ၂ မှ မြို့မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ နဂါးတောင်ကုန်းပေါ်မှနေ၍ ဒီကေဘီအေတပ်များ ခြေကုပ်ယူထားသည့် ဘုရားသုံးဆူမြို့ တိုင်တရာ ဘုန်းကြီး ကျောင်းနှင့် တောင်ဝိုင်း ဘုရားအကြား နေရာများသို့ ၈၈ မီလီမီတာ အမြောက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒီကေဘီအေက ဆိုသည်။

“လက်နက်ကြီးချတာ ၈၈ မီလီမီတာ အလုံးတွေ ကျလာတယ်။ ကျနော်တို့က ပြန်မပစ်ဘူး။ ညနေ ၅ နာရီခွဲအထိ ပစ်ခဲ့တယ်။ ကျနော်တို့ဘက်က ရွာထဲက ဘုန်းကြီး ကျောင်းတွေမှာလည်း ကျတယ်။ သူတို့ ၃ နာရီမှာ တခါ၊ ၄ နာရီကျော်မှာ တခါ ပစ်တယ်။ သူတို့က ဒီလိုဘဲ ပစ်နေတာ၊ တောက်လျှောက်ပစ်နေတာ။ အခုတော့ ငြိမ်သွားတယ်” ဟု ဒီကေဘီအေ ၉ဝ၆ တပ်ရင်းမှူး စောအေဝမ်းကို ပြောသည်။

“အခုက ကျနော်တို့နဲ့ သူတို့နဲ့ ကိုက် ၃ ရာလောက်အကွာမှာ ရှိတယ်။ ကျနော်တို့က ထွက်ခွာလိုက်တာလေ။ ၁ နာရီလောက်မှာ မြို့ပြင်ကို ထွက်ခွာလိုက်တယ်။ သူတို့ ၂၈၃ တပ်ဖွဲ့က အပြင်ထွက်လာပြီး နည်းနည်းတိုက်တာတွေ ရှိနေတယ်”ဟု မဇ္စျိမက ပြောသည်။

ဒီကေဘီအေတပ်ရင်း ၉ဝ၆ နှင့် ၉ဝ၇ တပ်များက ယမန်နေ့က မြို့တွင်းနေရာယူထားခဲ့ရာ နေ့လည် ၁ နာရီချိန်တွင် ဘုရားသုံးဆူ၏ တောင်ဘက်မြို့ပြင်သို့ ပြန်လည် ထွက်ခွာခဲ့ကြောင်း သူက ဆိုသည်။ လက်ရှိ အခြေအနေအရ စစ်အစိုးရတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ် ပြောင်းလဲလိုက်သည့် ဗိုလ်ကြီး ထူးမောင် ဦးဆောင်သည့် အင်အား ၆ဝ ရှိ ပြည်သူ့စစ်များလည်း ဒီကေဘီအေတပ်ဘက် ဝင်ကူနေမှုများ ရှိနေကြာင်း ဗိုလ်အေဝမ်းက ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၆ ဗိုလ်ကြီး ပဒိုစောထဲနေကလည်း “နအဖ အမြောက်ကုန်းကနေ ဒီကေဘီအေ ရှိတဲ့ နေရာကို လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ လက်နက်အဆံက တော်တော်ကြီးတယ်ဆိုတော့ ထိတ်လန့်စရာ ဖြစ်နေတယ်” ဟု ပြောသည်။ လိုအပ်လျှင် KNU တပ်မဟာ ၆ ဗျူဟာတပ်ဖွဲ့နှင့် တပ်ရင်း ၁၆ တပ်ဖွဲ့က ဝင်ကူမည်ဟု သူက ဆိုသည်။

ယမန်နေ့က ဒီကေဘီအေ တပ်ရင်း ၉ဝ၆ နှင့် ၉ဝ၇ တို့က ဘုရားသုံးဆူမြို့ကို သိမ်းပိုက်ထားပြီဟု ဒီကေဘီအေ တပ်ရင်း ၉ဝ၆ တပ်ရင်းမှူး စောအေဝမ်းက မဇ္ဈိမကို ပြောဆိုခဲ့သည်။

စစ်ပြေးဒုက္ခသည်များ

ထိုင်းနိုင်ငံဘက်ခြမ်း ကန်ချနဘူရီခရိုင် ဆန်ခလဘူရီမြို့နယ်ရှိ ဘုရားသုံးဆူ ဘုရားကုန်းဘက်ရှိ ထိုင်းစာသင် ကျောင်းတခုတွင် စစ်ပြေးဒုက္ခသည် ၁၆ဝဝ ခန့်ရှိသည်ဟု ထိုင်းအာဏာပိုင်များနှင့် နီးစပ်သူ ဘုရားသုံးဆူ ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

“ထိုင်းဘက် ဘုရားကုန်းမှာပဲ ရှိနေတယ်။ ထိုင်းဆိုဒ်က စာသင်ကျောင်းမှာ ရှိတာက ၁၆ဝဝ လောက်ရှိတယ်။ ကျန်တာက အလုပ်သမားတွေက ဒုက္ခသည်လို့ မသုံးဘူး သူတို့ လုပ်ငန်းခွင်မှာပဲ နေတာ။ ဒီဘက်ခြမ်းက လူတွေက ၁၆ဝဝ ရောက်တယ်။ နေစရာမရှိသူတွေကို ထိုင်းကျောင်းမှာ ချထားပေးတယ်” ဟု သူက ပြောသည်။

ထို့ပြင် မြို့၏ တောင်ဘက် ဂျပန်ရေတွင်း ကြံတောရွာတွင်လည်း လူ ၆ဝဝဝ ကျော် ရောက်နေပြီး မွန်ကယ်ဆယ်ရေး အဖွဲ့များက ကူညီနေကြောင်း KNU ဗိုလ်မှူး စောထဲနေက မဇ္စျိမကို ပြောသည်။

“ထိုင်းဘက်ခြမ်းမှာ ၁ ထောင်ကျော်ရှိပြီ။ တချို့က ဘုရားသုံးဆူ အနောက်ဘက် ကျုန်ကွေးရွာသစ်ဆိုတဲ့ နေရာ ကျုံတော်ချောင်း ဘက်မှာလည်း စုပြုံတောရှိတယ်။ ကြံတောမှာက ၆ဝဝဝ နီးပါးလောက် ရှိနေတယ်” ဟု သူက ပြောသည်။

အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကမ်းနားတွင် ဒီအေဘီအေ၏ တပ်ရင်း ၉ဝ၁ တပ်ရင်းမှူး ဗိုလ်တပ်ခရို၏ အဖွဲ့နှင့် နအဖ စစ်အစိုးရ၏ ခလရ တပ်ရင်း ၂၈၄ တပ်ရင်းမှူး ဗိုလ်မှူး မျိုးမြင့်အောင် ဦးဆောင်သည့် များ ယနေ့ မွန်းလွဲ ၂ နာရီမှ ၅ နာရီထိ ဆက်လက်တိုက်ပွဲ ဖြစ်ပွားမှုများ ရှိခဲ့ကြောင်း သူက ပြောသည်။

တိုက်ပွဲကြောင့် ဘုရားသုံးဆူဒေသခံ အမျိုးသား ၂ ဦးနှင့် ဘုန်းကြီး ၂ ပါး ထိခိုက်ဒဏ်ရာရှိသဖြင့် ဆန်ခလဘူရီဆေးရုံသို့ ဆေးကုသခံယူနေသည်။

မဇ္ဈိမသတင်းထောက် ဖနိဒါ ရေးသားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: