ရှမ်းပြည်မှာ ကျားဖြူပါတီကို မဲပေးများ

“ကျနော်အခုပဲ မဲရုံက ပြန်လာတယ်၊ ကျနော်တို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကို မဲပေးခဲ့တယ်၊ မဲရုံမှာ လူနည်းနည်း နည်းနေတယ်၊ အခြေအနေကတော့ အေးအေး ဆေးဆေးပါ” ဟု ယနေ့ နံနက် ၇ နာရီ ခန့်က အသက် ၃၀ အရွယ်ရှိ ရှမ်းပြည် တောင်ပိုင်း လင်းခေး ဒေသခံတဦးက ဆိုသည်။

shan-sndpရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့၌ နံနက် ၉ နာရီခန့်တွင် ရောက်ရှိနေသည့် SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ၎င်းတို့ ပါတီ ကို အားလုံး မဲပေးကြသည်ဟု ယုံကြည်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ပါတီကို အားလုံးမဲပေးကြတယ်လို့ ယုံကြည်တယ်”ဟု ဦးစိုင်းအိုက်ပေါင်း က ဆိုသည်။

ကျားဖြူ ပါတီ ခေါ်SNDP သည် ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်အများစုတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ပါတီဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)တို့နှင့်အပြိုင် အင်အားကြီး ပါတီတခု ဖြစ်ပြီး လူကြိုက်များကြောင်းလည်း သိရသည်။ SNDP သည် မဲဆန္ဒနယ် ၁၅၆ နယ်တွင် ၀င်ရောက် ယှဉ်ပြိုင် မည် ဖြစ်သည်။

ယနေ့ ရွေးကောက်ပွဲ အတွက် မဲရုံများကို နံနက် ၆ နာရီတွင် စတင် ဖွင့်လှစ်ပြီးနောက်ပိုင်း မဲရုံများတွင် မဲပေးသူများ တဖြည်းဖြည်း များပြားလာပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် မဲလာပေးမည့် ဒေသခံပြည်သူများကို အမျိုးသား ၀တ်စုံ ၀တ်ဆင်ရန် အတွက် အာဏာပိုင်များက ညွန်ကြား ထားကြောင်း သိရသည်။

ဒေသခံပြည်သူများက အမျိုးသားဝတ်စုံအဖြစ် ရှမ်းရိုးရာ ၀တ်စုံကို ၀တ်ဆင်ခဲ့သော်လည်း အာဏာပိုင်များက အမျိုး သား ၀တ်စုံဆိုသည်မှာ ပုဆိုးနှင့် တိုက်ပုံဖြစ်ပြီး ယင်းဝတ်စုံကို ၀တ်ဆင်ရန် ပြောဆိုသဖြင့် မကျေမနပ် ဖြစ်ကြကြောင်း ဒေသခံ တဦးက ပြောဆိုသည်။

“အဲဒါ ဒေသခံတွေက ရှမ်းဘောင်ဘီ ၀တ်လို့ ပြဿနာ တက်ရင်လည်း အတက်ခံမယ်လို့ ပြောကြတယ်”ဟု ၎င်းက ပြောသည်။

အလားတူ လားရှိုးမြို့နယ် အောင်မင်္ဂလာ မဲရုံ အမှတ်(၁) နှင့် အမှတ်(၅) တို့တွင် ရှမ်းဘောင်ဘီ ၀တ်ဆင်လာသူများ ကို ရှမ်းဘောင်ဘီကို ချွတ်မှသာ မဲရုံသို့ ၀င်ခွင့်ပေးကြောင်းလည်း ရှမ်းပြည် ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့က ဆိုသည်။

စစ်အစိုးရက ထောင်ဒဏ် ၁၀၆ နှစ် ချမှတ်ထားသော အသက် ၇၄ နှစ်အရွယ်ရှိ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ် ဆေထင်၏ မိသားစုဝင် ၄ ဦးကိုလည်း မဲထည့်ခွင့် မပေးကြောင်း ယင်းအဖွဲ့က ထပ်မံပြောဆိုသည်။

“နန်းခမ်းပေါဝ်ကတော့ ဒီနေ့ ကော်မရှင်ရုံးကို သွားအရေးဆိုမယ်ပြောတယ်၊ သူတို့ လက်ဖက်ရည်ဆိုင် မန်နေဂျာ ကိုတင်နွယ်ထွန်းကိုလည်း မဲပေးခွင့် မပေးဘူး”ဟု ဗိုလ်ချုပ် ဆေထင် မိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။

ရှမ်းပြည် တောင်ပိုင်း ပင်လုံမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော မဲရုံရှိ  မဲရုံ ကိုယ်စားလှယ် အကူတဦးမှာ မဲပေးရန်လာသော ဒေသခံ ပြည်သူများကို ညွန်ကြားချက်များ ပေးနေသဖြင့် စည်းကမ်း နှင့်မညီ၍ သွားရောက် စစ်ဆေးရန်လိုသည်ဟု ယင်းမဲရုံတွင် တာဝန်ကျနေသည့် ၎င်းတို့ မဲရုံကိုယ်စားလှယ်က အကြောင်း ကြားထားကြောင်း SNDP အမတ် စိုင်းဆိုင်မိုင်းက ဆိုသည်။

ပင်လုံ ဒေသခံများက ကြံ့ဖွံ့ ပါတီကို မဲပေးကြကြောင်း မဲရုံတွင် တာဝန်ကျနေသည့် ၀န်ထမ်း တဦးက ဧရာဝတီသို့ ပြောသည်။

“မဲပေးတဲ့သူတွေက မေးတယ်၊ ဒါခြစ်ရမယ် ဟုတ်လားတဲ့၊ ကြိုက်တာခြစ်လို့ ပြောလိုက်တော့ မဟုတ်ဘူး သူတို့က ဒီနေရာမှာ ခြစ်ဖို့ သင်ထားတယ်လို့ ပြောတယ်”ဟု အဆိုပါ ၀န်ထမ်းက ပြောဆိုသည်။

ရှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင်မူ နံနက် ၆ နာရီက မဲရုံများ စတင်ဖွင့်လှစ်၍ မဲပေးကြောင်း အင်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီက ဆိုသည်။

“လုံခြုံရေးကို သိပ်ပြီး တင်းကျပ် ထားတာတော့ မရှိသေးဘူး” ဟု အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ဦးဝင်းမြင့် က ပြောသည်။

ရှမ်းပြည်နယ် မြို့နယ်ပေါင်း ၅၄ မြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး လွှတ်တော် ၁၇၆ နေရာ အတွက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကြံ့ဖွံ့ပါတီက မဲဆန္ဒနယ် အများစုတွင် ၀င်ရောက် ယှဉ်ပြိုင် ကြောင်း၊ ရှမ်းပြည်နယ်ရှိ ရွာများတွင် ကြံ့ဖွံ့ ပါတီက ကြိုတင်မဲ ကောက်ခံမှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေ ကြောင်း သိရသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က ထောက်ခံမဲ အများဆုံးဖြင့် ရှမ်းပြည်တ၀န်း လုံး တွင် အောင်ပွဲခံခဲ့သော်လည်း စစ်အစိုးရက ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

ဧရာဝတီသတင်းထောက် ကိုထွေး ရေးသားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: