မဲပေးကြပြီ update

Share toVote

E01
E02
E03
E04
E05

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီမှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ မဲရုံများ ဖွင့်လှစ်၍ မဲပေးခြင်းများ စတင်နေပြီ ဖြစ်ပါသည်။

နံနက်စောစောပိုင်းမှစ၍ ရန်ကုန်မြို့ရှိ မြို့နယ် အသီးသီးမှ မဲရုံများတွင် မဲပေးသူများ မဲပေးရန် စောင့်ဆိုင်းသူများဖြင့် စည်ကားနေပြီ ဖြစ်ပါသည်။ ”ဗဟန်းမြို့နယ် မဲရုံအမှတ် ၂ မှာ မဲပေးရမယ့်သူ ၁၃၆၁ ရှိတယ်။ မနက် ၆ နာရီခွဲကျော်ဆိုတော့ ကိုယ်က စောလှပြီ ထင်နေတာ ကိုယ့်ရှေ့မှာ မဲပေးပြီးတဲ့သူက ၅၀ လောက် ပေးပြီးသွားပြီ။ လူထုကတော့ တာဝန်ကျေပါတယ်။ ကိုယ်ရဲ့မဲတွေ အညစ်မခံရဖို့ပဲ အရေးကြီးတယ်။ ဒါဆိုရင်တော့ လူထုရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရနိုင်တယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

ရန်ကုန်မြို့နီးတူ အခြား နယ်မြို့များတွေလည်း မဲပေးမှုများကို နံနက် ၆ နာရီမှ စတင်လျက် ရှိပါသည်။ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့တွင် မဲပေးမည့်သူများ နံနက် ၄ နာရီ ၀န်းကျင်ခန့် ကတည်းက စတင် စုရုံးနေကြကြောင်းလည်း သိရသည်။ မန္တလေးမြို့တွင်မူ မဲရုံဖွင့်ချိန် နံနက် ၆ နာရီဝန်းကျင်ခန့်တွင် မဲပေးရန် လာရောက်သူ နည်းပါးနေသေးကြောင်း သိရသည်။

”မဲကို တစ်ခါမှ မပေးဘူး။ ဒါ ပထမဆုံးအကြိမ်ပဲ ကိုယ်ရွေးတဲ့ ကိုယ်စားလှယ် ရွေးခံစေချင်ပါတယ်”ဟု လားရှိုးမြို့နယ် မဲရုံ အမှတ်(၅)တွင် ပထမဆုံး မဲပေးခဲ့သူ အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦးက ပြောကြားခဲ့ပါသည်။

ကရင်ပြည်နယ် ဖားအံမြို့ ကူးဆိပ်ရပ်ကွက် မဲရုံအမှတ် (၂) တွင် ပထမဆုံး မဲပေးသူမှာ အသက် ၆၀ ကျော် အရွယ်ရှိ ပညာရေးမှူးဟောင်းတစ်ဦး ဖြစ်ပြီး ၎င်းက ဖလုံ-စဝေါ် ပါတီ အမှတ်တံဆိပ်ဘေးတွင် အမှန် ခြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းရှိ မဲရုံများတွင်လည်း မဲပေးရန် စောင့်ဆိုင်းနေသူများ ရှိနေကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် နောင်ကုန်ကျေးရွာ မဲရုံ အမှတ်(၁)တွင် စတင် မဲပေးသူမှာ အသက် ၃၀ အရွယ် လူငယ်အမျိုးသားတစ်ဦး ဖြစ်ပြီး လုပ်ငန်းခွင် မ၀င်မီ မဲလာပေးခြင်း ဖြစ်ကြောင်း၊ ကျားဖြူပါတီကို မဲပေးခဲ့ကြောင်း သိရသည်။ ၎င်းက”ပါတီတစ်ခုအနေနဲ့ ဦးဆောင်နိုင်မယ့် ခေါင်းဆောင်ကောင်းရှိတယ်လို့ ယူဆပြီး မဲပေးခဲ့တယ်”ဟု ပြောကြားခဲ့ပါသည်။

မဲရုံစတင်ဖွင့်လှစ်သည့် နံနက်အစောပိုင်း အချိန်များက ရန်ကုန်မြို့တော် တစ်ဝှမ်းရှိ မြို့နယ် အသီးသီးရှိ မဲရုံအများစုတွင်အသက် ၂၀ ၀န်းကျင်နှင့် အထက် လူလတ်ပိုင်းများနှင့် အသက် ၅၀ နှင့်အထက် လူကြီးပိုင်းများသာ မဲပေးခဲ့ကြသော်လည်း နံနက်ပိုင်း နေပွင့်ချိန်တွင် လူငယ်အများစုပါ လာရောက်မဲပေးခဲ့ကြပြီ ဖြစ်သည်ဟု သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် ရောက်ရှိသတင်းယူနေသူ သတင်းထောက်တစ်ဦးက နံနက်ပိုင်း ၆ နာရီခန့်တွင် နေ့မပွင့်နှင်း မကွဲသေး၍ ရာသီဥတုအေးသောကြောင့် မဲပေးသူ နည်းပါးခဲ့သော်လည်း နေပွင့်ချိန် ၈ နာရီခန့်တွင် မဲပေးသူများ တစ်တစ်စ များပြားလာခဲ့ကြောင်း သတင်းပေးပို့ခဲ့သည်။

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် သစ်တောရပ်ကွက်မှ ပထမဆုံး မဲပေးခဲ့သူ ဦးသန်းလွင် အသက် ၅၈ က “အခုမဲပေးရတာ အဆင်ပြေပါတယ်။ မဲပေးဖို့ မနက် ၅ နာရီခွဲ ကတည်း ရောက်နေပါတာ” ဟု ပြော ပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ကျွန်းတောရပ်ကွက်တွင် ပထမဆုံးမဲပေးခဲ့သူ အငြိမ်းစား နိုင်ငံဝန်ထမ်း အမျိုးသားတစ်ဦးက “နိုင်ငံသား တစ်ယောက်အနေနဲ့ တာဝန်ကျေပွန်ခဲ့ပါပြီ။ ရွေးကောက်ပွဲ ရလဒ်ဟာ မျှတမယ်လို့လည်း ယုံကြည်မျှော်လင့်နေပါတယ်”ဟု ဆိုခဲ့ သည်။

(နံနက် ၇ နာရီ ၀န်းကျင် အချိန်အထိ အခြေအနေများ ဖြစ်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်)

စမ်းချောင်းမြောက်ရပ်ကွက် မဲရုံတွင်လည်း မဲရုံစတင်ဖွင့်လှစ်သည့်အချိန်မှ နံနက် ၉ နာရီဝန်းကျင် အထိ လာရောက်မဲပေးသူ ၅၀၀ ကျော် ရှိခဲ့ပြီး ပထမဆုံးမဲပေးသူမှာ  စမ်းချောင်းမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်သည့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ဆင်မင်းရပ်ကွက်တွင် ပထမဆုံးမဲပေးခဲ့သူ အငြိမ်းစား နိုင်ငံဝန်ထမ်းတစ်ဦးကလည်း သူ၏ယုံကြည်ချက်ကို အောက်ပါအတိုင်း ပြောပြခဲ့သည်။ “နိုင်ငံသားတစ်ယောက် အနေနဲ့ နိုင်ငံတာဝန်ကျေပွန်ချင်လို့ အစောဆုံး မဲပေးခဲ့တာပါ။ ၁၉၉၀ ပြည့်တုန်းကလည်း မဲပေးခဲ့ဖူးပါ သေးတယ်။ တိုင်းပြည်တိုးတက်အောင် လုပ်မယ့်လို့ ထင်တဲ့ပါတီကို မဲပေးခဲ့ပါတယ်။ ရလဒ်ကိုလည်း မျှော်လင့်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရှိ ဗိုလ်တထောင်မြို့နယ် အမှတ်(၇)ရပ်ကွက် တွင် ပထမဆုံးမဲပေးခဲ့သူ အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးက “ကျွန်မတို့တစ်အိမ်လုံးမဲပေး ကြမှာပါ။ အသက်ကြီးတဲ့သူတွေက တော့ နောက်မှလာပြီး မဲပေးပါလိမ့် မယ်။ ကျွန်မတို့အနေနဲ့ တာဝန်ကျေပါတယ်။ ဘယ်သူနိုင်နိုင်ပါ။ တိုးတက်မယ်ဆိုရင် ကျေနပ်ပါပြီ”ဟု ပြောကြားခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် နံနက် ၇း၃၀ နာရီမှ ၈ နာရီဝန်းကျင် တွင်မဲရုံအသီးသီး၌ မဲပေးသူအများ ဆုံးရှိနေကြောင်း သတင်းပေးပို့ချက် များအရသိရသည်။ အသက် ၂၀ ၀န်းကျင်လူငယ်အများစုမှာ နံနက် ၈ နာရီနောက်ပိုင်းတွင် အစုအဖွဲ့များ နှင့်လာရောက်မဲပေးကြကြောင်းသိရ သည်။

တာမွေမြို့နယ်မှ မဲပေးခဲ့ကြသူ အသက် ၂၀ ၀န်းကျင် လူငယ်များ ၏အသံမှာ “ကျွန်တော်ဒီရွေးကောက်  ပွဲကို အရမ်းစိတ်ဝင်စားပါတယ်။ ဒါကြောင့် နံနက်အစောကြီး သူငယ်ချင်းနဲ့ချိန်းပြီး လာပေးခဲ့တာပါ။ ပါတီအနေနဲ့တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် ကောင်းအောင်လုပ်ပေးနိုင်မယ်လို့ ယုံကြည်တဲ့ပါတီကို ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော် ပထမ ဆုံးမဲပေးရတဲ့ ရွေးကောက်ပွဲပါ။ မဲပေးခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ ကျွန်တော်ပေးခဲ့တဲ့မဲ တန်ဖိုးရှိမယ် လို့လည်း ယုံကြည်ပါတယ်။ ညနေ မဲရေတွက်ချိန်ကိုလည်း ပြည်သူတစ်ယောက်အနေနဲ့ စောင့်ကြည့်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

ဆေးတက္ကသိုလ် နောက်ဆုံးနှစ် တက်ရောက်နေသည့် လူငယ်တစ်ဦး ကလည်း ကျွန်တော် ဒီရွေးကောက်ပွဲကို စိတ်ဝင်စားပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေလည်း လေ့လာထားပါတယ်။ ဒါကြောင့် အစောဆုံး လာပေးဖြစ်တာပါ။ ကျွန်တော် ပေးသင့်ပေးထိုက်တယ်လို့ ယုံကြည်တဲ့ ပါတီကို မဲပေးခဲ့ပါတယ်။ ကျွန်တော် ပေးခဲ့တဲ့မဲ တန်ဖိုးရှိလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော့်အတွက် ပထမဆုံးမဲပေးခွင့်ရတာဖြစ်လို့ ထူး ခြားတဲ့ အတွေ့အကြုံတစ်ခုပါ။ မဲရေတွက်ချိန်မှာ ဘယ်လိုရလဒ်ထွက်ပေါ် လာမယ်ဆိုတာကို သွားစောင့်မကြည့်နိုင်ရင်တောင် နားစွင့်ထားဖို့စိတ်ကူး ထားပါတယ်”ဟု ပြောပြခဲ့သည်။

အသက် ၂၂ နှစ်ရှိပြီဖြစ်သည့် သရုပ်ဆောင်မော်ဒယ် ဂျူးဂျူးကေ ကလည်း “ဂျူးဂျူးပထမဆုံး မဲပေးရတာပါ။ ကြုံတောင့်ကြုံခဲ အခွင့်အရေးဖြစ်တာကြောင့် ထူးခြားတယ်လို့ ဆိုလို့ရပါတယ်။ ဂျူးဂျူးတို့ အတွက် အကောင်းဆုံးလုပ်ပေးနိုင်တယ်လို့ ယုံကြည်တဲ့ပါတီကို မဲပေးခဲ့ပါတယ်။ အဲဒါက နိုင်ငံသားတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုလို့ ယုံကြည်ထားပါတယ်။ ညနေမဲရေတွက်ချိန်ကိုတော့ မစောင့်ကြည့်တော့ပါဘူး”ဟု ဆိုခဲ့ပါသည်။

အသက် ၂၂ နှစ်အရွယ်သတင်းထောက် လူငယ်တစ်ဦးကလည်း “လူငယ်ဘ၀ရဲ့ နှစ် ၂၀ကျော်အရွယ်မှာ ပထမဆုံးကြုံတွေ့ရတဲ့ ရွေးကောက်ပွဲမို့ ပေးဖြစ်တာပါ။ နိုင်ငံရေးခံယူချက်တွေ၊ သဘောတရားတွေကို အများကြီး နားမလည်ပေမယ့် အသစ် တစ်စုံတရာကို မျှော်လင့်ပြီးကိုယ်ပိုင် ခံယူချက်တစ်ခုနဲ့ ပေးခဲ့ပါတယ်။ ရိုးသားမှုတွေပြည့်နှက်နေမယ့် နိုင်ငံအတွက် ပြည်သူအတွက်ဆိုတဲ့ တစ်ကြောင်းတည်းစိတ်ရှိတဲ့ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာစေဖို့ ဆန္ဒပြုမိပါတယ်” ပြောပြခဲ့သည်။

မဲရုံစတင်ဖွင့်လှစ်သည့် နံနက်အစောပိုင်း အချိန်များက ရန်ကုန်မြို့တော် တစ်ဝှမ်းရှိ မြို့နယ် အသီးသီးရှိ မဲရုံအများစုတွင်အသက် ၂၀ ၀န်းကျင်နှင့် အထက် လူလတ်ပိုင်းများနှင့် အသက် ၅၀ နှင့်အထက် လူကြီးပိုင်းများသာ မဲပေးခဲ့ကြသော်လည်း နံနက်ပိုင်း နေပွင့်ချိန်တွင် လူငယ်အများစုပါ လာရောက်မဲပေးခဲ့ကြပြီ ဖြစ်သည်ဟု သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် ရောက်ရှိသတင်းယူနေသူ သတင်းထောက်တစ်ဦးက နံနက်ပိုင်း ၆ နာရီခန့်တွင် နေ့မပွင့်နှင်း မကွဲသေး၍ ရာသီဥတုအေးသောကြောင့် မဲပေးသူ နည်းပါးခဲ့သော်လည်း နေပွင့်ချိန် ၈ နာရီခန့်တွင် မဲပေးသူများ တစ်တစ်စ များပြားလာခဲ့ကြောင်း သတင်းပေးပို့ခဲ့သည်။

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် သစ်တောရပ်ကွက်မှ ပထမဆုံး မဲပေးခဲ့သူ ဦးသန်းလွင် အသက် ၅၈ က “အခုမဲပေးရတာ အဆင်ပြေပါတယ်။ မဲပေးဖို့ မနက် ၅ နာရီခွဲ ကတည်း ရောက်နေပါတာ” ဟု ပြော ပြခဲ့သည်။
ရန်ကုန်မြို့တော်၏ နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၉ နာရီဝန်းကျင် မြင်ကွင်းများကို သတင်းထောက်များက ဆက်လက် သတင်းပေးပို့ခဲ့ကြရာ ရန်ကုန်မြို့တော်ရှိ လမ်းမကြီးများတွင် ခရီးသွားများ ကျဲပါးနေပြီး  ခရီးသည်တင် ယာဉ်များလည်း ကျဲပါးစွာ သွားလာနေကြောင်း သိရသည်။ ရန်ကုန်မြို့ ရပ်ကွက်အသီးသီးတွင် ဆန္ဒမဲပေးကြသူများ အုပ်စုလိုက်သွားလာမှုများ ရှိနေပြီး နံနက် ၉ နာရီနောက်ပိုင်းတွင် နံနက်ပိုင်း အစောပိုင်းက ပျောက်တိပျောက်ကြားသာ တွေ့ခဲ့ရသည့် အသက် ၂၀  ၀န်းကျင် လူငယ်များ မဲပေးရန်ထွက် လာခဲ့ကြပြီ ဖြစ်သည်ကိုတွေ့ရသည်။

ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်များရှိ လူ ၅၀၀ ၀န်းကျင် မဲပေးနိုင်သော မဲရုံကြီးများတွင် စနစ်တကျ အဆင်ပြေစွာ မဲပေးနိုင်ခဲ့ကြကြောင်း မဲဆန္ဒရှင်အများစုက ဖြေကြားခဲ့ကြပြီး မဲရုံကြီးများတွင် ရွေးကောက်ပွဲ ၀င် ပါတီအသီးသီးမှ ကိုယ်စားလှယ်များကိုလည်း တွေ့ရှိခဲ့ရကြောင်း ပြောပြခဲ့သည်။ ရန်ကုန်မြို့ပေါ်ရှိ မြို့နယ်ရပ်ကွက် အများစုတွင် နံနက် ၄ နာရီ ၃၀ တွင် နံနက် ၆ နာရီမှစတင်၍ မဲပေးနိုင်ပြီ ဖြစ်ကြောင်း သက်ဆိုင်ရာများမှ ကြေငြာပေးခဲ့ပြီး။ မဲပေးနိုင်ပြီဖြစ်ကြောင်း လူအများစု မဲပေးနေပြီဖြစ်ကြောင်းကို နံနက် ၈ နာရီ ၀န်းကျင်အထိ မော်တော်ယာဉ်များဖြင့် တစ်လမ်းဝင်တစ်လမ်းထွက် လိုက်လံကြေငြာပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်တွင် မဲရုံစတင်ဖွင့်လှစ်ချိန်၌ အသက် ၅၀ နှင့်အထက် လူကြီးပိုင်းများ မဲစတင်ပေးခဲ့ကြပြီး အမျိုးသားအများစုက ဦးဆောင်မဲပေးခဲ့ကြသည်ဟု သိရသည်။ သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာတွင်မူ အထည်ချုပ်စက်ရုံတစ်ခုမှ လူငယ်အမျိုးသမီးများ စက်ရုံအစီအစဉ်ဖြင့် အုပ်စုဖွဲ့၍ မဲလာပေးကြကြောင်း သိရသည်။ အများစုမှာ ပြည်ခိုင်ဖြိုးပါတီသို့ မဲပေးခဲ့ကြောင်း အဆိုပါစက်ရုံလုပ်သမ များက ပြောပြခဲ့သည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ (က)ရပ်ကွက်၊ (ခ)ရပ်ကွက်နှင့် ဝေဘာဂီမြိုသစ် (၅) ရပ်ကွက်၊ (၆) ရပ်ကွက်၊ (၈) ရပ်ကွက်ရှိ မဲရုံမျာတွင် မဲရုံများ စတင်ဖွင့်လှစ်ချိန်တွင် အသက် ၅၀ ကျော်လူကြီးများက အုပ်စုလိုက် မဲပေးခဲ့ကြပြီး လူလတ်ပိုင်းများမှာ နံနက် ၈ နာရီနောက်ပိုင်းမှ တဖွဲဖွဲရောက်ရှိလာသည်ဟု သိရသည်။ အသက် ၂၀ ၀န်းကျင် လူငယ်များကို အတွေ့ရနည်းနေသေးသည်ဟု သတင်းပေးပို့ခဲ့ကြပြီး မဲဆန္ဒရှင်အများစုက အမျိုးသား ဒီမိုကရေစီအင်အားစုကို မဲပေးခဲ့ကြသည်ဟု သိရသည်။

ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်  ၃၂ ရပ်ကွက်တွင် ပထမဆုံး မဲပေးခဲ့သူ ဒုတိယဗိုလ်မှူးကြီး အငြိမ်းစား မင်းလွင်က “ကျွန်တော် နိုင်ငံသား တစ်ယောက်အနေနဲ့ တာဝန်ကျေပွန်ခဲ့ပါပြီ။ နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းကို စွမ်းဆောင်နိုင်မယ်လို့ ယူဆရတဲ့သူတွေကို ပါတီစွဲကင်းစွာနဲ့ မဲပေးခဲ့ပါတယ်။ သူတို့ သူတို့ တာဝန်ကို တကယ်ကို ထမ်းဆောင် ခွင့်ရလိမ့်မယ်လို့ ယုံကြည်နေပါ တယ်” ဟု ပြောပြခဲ့သည်။

အလားတူ တာမွေမြို့နယ် ကျားကွက်သစ် စံပြရပ်ကွက်တွင် ပထမဆုံး ဆန္ဒမဲပေးခဲ့သူ အသက် ၆၈ နှစ်အရွယ် အငြိမ်းစား အရာရှိ ကြီးတစ်ဦးက “ကျွန်တော်တို့အိမ်မှာ မဲပေးရမယ့်သူ ခုနစ်ဦးရှိပါတယ်။ ကလေးတွေတော့ ပါမလာပါဘူး။ အခြားအလုပ်လည်း မရှိတော့ စောစောပဲ လာပြီးတော့ မဲပေးတာပါ။ မဲပေးရမယ့် ကိုယ်စားလှယ်တွေရဲ့ နောက်ခံကို သေသေချာချာ လေ့လာပြီးတော့မှ ရွေးခဲ့တာပါ။ အပြောင်းအလဲတွေကို လုပ်ပေးနိုင်မယ့် ထင် တဲ့ပါတီကို မဲပေးခဲ့ပါတယ်”ဟု ပြောပြခဲ့သည်။

(နံနက် ၉ နာရီ ၀န်းကျင် အချိန်အထိ အခြေအနေများ ဖြစ်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်)

ရန်ကုန်တိုင်းဒေသကြီးကဲ့သို့ပင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း မဲရုံအသီးသီးတွင် နံနက်ပိုင်းမှစတင်၍ ဆန္ဒမဲပေးခဲ့ကြရာ နံနက် ၈ နာရီနောက်ပိုင်းတွင် မဲပေးသူ အများဆုံး ဖြစ်ခဲ့ကြောင်း ဒေသအသီးသီးမှ ပေးပို့သည့်သတင်းများအရ သိရသည်။

နံနက် ၁၀ နာရီ ၀န်းကျင်တွင် ရရှိလာသော သတင်းများကို ဆက်လက်တင်ပြပါသည်။

မန္တလေးတိုင်းဒေသကြီးတွင် နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီကျော်ချိန်တွင် မန္တလေးမြို့ပေါ်ရှိ မဲရုံအသီးသီး၌ ဆန္ဒမဲပေးမှုများ ခပ်စိပ်စိပ်များလာကြောင်း တွေ့ရှိရ သည်။ အထူးသဖြင့် မန္တလေးမြို့၏ အနောက်ခြမ်း ဆင်ခြေဖုံးရပ်ကွက်များ ဖြစ်သော အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ ချမ်းအေးသာစံမြို့ နယ်၊ သီရိဟေမာ အနောက်ထင်းဝင်းရပ်ကွက်၊ မဟာအောင်မြေ မြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ချမ်းမြ သာစည်မြို့နယ်၊ သံလျက်မှော်ရပ်ကွက်များရှိ မဲရုံအသီးသီးတွင် မဲပေးမှုများ များပြားလာသည်ကို တွေ့ရ သည်။ အဆိုပါ ရပ်ကွက်များမှာ လက်လုပ်လက်စားနှင့် အောက်ခြေ လူတန်းစားအလွှာ များပြားမှုရှိရာ မဲပေးလာရောက်သည့် အသက် ၅၀ အရွယ်ဝန်းကျင် ဈေးသည်အမျိုးသမီးအုပ်စုအား မေးမြန်းကြည့်ရာ “ဘာမှတော့ တိတိကျကျမသိဘူး။ တံဆိပ်တွေဆိုတာလည်း မသိဘူး။ ရပ်ကွက်ထဲမှာ တော်တော်များများ ဗွီနိုင်းတွေနဲ့ ချိတ်ထားတဲ့ ကိုယ်စားလှယ်ကိုပဲ အမှန်ခြစ်ခဲ့တာပဲ”ဟု ဆိုသည်။

ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ပညာရေးတက္ကသိုလ်တွင် နံနက် ၈ နာရီအချိန်၌ ပညာရေး တက္ကသိုလ်မှ ဆရာ၊ ဆရာမလောင်း များအနက် လူဦးရေ ၄၅၀ မဲပေး ပြီးစီးကြောင်းနှင့် ထိုအရေအတွက်တွင် ဆရာ ၁၂၇ ဦး ပါဝင်ကြောင်း သိရသည်။ အလားတူ ချမ်းမြသာစည်မြို့နယ်ရှိ သူနာပြုတက္ကသိုလ်မဲရုံ တွင် စည်ပင်သာယာ၊ သွားဘက်ဆိုင်ရာ တက္ကသိုလ်၊ အရိုးအထူးကု ဆေးရုံ၊ အားကာသိပ္ပံ ကုတင် ၃၀၀ ဆံ့ဆေးရုံတို့မှ ၀န်ထမ်းများနှင့် မဲဆန္ဒ ရှင်များ ဦးရေ ၇၀၀၀ ကျော်အနက် နံနက် ၈ နာရီအချိန်တွင် ဦးရေ ၄၀၀ ကျော် မဲပေးပြီးစီးသွားကြောင်း သိရသည်။

နံနက် ၁၀ နာရီဝန်းကျင်မှ စတင်၍ မန္တလေးမြို့တွင် မဲပေးမှု အရှိန်အဟုန် မြင့်တက်လာကြောင်း သိရသည်။ မန္တလေးမြို့လယ်ရှိ မဲရုံ အသီးသီးတွင် ဆန္ဒမဲပေးမှု အားကောင်းလာပြီး အောင်မြေသာစံ မြို့နယ် ပြည်ကြီးကျက်သရေ အရှေ့ အနောက်ရပ်ကွက်၊ ချမ်းအေးသာစံ မြို့နယ် အရှေ့ရပ်ကွက်၊ ကဉ္စဏမဟီ ရပ်ကွက်၊ မဟာအောင်မြေမြို့နယ် မဟာအောင်မြေရပ်ကွက်၊ ရတနာ ဘုမ္မိရပ်ကွက်၊ ဟေမမာလာရပ်ကွက်များရှိ မဲရုံအသီးသီးတွင် ဆန္ဒ မဲပေးမှုများ များပြားလာကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည် မြို့တွင် ယနေ့နံနက်မှစ၍ ဆန္ဒမဲများ စတင်မဲပေးမှုများရှိလာကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“အမျိုးသားလွှတ်တော် အနေနဲ့ ပါဝင်အရွေးခံတဲ့ ပြည်ခိုင်ဖြိုးက ကိုယ်စားလှယ်လောင်းဟာ မြို့မျက်နှာဖုံးစီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးပါ။ တစ်မြို့လုံးမသိသူ မရှိဘူးပေါ့။ အလားတူ ကျောက်ဆည် ခရိုင်ရဲ့ ပြည်သူ့လွှတ်တော် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းကလည်း လက်ရှိ ၀န်ကြီးတစ်ဦးပါ။ လောလောဆယ် အနေအထားမှာတော့ ကျောက်ဆည်မြို့ရဲ့ မဲဆန္ဒရှင် တွေကြားထဲမှာ ပြည်ခိုင်ဖြိုး ပါတီကြီးနဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ဆတူအားပြိုင်နေတယ်လို့ ပြောရမှာပါ” ဟု သုံးသပ်သည်။ ကျောက်ဆည်ခရိုင်၏ အမျိုးသားလွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဝင်းမောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးတင်မောင်ညွန့်နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဦးခင်မောင်ဝင်းတို့ ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးသောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ဦးတင်ဝင်း နှင့် အမျိုးသားဒီမိုကရေစီအင်အား စုပါတီမှ ဦးခင်မောင်သန်းတို့ ယှဉ်ပြိုင်ကြရာ အမျိုးလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တွင် သုံးပါတီသာယှဉ်ပြိုင်ကြသည်ကို တွေ့ရှိရသည်။ တိုင်းဒေသကြီးလွှတ်တော် တွင် ကျောက်ဆည်ခရိုင် မဲဆန္ဒနယ် (၈)အနက် ၇နယ်၌ ပြည်ခိုင်ဖြိုးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီနှစ်ပါတီသာ အများဆုံးယှဉ် ပြိုင်ပြီး မြစ်သား(၂)မဲဆန္ဒနယ်တွင် အဆိုပါ ပါတီကြီးနှစ်ခုနှင့်အတူ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်တို့ ပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးတွင်လည်း ရွှေဘို မြို့ပေါ်ရှိ မဲရုံအများစု သည် အခြေခံပညာကျောင်းများတွင် ပြုလုပ်ကြကြောင်း သတင်းရရှိသည်။

ဆန္ဒမဲပေးကြသူအများစုမှာ နံနက်အစောပိုင်းတွင် ပေးခဲ့ကြခြင်း ဖြစ်ပြီး အသက် ၃၅ နှစ်ဝန်းကျင်မှ အသက် ၆၀ ကျော်ဝန်းကျင် လူကြီးပိုင်းအများစုဖြစ်သည်။ မဲပေးမှု အများဆုံးအချိန်မှာ နံနက် ၈ နာရီနှင့် ၉ နာရီဝန်းကျင် ဖြစ်သည်ဟု သိရသည်။ မဲပေးသူအများစုမှာ ပါတီထက် လူပုဂ္ဂိုလ်ကို ရွေးချယ်ခဲ့ကြကြောင်း ပြောကြားခဲ့ကြပြီး ပြည်ခိုင်ဖြိုးနှင့် တစညပါတီတို့ကို မဲပေးသူများကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကျောင်းကြီးလမ်းမဲရုံတွင် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ပထမဆုံး စတင်မဲပေးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါမဲရုံတွင် မဲပေးမည့်သူအများအပြားရှိပြီးကြိတ် ကြိတ်တိုးလျက်ရှိကြောင်း သိရသည်။ စစ်တွေမြို့တွင် မဲရုံပေါင်း ၁၃၉ ရုံ ရှိပြီး မဲဆန္ဒရှင်ပေါင်း ၁၄၆၀၀၀ ကျော်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ မဲရုံများတွင် မဲပေးရန် စောင့်ဆိုင်းနေသူများ များပြားနေပြီး မြို့ပေါ်ရှိမဲရုံများတွင် မဲပေးရန် အတွက် အများအပြားလာရောက် ကြကြောင်းသိရသည်။ မိသားစု လိုက်လာရောက်မဲပေးသူများ ပြား လျက်ရှိသည်။  “မနက် ၆ နာရီခွဲမှာ မဲပေးခဲ့ပါတယ်။ ကတ်ပြားထုတ်ပြီး အခန်းတစ်ခန်းစီဝင်၊ ကိုယ်ကြိုက်တဲ့ ပါတီကို လွတ်လွတ်လပ်လပ် မဲပေးခဲ့ပါတယ်။ အဆင်ပြေပါတယ်”ဟု လပွတ္တာမြို့နယ် (၁၀)ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးခဲ့သူ အသက် (၂၃)နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာ အသက် ၃၀ အရွယ် မဲဆန္ဒရှင်အမျိုးသားတစ်ဦးကလည်း “သုံးခုစလုံး တစညပဲ ထည့်တယ်။ တစညကို ဘာကြောင့်ထည့်ရလဲ ဆိုတော့ ကျွန်တော်တို့က စပါးစိုက်တာ စပါးကို ချစ်လို့။ ကျန်တာတော့ ကျွန်တော် သိပ်မသိဘူး”ဟု ပြော ကြားခဲ့သည်။

(နံနက် ၁၀ နာရီ ၀န်းကျင် အချိန်အထိ အခြေအနေများ ဖြစ်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: