မြ၀တီရုပ်သံပိုင် ပစ္စည်းများ ရွှေသံလွင်သို့ ရောင်း

စစ်အစိုးရပိုင် ရုပ်သံလိုင်းတခု ဖြစ်သည့် မြ၀တီ ရုပ်မြင်သံကြား (MWD) အဆောက်အအုံနှင့် စက်ပိုင်းဆိုင်ရာ ပစ္စည်းများ အားလုံးကို ရွှေသံလွင် ကုမ္ပဏီသို့ ရောင်းချလိုက်ပြီ ဖြစ်သောကြောင့် ပြောင်းရွှေ့မှုများ စတင်ပြုလုပ်နေကြောင်း သိရသည်။

နေပြည်တော် ရေဆင်းရှိ ကာကွယ်ရေးဝန်ကြီးဌာန၀င်းအတွင်း တည်ဆောက်နေသည့် မြ၀တီ ရုပ်မြင်သံကြား ရုံးချုပ် အ ဆောက်အအုံ တည်ဆောက်ပြီးချိန်တွင် ယခုကဲ့သို့ ရောင်းချခဲ့လိုက်ခြင်းဖြစ်သည်ဟု နေပြည်တော်ကာကွယ်ရေး ၀န်ကြီး ဌာနမှ အရာရှိတဦးက ပြောသည်။

နေပြည်တော် မြ၀တီရုပ်မြင်သံကြားရုံးချုပ်မှ ပုံမှန်တင်ဆက်နေကျအတိုင်း အစီအစဉ်များဆက်လက်ထုတ်လွှင့်သွားမည်ဟု သိရသည်။

ယင်းကဲ့သို့ လွှဲပြောင်း ပေးလိုက်ခြင်းသည် ရွေးကောက်ပွဲလွန်ကာလ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စီးပွားရေး လုပ်ငန်းရှင်များအား လုပ်ငန်းများချပေးပြီးနောက် စစ်အစိုးရသည် ပုဂ္ဂလိကပိုင် မီဒီယာများကို အသုံးချသွားရန် ရည်ရွယ်မှုတခုလည်း ဖြစ်နိုင်ကြောင်း စစ်ဘက်ဆိုင်ရာအသိုင်းအ၀န်းတွင် ပြောဆို မှုများရှိနေသည်။

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူ ရွှေသံလွင် ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်းက ရွှေသံလွင် မီဒီယာမှ ရုပ်သံလိုင်း ၃၀ ကျော် ပါဝင်သည့် ရုပ်သံလိုင်းသစ်တခုကို ထုတ်လွှင့်လုပ်ကိုင်ရန် ၀ယ်ယူလိုက်သည်ဟု သိရသော်လည်းရောင်းချသည့် ဈေးနှုန်းကိုမူ မသိရကြောင်း မြ၀တီ ရုပ်မြင်သံကြားနှင့်နီးစပ်သူ ဗိုလ်မှူးကြီး တဦးက ပြောသည်။

မြ၀တီရုပ်မြင်သံကြား ရုံးခွဲကို ရန်ကုန်မြို့ ကျောက်ကုန်း(တပ်မတော်မှတ်တမ်းရုံး)တွင် ဖွင့်လှစ်ထားကာ ကြော်ငြာနှင့် ရိုက်ကူး ရေးအဖွဲ့ တဖွဲ့ထားရှိ လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိ ၀န်ထမ်းများကို နေပြည်တော်သို့ ပြောင်းရွှေ့မှုများပြုလုပ်ရန်စီစဉ်နေ ကြောင်း မြ၀တီရုပ်မြင်သံကြားဌာနမှ ဒု ဗိုလ်မှူးကြီး တဦးကလည်း ပြောဆိုသည်။

“မြေကတော့ စစ်တပ်ပိုင်ပဲ။ အဆောက်အအုံနဲ့ စက်ပစ္စည်းတွေပဲရောင်းတာပေါ့။ နေပြည်တော်မှာ ဖွင့်မယ့် ရုံးကနေ အရင်အ တိုင်း ဆက်ပြီးထုတ်လွှင့်သွားမယ်။ ဒီအတွက် နဂိုကတည်းက ရည်ရွယ်ပြီးဝယ်ထားတဲ့ ရိုက်ကူးရေး စက်သစ်တွေရှိတယ်။ ရွေးကောက်ပွဲအပြီးမှာ မီဒီယာနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ သူတို့လူတွေပေးတာ။ FM လိုင်းတွေရော၊ ရုပ်သံ လိုင်းသစ်တွေ အပြင်၊ ပုဂ္ဂလိက သတင်းစာတွေပါ ဆက်ချပေးသွားဖို့ အစီအစဉ်ရှိတယ်”ဟု ၎င်းက ဆိုသည်။

မြ၀တီ ရုပ်မြင်သံကြားဌာနတွင် စက်ပိုင်းဆိုင်ရာနှင့် အသံလွှင့်ဝန်ထမ်း စုစုပေါင်း ၁၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

နေပြည်တော်သို့ ပြောင်းရွှေ့ပြီးချိန်တွင် မြန်မာ့ရုပ်သံ လိုင်းခွဲများဖြစ်သည့် MTRV 3 ၊ MRTV 4 ကဲ့သို့ မြ၀တီ ရုပ်မြင် သံကြား မှလည်း MWD 1၊ MWD2 ဟု လိုင်းများတို့ချဲ့လုပ်ကိုင်ရန် ၀န်ထမ်းခေါ်ယူမှုများလည်း ပြုလုပ်နေကြောင်း စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာ တဦးက ပြောသည်။

ရွှေသံလွင် မီဒီယာ ကုမ္ပဏီမှ Sky Net အမည်ရှိ ရုပ်သံလိုင်း အစီအစဉ်များကို တနိုင်ငံလုံးဖမ်းယူကြည့်ရှုနိုင်ရန် ရွှေသံလွင် မီဒီယာ၊ ရတနာပုံ တယ်လီပို့ ၊ ပြန်ကြားရေး ၀န်ကြီးဌာန၊ ထိုင်းနိုင်ငံရှိ ဂြိုဟ်တု ဆက်သွယ်ရေးကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင် သွားမည်ဟု သိရသည်။

“ရွှေသံလွင်အနေနဲ့ မီဒီယာကွန်ရက်တွေကနေ ပြည်သူလူထုနဲ့ ထိတွေ့မှုရအောင် အများကြီးလုပ်ဖို့ ကြိုးစားနေပါတယ်။ လက် ရှိလည်း ရွှေ FM လိုင်းအပြင် မြန်မာ့အသံမှာ ရုပ်သံလိုင်းသစ်တခုလည်း လွှင့်နိုင်ခဲ့ပြီ။ အခု ၀ယ်ထားတဲ့ စက်ပစ္စည်းတွေ သုံးပြီး ရွှေရုပ်သံ ဆိုပြီး လုပ်ဖို့ ပြင်ဆင်နေတယ်”ဟု ရွှေသံလွင် ကုမ္ပဏီ တာဝန်ရှိသူတဦးက ပြောသည်။

ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်သော Forever Group နှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့ ပူးပေါင်းကာ MRTV 4 အစီအစဉ်ကို ထုတ် လွှင့်ပေးနေသကဲ့သို့ Myanmar International (MRTV-3) ရုပ်သံ အစီအစဉ်ကိုလည်း ရွှေသံလွင် ကုမ္ပဏီနှင့် ပူးပေါင်းဆောင် ရွက်နေသည်။

လက်ရှိ တနိုင်ငံလုံးတွင် FM ရေဒီယိုလိုင်းပေါင်း ၇ ခု ရှိပြီး ရုပ်မြင်သံကြား ထုတ်လွှင့်မှုတွင်လည်း ၂၄ နာရီ ကြည့်ရှုနိုင်သည့် ရုပ်သံလိုင်းတခု အပါအ၀င် ထုတ်လွှင့်ပြသနေသော ရုပ်သံလိုင်း မှာ ၄ ခု ရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရုပ်မြင်သံကြားကို ၁၉၈၀ ခုနှစ်၊ မြ၀တီ ရုပ်မြင် သံကြား ကို ၁၉၉၃ ၊ MRTV 3 ကို ၂၀၀၁ ခုနှစ်၊ MRTV 4 ကို ၂၀၀၄ ခုနှစ် တို့တွင် စတင်ထုတ်လွှင့်သည်။

ဧရာဝတီသတင်းထောက် နရီလင်းလက် ရေးသားသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: