ရွှေနှင့် ဒေါ်လာဈေးများ ထိုးတက်

ရွေးကောက်ပွဲ နီးကပ်လာချိန် ပြည်တွင်းတွင် ရွှေနှင့် ဒေါ်လာ ၀ယ်ယူစုဆောင်းသူများ ထူးထူးခြားခြား များပြားလာပြီး ဈေးတက်လာကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲအပြီး နိုင်ငံရေးနှင့် စီးပွားရေး မတည်မငြိမ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် အသင့်အတင့် ငွေကြေး ချမ်းသာသူများနှင့် စီးပွားရေး လုပ်ငန်းများ ပိုင်ဆိုင်ထားသော စီးပွားရေးသမားကြီးများအထိ ဒေါ်လာနှင့် ရွှေ ၀ယ်စုသူ များလာကြောင်း ဈေးကွက်သတင်းများအရ သိရသည်။

“ငွေပိုငွေလျှံ ရှိတဲ့လူတွေက ရွှေဝယ်ကြတယ်။ ရွေးကောက်ပွဲအပြီး စီးပွားရေးလုပ်ငန်း လုပ်မယ်ဆိုပြီး ငွေကိုင်ထားတဲ့ စီးပွားရေး သမားတွေလည်း ရွှေဝယ်ထားကြတယ်။ နိုင်ငံရေး၊ စီးပွားရေး မတည်မငြိမ်ဖြစ်ပြီး ကိုင်ထားတဲ့ မြန်မာကျပ်ငွေ တန်ဖိုး ထိုးကျတာမျိုး ဖြစ်မှာစိုးလို့ စုကြတာပါ” ဟု မန္တလေး ရွှေကုန်သည်ကြီးတဦးက ပြောသည်။

ရွှေနှင့် ဒေါ်လာဝယ်ယူမှု များပြားလာခြင်းကြောင့် ဒေါ်လာဈေး၊ ရွှေဈေးများ ရုတ်တရက် တက်သွားခဲ့သည်။ နိုဝင်ဘာလ ၂ ရက်နေ့က အမေရိကန် တဒေါ်လာ ၉၀၈ ကျပ်ဝန်းကျင် ရှိရာမှ နိုဝင်ဘာလ ၃ ရက်နေ့တွင် တဒေါ်လာ ၉၂၅ ကျပ်အထိ လည်းကောင်း၊ ရွှေဈေးသည်လည်း နိုဝင်ဘာ ၂ ရက်နေ့တွင် အခေါက်ရွှေ တကျပ်သားလျှင် ၆၅၆၉၀၀ ကျပ် ခန့်မှ နိုဝင်ဘာလ ၃ ရက်နေ့တွင် ၆၆၂၅၀၀ ကျပ်အထိလည်းကောင်း ဈေး ထိုးတက်သွားခဲ့သည်။

ရွေးကောက်ပွဲ ကာလအတွင်း ရွှေဈေး ထိုးတက်ခြင်းကို ထိန်းချုပ်ရန် အာဏာပိုင်များ၏ ညွှန်ကြားချက်အရ နိုဝင်ဘာလ ၂ ရက်နေ့က မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် အသင်းက အစည်းအဝေး တရပ်ခေါ်ယူပြီး ရွှေဈေးထိန်းသိမ်းရေးအတွက် အစီအမံများ ချမှတ်ခဲ့ရသည်ဟု သတင်းရရှိသည်။

“ရွှေဈေး မကစားဖို့ ရွှေကုန်သည်တွေကို သတိပေးထားတယ်။ ရွှေဈေးတက်တာ အကြောင်းပြုပြီး ဆန်၊ ဆီ၊ ဆားနဲ့ အခြေခံ စားသောက်ကုန်တွေ ဈေးတက်လာမှာကို သက်ဆိုင်ရာ လူကြီးတွေက စိုးရိမ်တယ်။ ဒါကြောင့် ထိန်းထိန်းသိမ်းသိမ်း လုပ်နေ ပါတယ်” ဟု မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

ယခုလက်ရှိတွင် ရွှေဈေးသည် ပြည်တွင်းတွင်သာ ထူးထူးခြားခြား တက်ခြင်းဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် တည်ငြိမ်နေသည်ဟု သိရှိရသည်။

ရွှေဈေးတက်ခြင်းနှင့်အတူ အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန် ဈေးများလည်း တရိပ်ရိပ် တက်လျက်ရှိကြောင်း ဘုရင့်နောင်ပွဲရုံ ဈေးကွက်မှ သတင်းရရှိသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: