ရွေးကောက်ပွဲကြောင့် နေပြည်တော်ဝန်ထမ်းများ ခွင့်မယူရ

ရွေးကောက်ပွဲ နီးကပ်လာ သောကြောင့် နေပြည်တော်တွင် အစိုးရ ၀န်ထမ်းများကို ခွင့်ရက်လုံးဝ မပေးတော့ဘဲ အရေးပေါ် ကိစ္စဖြင့် ခွင့်ယူသွားကြသော အစိုးရ ၀န်ထမ်းများ အားလုံး သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ အမြန်ဆုံး ပြန်လာရန် ခေါ်ယူထားကြောင်း သတင်းရရှိသည်။

ထိုသို့ ခွင့်ရက်မပေးခြင်းနှင့် ခွင့်ယူဝန်ထမ်းများ ပြန်လည်ခေါ်ယူထားခြင်းမှာ မဲပေးရန် ကိစ္စများ ဆောင်ရွက်ရန် ရှိသောကြောင့် ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုယ်စားပြုပြီး ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် အစိုးရ၀န်ကြီးများ သက်ဆိုင်ရာ နယ်မြေတွင် မဲဆွယ်စည်းရုံး လှုပ်ရှားရန် သွားရောက် နေရသည့်အချိန် နေပြည်တော်တွင် အစိုးရအုပ်ချုပ်ရေး ယန္တရား ဆက်လက်လည်ပတ်နိုင်စေရေးအတွက် ဖြစ်ကြောင်း နေပြည်တော် အခြေစိုက် အစိုးရ၀န်ထမ်း အသိုင်း အ၀န်းမှ သိရသည်။

“ကျနော့် အမျိုးသမီးက ရန်ကုန်မှာ ကလေးမျက်နှာမြင်မှာမို့လို့ ခွင့် ၃ ရက်ပေးဖို့ တင်တာ လုံးဝ ခွင့် မပေးဘူး။ ဘယ်တော့ ခွင့်ရမလဲ ဆိုတာလည်း မသိသေးဘူး။ နိုဝင်ဘာ ၇ ရက်ကျော်ရင် ခွင့်ယူဖို့တော့ ညွှန်ချုပ်ဆီ ထပ်ပြီး တင်ထားတယ်” ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အရာထမ်းတဦးက ပြောသည်။

အစိုးရ၀န်ထမ်းများအားလုံး ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီး ကာလအထိ သက်ဆိုင်ရာ ၀န်ကြီးဌာနအလိုက် အချိန်ပြည့် အဆင်သင့် အနေအထား (Stand by) ရှိနေရမည်ဟု ၀န်ကြီးဌာနများအတွင်း ညွှန်ကြားချက် အသီးသီး ထွက်ရှိထားကြောင်း သိရသည်။

“၀န်ကြီးဌာနတွေမှာ နေ့ရော၊ ညပါ ၀န်ထမ်းတွေ အုပ်စုခွဲပြီး နေပေးနေရတယ်။ ဘာမှ လုပ်စရာမရှိဘဲနဲ့ကို တာဝန်တွေခွဲပြီး နေပေးနေရတယ်။ ဒီနေ့ A အုပ်စုက ညပိုင်း နေပေးရရင် နောက်တနေ့ ညကျရင် B အုပ်စုက ညပိုင်း နေပေးရတယ်” ဟု နေပြည်တော် ၀န်ထမ်းတဦးက ရှင်းပြသည်။

အစိုးရ၀န်ထမ်းများ အားလုံး မဖြစ်မနေ မဲပေးရန် ညွှန်ကြားထားပြီး မဲပေးရာတွင်လည်း ၀န်ကြီးချုပ် ဦးသိန်းစိန်၏ ကြံ့ဖွံ့ပါတီကိုသာ မဲပေးရမည်ဟု ဌာနတွင်း ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

“မဲမပေးတဲ့ ၀န်ထမ်းမရှိရဘူး။ ရွေးကောက်ပွဲနေ့ မပေးချင်ရင် ကြိုတင်မဲပေး၊ ကြိုတင်မဲ မပေးချင်ရင် ရွေးကောက်ပွဲနေ့မှာ မဲပေး။ မဲ လုံးဝ မပေးဘဲ နေလို့တော့မရဘူး။ ကြံ့ဖွံ့ကိုပဲ မဲပေးရမယ်လို့ ပြောထားပြီးသား” ဟု ဌာနဆိုင်ရာ အကြီးအကဲတဦးက ဆိုသည်။

အစိုးရ ၀န်ထမ်းများအားလုံးသည် ညွှန်ကြားချက်ဖြင့်သာ နေထိုင်နေရပြီး မိမိ စိတ်ကြိုက် ဆန္ဒမဲမပေးဘဲ နေပိုင်ခွင့် ဆုံးရှုံးနေကြောင်း နေပြည်တော်ဝန်ထမ်းများက ပြောသည်။

“၀န်ထမ်းဆိုတာက ဘယ် အစိုးရတက်တက် နိုင်ငံ့ဝန်ထမ်းပဲ။ မဲမပေးဘဲ နေချင်ရင် နေပိုင်ခွင့် ရှိရမယ်။ အခုက မဲမပေးဘဲ နေရင် အရေးယူခံရမယ့် ပုံစံဖြစ်နေတော့ ဘယ်ဝန်ထမ်းမှကို မနေရဲဘူး။ မဲပေးဖို့ အတင်းအကျပ် ဖိအားပေးတာက ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ မညီဘူးလို့ထင်ပါတယ်” ဟု နေပြည်တော် သစ်တောတက္ကသိုလ်မှ ဆရာတဦးက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ အခန်း ၁၃၊ ပုဒ်မ ၅၇ တွင် မည်သူမဆို ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက် တင်မြှောက်ပိုင်ခွင့်တို့ကို
ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း (သို့မဟုတ်) လာဘ်ယူခြင်းကို ပြုလုပ်လျှင် ထောင်ဒဏ်တနှစ်၊ ငွေဒဏ် ကျပ် တသိန်း၊ ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်း ထားသည်။

ဆန္ဒမဲ မပေးရသေးဘဲ အရေးပေါ် ခွင့်ယူသွားကြသည့် ၀န်ထမ်းများကိုလည်း နိုဝင်ဘာလ ၅ ရက်နေ့ မတိုင်မီ နေပြည်တော်သို့ ပြန်ခေါ်ရန် ဌာနတွင်း ညွှန်ကြားမှုများ ရှိလာသည့်အတွက် ၀န်ထမ်းများကို မဖြစ်မနေ ပြန်ခေါ်နေရကြောင်း အစိုးရ ၀န်ကြီးဌာန တခုမှ တာဝန်ရှိသူတဦးက ပြောသည်။

“ကျမသား အူရောင်ငန်းဖျားဖြစ်ပြီး ဆေးရုံတက်နေရလို့ ရန်ကုန်ပြန်သွားတာ။ အခု နေပြည်တော်ကို မဖြစ်မနေ ပြန်လာဖို့ ခေါ်တယ်။ မဲ သွားပေးရမယ်၊ နေပြည်တော်ပြန်မသွားရင် အလုပ်ဖြုတ်မယ့်ပုံစံနဲ့ ပြန်ခေါ်နေလို့ သွားရမယ်” ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ၀န်ထမ်းတဦးက ဆိုသည်။

ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေး စုစုပေါင်းမြို့နယ် ၈ ခုပါဝင်သော နေပြည်တော်ခရိုင်တွင် မဲပေးနိုင်သူလူဦးရေ ၆ သိန်း ကျော်နေထိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီသတင်းထောက် အောင်သက်ဝိုင်း ရေးသားသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: