မန္တလေး လုံခြုံရေး တိုးလာပြီ

နယူးဒေလီ (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲ ကျင်းပရန် ၃ ရက်သာ လိုတော့သည့် အချိန်တွင် မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့၌ ရဲလုံခြုံရေးများ လှည့်ပတ်သွားနေသလို၊ လူစည်ကားရာ နေရာများတွင် စောင့်ကြပ်နေကြောင်း ဒေသခံများက ပြောသည်။

တောင်နှင့်မြောက် သွယ်တန်းထားသည့် ၇၃ လမ်းမကြီးမှာသာမက လမ်းကြိုလမ်းကြားများပါမကျန် ရဲများ တင်ဆောင်ထားသည့် ဆိုင်ကယ်၊ ဟိုင်းလပ်ကားနှင့် ရဲကားများ သွားလာနေပြီး၊ မန္တလေးတက္ကသိုလ်နှင့် ကျုံးရှေ့များတွင် ယခုရက်ပိုင်းအတွင်း အုပ်စုလိုက် လုံခြုံရေးများ ချထားကြောင်း သိရခြင်း ဖြစ်သည်။

’’အလုပ်ပြန်တာ ခပ်လန့်လန့်ဗျ။ ည ၁၁ နာရီမှ အလုပ်ပြီးတာလေ။ အမကိုကျ ၁၂ နာရီ သွားကြိုရသေးတော့ ပြန်တာ မိုးချုပ်တယ်လေ။ လမ်းတွေပေါ်မှာ ရဲတွေစောင့်တာ များသထက် များလာပြီ။ မန္တလေး တက္ကသိုလ်နားရော၊ ကျုံးဘေးပါ ရှိတယ်။ ရဲတွေက ပွိုင့်ကားလေးတွေနဲ့လည်း လှည့်နေတာ။ ဆိုင်ကယ်တွေနဲ့ရော လှည့်နေတယ်ဗျ’’ ဟု အင်တာနက်ဆိုင် ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

မန္တလေး ဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား တဦးကလည်း ’’တချို့ လူစည်ကားတဲ့ နေရာတွေမှာ ရဲတွေ တွေ့ရတယ်။ စစ်သားတော့ သိပ်မတွေ့မိဘူး။ ရဲ၊ လုံခြုံရေး ကင်းလှည့်တဲ့ သူတွေလေ။ မီးပွိုင့်တွေမှာဆိုရင် ၂ ယောက်၊ ၃ ယောက် အဲလိုမျိုး တွေ့ရတယ်။ သူတို့က ညတွေမှာ ကားနဲ့ နယ်လှည့်သွားတတ်တယ်’’ ဟု မဇ္ဈိမကို ပြောသည်။

ကားများဖြင့် လိုက်ပါသည့် ရဲများတွင် လက်နှိပ်မီး (ဓာတ်မီး)၊ ဒုတ်နှင့် လောက်လေးခွများ ယူဆောင်လာကြကာ၊ တစီးလျှင် ရဲ နှစ်ဦး လိုက်ပါသည့် ဆိုင်ကယ် အစီးရေမှာ အနည်းဆုံး ၂ စီးမှ ၈ စီးခန့်အထိ ရှိသည်။ ညဘက် ၁၁ နာရီခန့် နောက်ဆုံးထားကာ လက်ဖက်ရည်ဆိုင်များ အပါအဝင် ဈေးဆိုင်များ ပိတ်ကြပြီ ဖြစ်သည်။

လုံခြုံရေးများက လမ်းသွားလမ်းလာများနှင့် ရွေးကောက်ပွဲ စည်းရုံးရေးဆင်သူများကို နှောင့်ယှက်ခြင်း မရှိကြောင်း ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ) မှ တွဲဖက်ဥက္ကဋ္ဌဖြစ်သူ ဒေါ်နန်းရွှေကြာက ဆိုသည်။

“ရဲကားကတော့ မန္တလေးမြို့မှာ ညပိုင်းဆိုရင် လုံခြုံရေးထွက်နေတာတော့ တွေ့တယ်လေ။ အန်တီတို့က စည်းရုံးရေး သွားနေတာ ဘာမှ အန္တရာယ်တော့ မရှိပါဘူး” ဟု သူက ပြောသည်။

မြို့တော်ဟောင်း ရန်ကုန်တွင် မင်္ဂလာဈေး၊ သမ္မတ ရုပ်ရှင်ရုံ၊ ဒဂုံစင်တာ၊ ယုဇန ပလာဇာ၊ မီးပွိုင့်အချို့နှင့် ကန်တော်ကြီးကဲ့သို့ လူစည်ကားသည့် နေရာများ၌ ရဲသာမက လက်နက်ကိုင် စစ်သားများပါ စောင့်ကြပ်နေပြီး၊ ဒိုင်းကာများ ပါရှိသည့် ရဲကားများပါ လှည့်ပတ်သွားလာနေသည်ဟု မြို့ခံများက ဆိုသည်။

ထို့ပြင် ကချင်ပြည်နယ် မြစ်ကြီးနားအဝင် ဗလမင်းထင် တံတားပေါ်နှင့် အနီးတဝိုက်တွင် ရဲနှင့် စစ်သားများက အစစ်အဆေးများ ပိုမိုပြုလုပ်နေကြောင်း သိရသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: