တောင်တွင်းကြီး ၀န်ထမ်းများကို ကြိုတင်မဲ ထည့်ခိုင်း
November 3, 2010 Leave a comment
မကွေးတိုင်း တောင်တွင်းကြီး မြို့နယ် အတွင်းရှိ အစိုးရ ၀န်ထမ်းများ အားလုံးကို နိုင်ဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ တောင်တွင်းကြီး မြို့နယ် ၂ ရပ်ကွက်ရှိ မူကြိုကျောင်းသို့ ကြိုတင်မဲများ လာပေးကြရန် အတင်းအကျပ်လုပ်ဆောင်နေကြောင်း သိရသည်။
“အရင်ဆုံးစပေးရတာက ရဲဝန်ထမ်းတွေ၊ မယက ၀န်ထမ်းတွေပါ၊ ပြီးမှ တခြားဌာနဆိုင်ရာဝန်ထမ်းတွေက ပေးရတယ်၊ အဓိက ရည်ရွယ်တာက ဘယ်သူမှ မထောက်ခံတဲ့ ကြံ့ဖွံ့ပါတီ အနိုင်ရဖို့လုပ်တာပါ၊ အခုသူတို့လုပ်တာက တရားဝင်ကောက်တာပါလို့ ပြောပါတယ်”ဟု တောင်တွင်းကြီးမြို့ ရွှေအိုးရပ်ကွက်နေ ၀န်ထမ်းတဦးက ရှင်းပြသည်။
ကြိုတင်မဲပေးရသည့် စာရွက်တွင် မည်သည့်အထောက်အထားမှ မပါကြောင်း၊ ထိုဒေသတွင်ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီ ၅ ခု၏ အမှတ်တံဆိပ်သာပါရှိပြီး ယင်းပါတီ တံဆိပ် ၅ ခုအနက် ခြင်္သေ့ပုံပါသည့် နေရာ၌သာ အမှန်ခြစ်ပေးရန် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ တာဝန်ရှိသူများက ဖိအားပေး စေခိုင်းကြောင်း သိရသည်။
ထိုသို့ အထောက်အထားမပါသည့် စာရွက်ပေါ်တွင် အမှန်ခြစ်ပေးရခြင်းသည် ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက် ၂/၂၀၁၀ နှင့် မကိုက်ညီဟုဆိုကာ ၀န်ထမ်းအမျိုးသမီးတဦးက ထောက်ပြ ပြောဆိုပြီး နောက်တွင် မဲစာအိတ်များကို ဒေသ အာဏာပိုင်များက ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဘာအထောက်အထားမှ မပါတဲ့ကြိုတင်မဲ စာရွက်ပေါ်မှာ ခြင်္သေ့ပုံကိုပဲ အမှန်ခြစ်ပေးရတယ်၊ အထောက်အထားမပါရင် ပယ်မဲ ဖြစ်သွားမယ်ပြောတော့ မဲစာအိတ်တွေကို သူတို့ဟာသူတို့ ပြန်ဖောက်တယ်၊ အဲဒီတော့ ၀န်ထမ်း ၃၂ ယောက်က တခြားပါတီ ကို ပေးထားတာတွေ့တော့ အဲဒါတွေကို ပြန်ပေးခိုင်းတယ်”ဟု တောင်တွင်းကြီး မြို့ခံ တဦးက ပြောသည်။
ဒေသခံတဦးကလည်း“အမှန်ဆိုရင် မဲစာအိတ်ကို ပိတ်ပြီးရင် ဖွင့်လို့မရတော့ဘူး၊ အခုကကြိုတင်မဲ စာအိတ်တွေကို သေချာ မပိတ်ဘူး၊ ပိတ်ထားတာကိုလည်း သူတို့လုပ်ချင်သလို လုပ်နေကြတယ်၊ အဲဒါဘယ်လိုရွေးကောက်ပွဲလဲ၊ ကြံ့ဖွံ့ပါတီ တခုတည်း ရဲ့ရွေးကောက်ပွဲလားဆိုတာ သံသယ ဖြစ်နေကြတယ်”ဟု ဆိုသည်။
ထိုဒေသတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီ ၅ ခုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)၊ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)၊ အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်(NPA)နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တို့ ဖြစ်ကြောင်း တစည ပါတီ၏ ဒေသခံ ကိုယ်စားလှယ်တဦးက ပြော သည်။
ထိုပါတီများ အနက် ခမောက်တံဆိပ်ပါသော NDF ပါတီမှာ အနှစ်သက်ဆုံး ပါတီတခုဖြစ်နေကြောင်း ဒေသခံများ၏ အဆို အရ သိရသည်။
မကွေးတိုင်း မြို့သစ်မြို့နယ်အတွင်းရှိ ကာကွယ်ရေးပစ္စည်းများထုတ်လုပ်သော (ကပစ)တပ်မှ ဗိုလ်ကြီး ကိုကိုဦးနှင့် ဗိုလ်ကြီး အောင်ကျော်လင်း တို့သည် ၎င်းတို့ တပ်နှင့်နီးစပ်သည့် ကျေးရွာ ၁၀ ရွာကျော်မှ ရွာ ဥက္ကဋ္ဌများ၊ ရပ်မိရပ်ဘ များကို ခေါ်ယူကာ ရွေးကောက်ပွဲနေ့တွင် ကြံ့ဖွံ့ပါတီအား မဲမပေးပါက ရွာမှနှင်ထုတ်ခြင်း၊ ကျေးရွာလိုက်ပြောင်းရွှေ့ခြင်းများကို လုပ်ဆောင်မည်ဟူ သော ခြိမ်းခြောက်မှုများကို အောက်တိုဘာ လကုန်ပိုင်းတွင် ပြုလုပ်ပြောဆိုခဲ့ကြောင်း ဒေသခံများက ဆိုသည်။
မြန်မာနိုင်ငံ အနှံ့တွင် ကြံ့ဖွံ့ပါတီဝင်များနှင့်ဒေသဆိုင်ရာ အာဏာပိုင်များသည် ကြံ့ဖွံ့ပါတီအနိုင်ရရေးအတွက် နည်းလမ်းပေါင်းစုံ အသုံးပြုကာ လုပ်ဆောင်နေကြောင်း သိရသည်။
စစ်အစိုးရက နိုဝင်ဘာ ၇ ရက်တွင် ရွေးကောက်ပွဲ ကျင်းပရန် ကြေညာထားပြီး ကြိုတင်မဲ ကောက်ခံရေး အစီအစဉ်များကို လည်း တနိုင်ငံလုံး၌ အရှိန်မြှင့် လုပ်ဆောင်လျှက်ရှိသည်။ ရွေးကောက်ပွဲ ကော်မရှင်ကမူ ကြိုတင်မဲများကို နိုဝင်ဘာလ ၅ ရက် နေ့မှ တရားဝင်ကောက်ခံခွင့် ပြုထားကြောင်း ပြောဆိုသည်။
ဧရာဝတီသတင်း ခင်ဦးသာ ရေးသားသည်။