ဧရာဝတီမှ သတင်းများ ၂.၁၁.၂၀၁၀ အပိုင်း (၁)

ရွေးကောက်ပွဲကာလ ဗုံးခွဲမည်ဟု သတင်းလွှင့်၍ လုံခြုံရေးတိုးမြှင့်

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရွေးကောက်ပွဲ ကာလအတွင်း ဗုံးဖောက်ခွဲရန် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ အဖျက်သမားများ စေလွှတ်ထားသည်ဟု အာဏာပိုင်များက သတင်းလွှင့်၍ လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရှိရ သည်။

“ဒီနေ့ ကစပြီးတော့ မွန်ပြည်နယ်နဲ့  ကရင်ပြည်နယ်အတွင်းမှာ လုံခြုံရေး အဆင့်တိုးမြှင့်လိုက်တယ်။ ဘာလို့လဲဆိုတော့ KNU က ဓာတ်ဘူး ဆိုတဲ့ လူတယောက် မော်လမြိုင်မြို့ မှာ ဗုံးခွဲဖို့ ရှိတယ်။ ရွေးကောက်ပွဲ ပျက်အောင်လို့ ပေါ့လေ။  စရဖ တို့ အက်စ်ဘီ တို့က အဲသလို သတင်းလွှင့်ထားတယ်။ ဒါကြောင့် လုံခြုံရေးကို မြှင့်ထားတယ်။ လံခြုံရေး မြှင့်တယ်ဆိုတာက အစစ်အဆေး ပိုလုပ်လာနေတယ်”ဟု စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ) နှင့် နီးစပ်သူ တဦးက ဧရာဝတီ သို့ ပြောသည်။

ယင်းသတင်းနှင့် စပ်လျဉ်း၍ KNU အသိုင်းအ၀ိုင်းကို မေးကြည့်သောအခါ အဆိုပါ ဓာတ်ဘူး ဆိုသည့် အမည်ကို ကြားဖူး သူပင် မရှိကြောင်း ဖြေကြားကြသည်။

 

NDF ကို ကြံ့ဖွံ့လက်အောက်ခံဟုပြော၍ လိမ်လည်မဲဆွယ်

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ လက်အောက်ခံ ဟုဆိုကာ ပုသိမ်မြို့နယ် ငွေဆောင်မြို့နယ်ခွဲ အနီးကျေးရွာများတွင် ကြံ့ဖွံ့ပါတီက လိမ်လည်မဲဆွယ် စည်းရုံးလျက်ရှိကြောင်း ပုသိမ်မြို့နယ် NDF ကိုယ်စားလှယ်လောင်းများက ပြောသည်။

၎င်းပြင် မန္တလေးတိုင်း အမရပူရ မြို့နယ်တွင်လည်း ကြံ့ဖွံ့ပါတီက ၎င်း၏ ပြိုင်ဘက် ကိုယ်စားလှယ်လောင်း တချို့ကို အစ္စလာမ်ဘာသာဝင်များ ဖြစ်သဖြင့် မဲမပေးသင့်ဟု ပြောဆို၍ ဘာသာရေးကို အလွဲသုံးစားပြုကာ မဲဆွယ်စည်းရုံးနေကြောင်း ဒေသခံ NDF ပါတီဝင်များထံမှ သိရသည်။

 

အလုပ်သမားဝန်ကြီး အစ္စလမ်ဘာသာဝင်များထံ ကြိုတင်မဲတောင်းခံ

မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ ဘင်္ဂါလီစု ဗလီနှင့် ကာလာဘတ်စ်တီး ဗလီများရှိ အစ္စလမ် ဘာသာဝင်များထံမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို ထောက်ခံသည့် မဲများအား အဆိုပါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ရယူနေသည်ဟု သိရသည်။

ဦးအောင်ကြည်သည် အစောပိုင်းကာလက ဗလီဆရာများထံချဉ်းကပ်၍ အစ္စလမ်ဘာသာဝင်များထံမှ ကြံ့ဖွံ့ထောက်ခံမဲ ရရန် စည်းရုံးစေခဲ့ကြောင်း၊ ဗလီဆရာများက နိုင်ငံရေးကိစ္စ မပတ်သက်လိုကြောင်း ပြောဆိုရာ လူစာရင်းများတောင်းခံသွားပြီး ၎င်းစီစဉ်ပေးမည်ဟုဆိုကာ ကြိုတင်မဲအဖြစ် ရယူသွားကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သည့် အစ္စလမ် ဘာသာဝင်တဦးက ပြောသည်။

 

ကြံ့ဖွံ့ထောက်ခံမဲ အစမ်းမထည့်သူ ၂၀၀၀ ပေးရမည်

ဟင်္သာတမြို့နယ်တွင် မဲ အစမ်းထည့်ရမည်ဟု ပြောဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ ပါတီ) ကို ထောက်ခံသည့် ကြိုတင်မဲများ ရယူနေကြောင်း၊ ထိုသို့ မဲ အစမ်း မထည့်သူများ အနေနှင့် တဦးလျှင် ကျပ် ၂၀၀၀ စီ ပေးရမည်ဟု ကြံ့ဖွံ့ပါတီဝင် ရယက လူကြီးက ဖိအားပေး ပြောဆိုကြောင်း ဟင်္သာတ မြို့ခံများထံမှ သိရသည်။

တနိုင်ငံလုံးရှိဆိုင်များကို ညဘက်စောစီးစွာပိတ်ရန် ညွှန်ကြား

မြန်မာတနိုင်ငံလုံးရှိ လက်ဘက်ရည်ဆိုင်၊ လမ်းဘေးဆိုင်များ အပါအဝင် ဆိုင်အားလုံးကို နိုဝင်ဘာ ၂ ရက်မှ ၄ ရက်နေ့အထိ ည ၈ နာရီ နောက်ဆုံးထား ပိတ်ရန်၊ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ညနေ ၆ နာရီ၌ အပြီးပိတ်ရန်  အာဏာပိုင်များက ညွှန်ကြား ထားကြောင်း သတင်းရရှိသည်။

ယခုအခါ ညဘက် ပြေးဆွဲသည့် အငှားယာဉ်များကိုလည်း တင်းကျပ်စွာ စစ်ဆေးနေကြောင်း၊ လူအများ ညမထွက်ရအမိန့် သီးခြား မထုတ်ပြန်သော်လည်း ဆိုင်များပိတ်ရန် ညွှန်ကြားလိုက်သည့်အတွက် လူအများမှာ ထိတ်လန့်နေကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

မဲရုံစောင့်ကြည့်မည့် စေတနာ့ဝန်ထမ်းများကို ချုပ်ချယ်

ရွေးကောက်ပွဲနေ့တွင် မဲရုံစောင့်ကြည့်ရန် တာဝန်ယူမည့် စေတနာ့ ၀န်ထမ်းအဖြစ် ကူညီမည့်သူများကို ရွေးကောက်ပွဲ ကော်မရှင်က ခြိမ်းခြောက်ခြင်း၊ မိမိသန်းခေါင်းစာရင်းရှိရာ ရပ်ကွက်မှ တခြားရပ်ကွက် တခုသို့ သွားခွင့်မပြုခြင်း၊ မဲရုံတရုံလျှင် စေတနာ့ဝန်ထမ်း ၂ ဦးသာ ထားပိုင်ခွင့်ရှိခြင်း စသည်ဖြင့် ကန့်သတ်ချုပ်ချယ်နေသောကြောင့် နိုင်ငံရေးပါတီ အများစုမှာ အခက်အခဲများ ရှိနေကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ကန့်သတ်မှုများသည် စစ်အစိုးရထောက်ခံမှု ရရှိထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံဖွံ့ပါတီ) အနိုင်ရရန် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီး မဲလိမ်မှု၊ မဲမသမာမှုများ လုပ်ဆောင်နိုင်ရန် အခွင့်အရေး ဖန်တီးပေးခြင်း သာဖြစ်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့ကပြောသည်။

 

ရေနံချောင်းမှာ မဲမပေးရေး တီရှပ်ဝတ်ဆင်မှု လှုပ်ရှား

“ဥပဒေအရ မဲမပေးဘဲ နေပိုင်ခွင့်ရှိသည်” ဆိုသော စာတန်းပါသည့် တီရှပ်များကို ၀တ်ဆင်၍ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု တခုကို ယနေ့နံနက်မှ စတင်၍ ရေနံချောင်း မြို့ခံလူငယ်များက ပြုလုပ် လိုက်ကြောင်း သတင်းရသည်။

အဖြူရောင်တီရှပ် အပေါ်တွင် ယင်းစာတန်းကို အနီရောင်ဖြင့် ပုံဖော်ထားပြီး “မဲမပေးဘဲ”ဆိုသည့် စကားစုကိုပိုမိုပေါ်လွင် စေရန် စာလုံး အကြီးဖြင့် ရိုက်နှိပ်ထားကြောင်း၊ တီရှပ်အထည် ၁၀၀ ကို ပထမဦးဆုံး ဝေငှပြီး ဈေးများ၊ လက်ဖက်ရည်ဆိုင်၊ ကားဂိတ်  စသည့် လူစည်ကားရာ နေရာများတွင် ၀တ်ဆင်သွားလာနေကြောင်း မြို့ခံလူငယ်တဦးက ပြောသည်။

အဆိုပါလှုပ်ရှားမှုကို ဒေသဆိုင်ရာ အာဏာပိုင်များက အရေးယူမှု မရှိသော်လည်း စောင့်ကြည့်မှုရှိကြောင်း သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: