ဧရာဝတီမှ သတင်းများ ၂.၁၁.၂၀၁၀ အပိုင်း (၂)

ကြိုးဖုန်း နယ်အဝေး ခေါ်ဆိုခဈေးတက်

အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) ခေါ်ဆိုခကို ယခင်က ၁ မိနစ်လျှင် ၁၅ ကျပ်နှုန်းဖြင့် မြို့တွင်းနှင့် နယ်အဝေး ဈေးနှုန်းတမျိုးတည်း သတ်မှတ်ထားရာမှ ယမန်နေ့ကစတင်၍ ဂဏန်း ၆ လုံးကျော် ခေါ်ဆိုလျှင် ၁ မိနစ် ၂၅ ကျပ်နှုန်း တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ရွေးကောက်ပွဲကာလ နီးကပ်သည့်အချိန်တွင် တယ်လီဖုန်းလိုင်းမှ သတင်းစီးဆင်းမှုကို ထိန်းချုပ်လိုသဖြင့် သုံးစွဲသူ လျော့နည်းသွားစေရန် ယခုကဲ့သို့ ရုတ်တရက် ဈေးနှုန်း တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ဆက်သွယ်ရေး ဌာနများကို ညွှန်ကြားထားပြီး ဖြစ်သော်လည်း ပြည်သူလူထုကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ အရာရှိတဦးက ပြောသည်။

ရွေးကောက်ပွဲကာလ ရွှေဈေးတည်ငြိမ်ရန် ရွှေလုပ်ငန်းရှင်များကို သတိပေး

ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလအတွင်း ရွှေဈေးနှုန်းများ တည်ငြိမ်စွာ ရှိနေစေရေးအတွက် ရွှေလုပ်ငန်းရှင်များအသင်းကို အာဏာပိုင်များက ယနေ့ မွန်းလွဲ ၁ နာရီတွင် အစည်းအဝေး ခေါ်ယူ ကျင်းပစေခဲ့ကြောင်း သိရသည်။

ယနေ့ရွှေဈေးမှာ အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၆၅၆၃၀၀ ရှိနေကြောင်း၊ ရွှေဈေးနှုန်း ခုန်တက်သည်ကို အကြောင်းပြု၍ လူအများလှုပ်ရှားဆူပူမှုများ မဖြစ်စေရန် လက်ရှိရွှေဈေးကို ထိန်းထားရမည် ဖြစ်ကြောင်း ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) တွင် ကျင်းပသည့် ယနေ့ အစည်းအဝေး၌ ပြောဆို ဆွေးနွေးကြရသည်ဟု ရွှေကုန်သည်များက ပြောသည်။

 

မှားယွင်းမှုများနှင့် မိုင်းရှုး မဲစာရင်း

ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်၌ မဲစာရင်းများ ထုတ်ပြန်ရာတွင် သက်ဆိုင်ရာ မိသားစုဝင်များ၏ အမည်၊ မှတ်ပုံတင် နံပါတ် များကို သက်ဆိုင်ရာက မှားယွင်းစွာ ထုတ်ပြန်မှုများရှိကြောင်း ဒေသခံများက ပြောသည်။

“မဲစာရင်းမှာ အဖေနာမည်၊ မှတ်ပုံတင်နံပါတ်ကို အလွဲရေးထားတာတို့၊ နာမည်ကို နောက်တလုံး တိုးတာတို့၊ အဲသလို မျိုးတွေ လျှောက်လုပ်ထားတယ်”ဟု ဒေသခံ တဦးက ပြောသည်။

ချောက်မှာ ပယ်မဲလုပ်နည်း လေ့လာ

ချောက်မြို့နယ်ရှိ ဒေသခံများက မြို့နယ်အတွင်း ၀င်ရောက် အရွေးခံမည့် ပါတီများမှ အရွေးချယ်ခံမည့် အမတ် လောင်း တဦးကိုမှ မဲပေးရန် ဆန္ဒမရှိသဖြင့် ပယ်မဲပေးရမည့် နည်းလမ်းများကို တတ်ကျွမ်း နားလည်သူ များထံမှ စုံစမ်း မေးမြန်းမှုများ ပြုလုပ်နေသည်။

ချောက်မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ(တစည)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF)များက ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

“အဲဒီ ၃ ခုထဲမှာ ကြံ့ဖွံ့ကို လူပါးဝထားလို့ လူတွေက တော်တော် ငြိုးနေကြတယ်၊ NDFက အမတ်ကလည်း အမျိုးသမီး ရေးရာနဲ့ ပတ်သက်မှုတွေ ရှိနေတယ်၊ နောက် သိက္ခာတရားနဲ့ ပတ်သက်လို့ လူတွေက မယုံကြည်ကြဘူး၊ အဲဒီတော့ တစည ကို ပေးမယ်ဆိုတော့လည်း အမတ်တွေက မစွန်ဘူးဖြစ်နေတယ်၊ အဲဒီတော့ တချို့ကလည်း မပေးဘူးပေါ့၊ တချို့ ကျတော့လည်း ဘယ်လို ပယ်မဲလုပ်ရမလဲဆိုတာတွေ မေးကြတယ်ပေါ့”ဟု ချောက်မြို့မှ ရွေးကောက်ပွဲ လေ့ လာ သူ တဦးက ပြောသည်။

 

ဇီးကုန်း ကြံ့ဖွံ့ ဒီမိုကရက်တစ်ကို ရန်လို

ဇီးကုန်းမြို့နယ် အရှေ့ခြမ်း တိုင်းဒေသကြီး လွတ်တော်အတွက် ၀င်ရောက် အရွေးခံမည့် ဒီမိုကရက်တစ် ပါတီ(မြန်မာ) အမတ် ဦးချိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၃၀ ခန့်က ရန်ပြုရန် ယမန်နေ့က ၀ိုင်းထားသည်ဟု သိရ သည်။

အသက် ၃၀ အရွယ်ရှိ ကျူရှင်ဆရာ တဦးဖြစ်သော ဦးချိုသည် ဒေသခံ ကျောင်းသား မိဘများ၏ ထောက်ခံမှုကို ရရှိ ထားပြီး အမတ်တဦးအဖြစ် အရွေးချယ်ခံရရန် အလားအလာ ကောင်းနေသည့်အပြင် ကြံ့ဖွံ့ပါတီ၏ မဲဆွယ်စည်းရုံးမှု များကို ဒေသခံများက လက်မခံသဖြင့် ယင်းသို့ ရန်ပြုရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကြံ့ဖွံ့ပါတီရဲ့ပိုစတာ ဗီနိုင်း ကပ်ဖို့တောင် အိမ်တွေက နေရာမပေးကြဘူး၊ အဲဒါကြောင့် ပေါက်ကွဲပြီးတော့ သူ့ကို ၀ိုင်း တယ်၊ အဲဒါ ဆရာ့ရဲ့တူတယောက်က ပြေလည်စေချင်လို့ ကျနော့်ခြံထဲမှာ လာကပ်လို့ ပြောလိုက်တာနဲ့ အဲဒီပြဿနာ ပြီးသွားတယ၊် အဲဒီကိစ္စကို ကော်မရှင်ကိုတော့ တင်ခိုင်းလိုက်တယ်”ဟု ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင် တဦး ဖြစ် သူ ဒေါ်ချိုချို ကျော်ငြိမ်းက ပြောသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: