ဧရာဝတီမှ သတင်းများ ၁.၁၁.၂၀၁၀ အပိုင်း (၁)


ရွေးကောက်ပွဲသတင်း မပေါက်ကြားရန် အင်တာနက်ဖြတ်တောက်

ရွေးကောက်ပွဲ မတိုင်မီ ၂ ပတ်ခန့် ကတည်းက အင်တာနက် ဆက်သွယ်မှုများ လုံးဝနီးပါး ပြတ်တောက် သွားရခြင်းမှာ မြန်မာပြည် အင်တာနက် ဆက်သွယ်ရေးကို အဓိက ထိန်းချုပ်ထားသည့် ရတာပုံ တယ်လီပို့က ကြေညာထားသကဲ့သို့ DDoS Attack ဖြင့် အတိုက်အခိုက်ခံရခြင်းမဟုတ်ဘဲ ရွေးကောက်ပွဲကာလ မသမာမှုများ ပြည်ပသို့ အလွယ်တကူ မပေါက်ကြားရန် အာဏာပိုင်များက ထိန်းချုပ်ခြင်းသာ ဖြစ်ကြောင်း ကွန်ပျူတာပညာရှင်များက ပြောဆိုသည်။

ဂျီမေးလ်၊ ဂျီတော့ခ်အပါအဝင် မည်သည့်ဝက်ဘ်ဆိုက်ကိုမှ ဝင်၍မရတော့ဘဲ ပြည်တွင်းနှင့်ပြည်ပ ဆက်သွယ်မှုကို အဓိက ဖြတ်တောက်ခြင်းဖြစ်ကြောင်း၊ အင်တာနက်ဆက်သွယ်ရေးမှာ လုံးဝပြတ်တောက်မသွားဘဲ အစိုးရဌာနများနှင့် ကုမ္ပဏီ တချို့တွင် အသုံးပြုနိုင်ကြောင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလနှင့် ၂၀၀၈ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ကာလများက ကဲ့သို့ ပြည်ပသတင်းမီဒီယာများထံ ရွေးကောက်ပွဲသတင်းများ ပြန့်ပွားမှုမရှိစေရန် ထိန်းချုပ်လိုက်ခြင်းသာ ဖြစ်ကြောင်း အဆိုပါ ပညာရှင်များထံမှ သိရသည်။

သိန္နီမှာ ကြံ့ဖွံ့ ကြိုတင်မဲကောက်

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်တွင် ယမန်နေ့က ကြိုတင်မဲများ ကောက်ခံခဲ့ပြီး ကြံ့ဖွံ့ ပါတီကို မဲမထည့်ပါက ပယ်မဲအဖြစ် သတ်မှတ်မည်ဟု မဲရုံမှူးက ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

သိန္နီမြို့ခံ တဦးက “မနေ့က ရပ်ကွက် (၂) တရပ်ကွက်လုံး မဲထည့်ရတယ်။ မဲ မထည့်ခင်မှာ မဲရုံမှူးက မဲတွေအားလုံးကို ဖောက်ကြည့်မယ်။ တကယ်လို့ မဲပေးထားတာက ကြံ့ဖွံ့မဟုတ်ဘူးဆိုရင် ပယ်မဲအဖြစ် သတ်မှတ်မယ်လို့ ပြောတယ်။ မဲရုံမှူး ရဲ့ မိသားစုတွေရော ကြံ့ဖွံ့ကိုပဲ မဲပေးရမယ်၊ အစိုးရဝန်ထမ်းတွေရဲ့ မိသားစုတွေလည်း ကြံ့ဖွံ့ကိုပဲ မဲထည့်ရမယ်လို့ ပြော တယ်”ဟု ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)ကိုမဲထည့်ရန် ပြောဆိုမှုများရှိနေသော်လည်း ဒေသခံအများစုမှာ ၎င်းတို့ တိုင်းရင်းသားပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)ခေါ် ကျားဖြူပါတီကိုသာ ထောက်ခံ ကြကြောင်း အဆိုပါ ဒေသခံက ပြောဆိုသည်။

ကိုးကန့် ပါတီကို စစ်တပ်နှင့် အေးရှားဝေါလ် ထောက်ပံ့

လာမည့်ရွေးကောက်ပွဲတွင် ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်ဒေသမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုးကန့် ဒီမိုကရေစီနှင့် စည်းလုံးညီညွတ်ရေးပါတီ(KDUP) ကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) မှ စစ်ဘက်အရာရှိ တချို့နှင့် အေးရှား ဝေါလ် ကုမ္ပဏီတို့က ထောက်ပံ့မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

ရမခ မှ အမည်မဖော်လိုသူ အရာရှိတဦးက“အဲဒီ ကိုးကန့်တရုတ်တွေက အေးရှားဝေါလ် ဆီကနေ ပိုက်ဆံတွေရတယ်။ သူတို့ကြားမှာ ဘယ်လိုပတ်သက်မှုမျိုးတွေ ရှိလဲတော့ မပြောတတ်ဘူး။ အဲဒီငွေတွေနဲ့ တိုင်းထဲက အရာရှိကြီးတွေကို ကန်တော့တယ်၊ အဲလိုကန်တော့ တော့ သူတို့ရဲ့ လုပ်ကိုင်မှုတွေ ပိုပြီးမှ လွယ်ကူတယ်လေ၊ ရုံးခန်းဖွင့်တာတို့၊ ဒေသခံ အာဏာပိုင်တွေနဲ့ ဆက်ဆံတဲ့နေရာမှာတို့ပေါ့။ ကြံ့ဖွံ့ဆီကလည်း ပိုက်ဆံတွေဘာတွေ ရတယ်လို့လည်း ကြားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ရွေးကောက်ပွဲကာလ မန္တလေး NGO များ ရပ်မည်

မန္တလေးမြို့အခြေစိုက် NGO တချို့၏ လှုပ်ရှားမှုများကို ရွေးကောက်ပွဲကြောင့် ယာယီရပ်တန့်ထားသည်ဟု မန္တလေး NGO အသိုင်းအဝိုင်းက ပြောဆိုသည်။

Care Myanmar, PSI နှင့် World Vision စသည့် အဖွဲ့အစည်းများ ၏လှုပ်ရှားမှုများကို ရွေးကောက်ပွဲ မပြုလုပ်မီ ၂ ပတ် နှင့် ရွေးကောက်ပွဲကာလ အပြီး ၂ ပတ်အထိ လှုပ်ရှားမှုများ ရပ်နားထားရမည်ဖြစ်ကြောင်း သိရှိရသည်။

“HIV/ AIDS လူနာတွေကို ဆန်တွေပေးတာတို့၊ တခြားထောက်ပံ့တာတို့ကိုတောင်မှ မလုပ်တော့ဘူး။ လူတွေစုတဲ့ gathering ပွဲတွေလည်း မလုပ်ရဘူး၊ ရွေးကောက်ပွဲ ပြီးလို့ တပတ်လောက်ကြာမှ အလုပ်ပြန်စမယ်လို့ ပြောကြတယ်။ သီးခြား ရပ်တည်တဲ့ အဖွဲ့တွေ မဟုတ်တဲ့၊ အဖွဲ့ငယ်တွေတော့ ဆက်လုပ်နေတယ်”ဟု မန္တလေး ဒေသခံ NGO ဝန်ထမ်း တဦးက ပြောသည်။

ဂီရိလေဘေးဒဏ်သင့် ကျေးရွာများတွင် ကြံ့ဖွံ့ကြိုတင်မဲကောက်

ရခိုင်ပြည်နယ်အတွင်း လေဘေးဒဏ်သင့် ကျေးရွာ ၄၀ ကျော်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ကြံ့ဖွံ့ပါတီ) က ထောက်ပံ့ပစ္စည်း အနည်းငယ်ပေးကာ ကြိုတင်မဲများ ကောက်ယူ နေကြောင်း သတင်းရရှိသည်။

လူဦးရေစာရင်းများ ကောက်ခံပြီးဖြစ်၍ ရွေးကောက်ပွဲနေ့တွင် မဲရုံသို့ ကိုယ်တိုင်မဲလာပေးရန် မလိုတော့ဟု ကြံ့ဖွံ့ပါတီဝင်များက ပြောဆိုသွားကြောင်း၊ လေဘေးဒဏ်သင့် ဒေသခံပြည်သူများမှာ ရွေးကောက်ပွဲအား စိတ်မ၀င်စားတော့ဘဲ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကိုသာ အလေးထားနေကြသည့် အခွင့်အရေးကို အသုံးချကာ ကြံ့ဖွံ့ပါတီက ကြိုတင်မဲများ ကောက်ယူခြင်းအပေါ် ဒေသခံများက မကျေမနပ် ဖြစ်နေကြကြောင်း အဆိုပါ ဒေသခံများက ပြောသည်။
ရန်ကုန်တွင် လုံခြုံရေး စတင် တင်းကျပ်

ရွေးကောက်ပွဲ အကြိုကာလ ဖြစ်ပေါ်လာမည့် လူထုလှုပ်ရှားမှုများအား ထိန်းချုပ်ရန်ဟုဆိုကာ ယနေ့မှ စတင်၍ ရန်ကုန်မြို့တွင်း လုံခြုံရေးကို ပိုမိုတင်းကျပ်ထားကြောင်း ကြားသိရသည်။

ဆူးလေ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ လသာ၊ လှည်းတန်း စသည့် မြို့နယ်များတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုံခြုံရေး တာဝန် ယူထားပြီး တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ စသည့် ဒေသများတွင်မူ တပ်မ ၇၇ နှင့် တပ်မ ၆၆ တို့က လုံခြုံရေး တာဝန်ယူထားသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။

စေတနာ့ဝန်ထမ်း မဲရုံကိုယ်စားလှယ်လုပ်ချင်သူများ ရှိလာ

မဲရုံ ကိုယ်စားလှယ်အဖြစ် စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးရန် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီဝင်များ က စာရင်း ပေးသွင်းနေကြောင်း NDF က ပြောသည်။

စမ်းချောင်း မြို့နယ်အတွင်း မဲရုံ ၅၅ ရုံအတွက် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက် ပေးရန် လာရောက် စာရင်းပေးသွင်း သူ ပါတီဝင် ၄၄ ဦးရှိကြောင်း NDFပါတီမှ ဦးစိုးဝင်းက ပြောဆိုသည်။

NDFအပြင် တခြားသော နိုင်ငံရေးပါတီများသို့လည်း စေတနာ့ ၀န်ထမ်း မဲရုံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရန် ဆက်သွယ်မှုများရှိနေကြောင်း သိရသည်။

မဲမပေးရေး တီရှပ်ဝတ် NLD လူငယ်များ တားဆီးခံရ

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးတင်ဦးတို့၏ ဓာတ်ပုံများနှင့်“ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဥပဒေအရ မဲမပေးဘဲ နေပိုင် ခွင့် ရှိသည်”ဟူသော စာတမ်း ပါ တီရှပ်များ ၀တ်ဆင်ထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) လူငယ် ၁၅၀ ခန့်ကို ယမန်နေ့က ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင် ရဲနှင့် စွမ်းအားရှင်များက ၀ိုင်းဝန်း တားဆီးခဲ့သည်။

တောင်ဒဂုံမြို့နယ် သက်ကြီး ပူဇော်ပွဲသို့ သွားရန်အတွက် အေးချမ်းစွာ လမ်းလျှောက်လာစဉ် ယင်းသို့ တားဆီးခဲ့ခြင်း ဖြစ်ကြောင်း NLD လူငယ် တဦးက ပြောသည်။

ကြည့်မြင်တိုင်နှင့် စမ်းချောင်းမြို့နယ်များတွင်လည်း တီရှပ်ဝတ်ဆင်ထားသည့် NLD လူငယ်များကို အာဏာပိုင်များက တားဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပဲခူးမှာ ကြံ့ဖွံ့နှင့် စစ်တပ် ပြဿနာဖြစ်

ပဲခူးမြို့ဝမ်းဘဲအင်း အခြေစိုက် တပ်မ ၇၇ လက်အောက်ခံ ခြေမြန်တပ်ရင်း ၇ တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၀င်များက ပြီးခဲ့သည့် တပတ်၌ မဲဆွယ် စည်းရုံးမှုများ သွားရောက်ပြုလုပ်ခဲ့ရာ ပြဿနာ ဖြစ်ပွားခဲ့ကြောင်း ပဲခူးမြို့ခံများ ကပြောသည်။

“စစ်တပ်ထဲကို ပဲခူး ပြည်ခိုင်ဖြိုးကနေပြီးတော့ အောက်ခြေ တပ်သားတွေကို ၀င်စည်းရုံးတယ်၊ တပ်သားတွေက မင်းတို့ နိုင်ငံရေး ကိစ္စတွေ ဒီဘက်မှာ ၀င် စည်းရုံးတဲ့ ကိစ္စတွေ မလုပ်နဲ့ မလာနဲ့၊ ပြည်ခိုင်းဖြိုးကလည်း သူတို့ကိုယ် သူတို့ လုပ်ခွင့်ရှိတယ် ဘာညာနဲ့ ပြောတယ်၊ စစ်တပ်ဘက်ကလည်း လက်မခံတဲ့ အကြောင်း ပြန်ပြောတယ်၊ ပြောရင်းပြောရင်းနဲ့ တယောက်နဲ့ တယောက် အချေ အတင် စကားများပြီးတော့ ရိုက်နှက်တဲ့ အထိ ဖြစ်ကုန်တယ်”ဟု ပဲခူးမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

ယင်းသို့ ရိုက်နှက်မှု ဖြစ်ပွားခဲ့သောကြောင့် သက်ဆိုင်ရာ တပ်ရင်းမှူးက ဖြေရှင်းပေးခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။

၁ မဲ ၃ သောင်းပေး၍ ကြံ့ဖွံ့မဲဝယ်

ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ရန် ကျန်ရှိသည့် ၀န်ထမ်း ၁၂၀၀၀ ခန့်ကို တဦးလျှင် ကျပ် ၃ သောင်းစီပေး၍ နေပြည်တော်အသွား ကားပါ စီစဉ်ပေးပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို မဲပေးရန် စီစဉ်ပေးနေကြောင်း သတင်းရရှိသည်။

အဆိုပါ ဝန်ထမ်းများကို နိုဝင်ဘာ ၆ ရက်နေ့ညတွင် နေပြည်တော်သို့ ထွက်ခွာရန် ညွှန်ကြားထားကြောင်း၊ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် စစ်အစိုးရ ခေါင်းဆောင်များ ယှဉ်ပြိုင်မည့် နေပြည်တော် မဲဆန္ဒနယ်တွင် ကြံ့ဖွံ့ပါတီ အနိုင်ရရန် တမဲလျှင် ကျပ် ၃ သောင်းပေး၍ မဲဝယ်ခြင်းသာ ဖြစ်ကြောင်း ဝန်ထမ်းများက ဝေဖန်ပြောဆိုနေကြသည်။ ကျန်ရှိတဲ့စာများကိုဒီမှာရေးပါ။….

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: