ထောင်ပြန် ၂ ဦး ရွေးကောက်ပွဲ သပိတ်မှောက်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲကို သပိတ်မှောက်မည်ဟု ယခုလ ၂ဝ ရက်နေ့တွင် အကျဉ်းထောင်မှ ပြန်လွတ်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း တွံတေးမြို့နယ် ဒုဥက္ကဋ္ဌ ဦးချစ်ဖေနှင့် မြို့နယ်စည်းအဖွဲ့ဝင် ကိုအောင်စိုးဝေက ပြောဆိုသည်။

၂ဝဝ၉ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာ ဖက်တရာစေတီ၌ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲကို ဦးဆောင်ပြုလုပ်ရာမှ ဖမ်းဆီးခံရကာ သာသနာတော် ညှိးနွမ်းစေမှုပုဒ်မ ၂၉၅ ဖြင့် ထောင်ဒဏ် ၁ နှစ်ခွဲစီ ကျခံခဲ့ပြီးနောက် လွတ်ရက်စေ့သဖြင့် ပြန်လွတ်လာသူများ ဖြစ်သည်။

“ဦးတင်ဦးတို့၊ ဦးဝင်းတင်တို့ (NLD ခေါင်းဆောင်များ) နဲ့လည်း မတွေ့သေးဘူး။ ရွေးကောက်ပွဲ သပိတ်မှောက်မယ်၊ အဆင်သင့်ပေါ့။ နဂိုကတည်းက ဆန့်ကျင်တယ်၊ သပိတ်မှောက်တယ်။ တရားမမှန်တဲ့ ဟာကို လက်မခံပါဘူး။ ဆက်လက်ဆန့်ကျင်မယ်၊ သပိတ်မှောက်မယ်။ ဒါပါပဲ” ဟု ဦးချစ်ဖေက မဇ္ဈိမကို ပြောသည်။

တွံတေးမြို့မှ သံဃာတော်တပါး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၆ ဦးမှာ အကျဉ်းထောင်များတွင် ကျခံနေရကာ ၎င်းတို့အားလုံး ရွေးကောက်ပွဲမတိုင်မီ ပြန်လွတ်လာမည်ဟု ကိုအောင်စိုးဝေက မျှော်လင့်နေသည်။

“ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးဖို့ မျှော်လင့်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေ အပြစ်ဒဏ် နည်းကြတယ်။ ၁၂ လပိုင်းမှာ လွတ်မယ့်သူ ၂ ယောက် ရှိသေးတယ်လေ။ တနိုင်ငံလုံး ၁၁ဝဝဝ လွတ်မယ်လို့ ပြောတယ်။ နိုဝင်ဘာလ ၃ ရက်နေ့ကို လွတ်မယ်လို့ ထောင်ထဲမှာ ပြောတယ်။ နိုင်ငံရေး အကျဉ်းသား ပါမပါတော့ ပြောလို့မရဘူး” ဟု သူက ပြောသည်။

ကိုအောင်စိုးဝေသည် ပဲခူးတိုင်း ပြည်ထောင်မှ လွတ်လာကာ ယမန်နေ့ ညနေတွင်၎င်း၊ ဧရာဝတီတိုင်း ဘိုကလေးထောင်မှ လွတ်လာသည့် ဦးချစ်ဖေမှာ ယနေ့နံနက်၎င်း နေအိမ်များဆီ ပြန်ရောက်ခဲ့ခြင်း ဖြစ်သည်။ နှစ်ဦးစလုံးမှာ ကျန်းမာရေး ကောင်းမွန်နေကြောင်း သိရသည်။

မဇ္ဈိမသတင်းထောက် ဆလိုင်းထွန်း ရေးသားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: