ဇီးကုန်း NLD မဲမပေးရေးကမ်ပိန်း
October 13, 2010 Leave a comment
နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ မဲဆန္ဒနယ် ပဲခူးတိုင်း ဇီးကုန်းမြို့နယ်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မဲမပေးရေး လှုပ်ရှားမှုအဖြစ် အရင်တနင်္ဂနွေနေ့က ဓာတ်ပုံနှင့် တီရှပ်ကမ်ပိန်း လုပ်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် ပါတီဝင် ၂ဝ ကျော်က ရှေ့ဘက်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ ဓာတ်ပုံ၊ ကျောဘက်တွင် “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဥပဒေအရ မဲမပေးဘဲ နေခွင့်ရှိသည်” စာတမ်းပါ တီရှပ်များ ဝတ်ကာ မဲမပေးဘဲ နေနိုင်ကြောင်း စာတမ်းပါ ဓာတ်ပုံများ မြို့တွင်း၌ လှည့်ဝေခဲ့ကြသည်။
“လူတွေက မဲထည့်ရမှာ၊ မထည့်ရမှာကို ဘာမှမသိကြဘူး။ မဲမထည့်ရင် အဖမ်းခံရမယ်လို့ ထင်နေသူတွေလဲ ရှိကြတယ်။ ဒါကြောင့် ရွေးကောက်ပွဲဥပဒေမှာ ပါတဲ့အတိုင်း မဲမပေးဘဲ နေလို့ရတယ်။ မဲပေးလဲ ရတယ်။ မဲမပေးလို့ ကိုယ့်ကို ဖမ်းလို့ မရဘူးဆိုတာ ပြည်သူတွေသိအောင် ရှင်းပြခဲ့ပါတယ်” ဟု ဦးဆောင်သူ ဇီးကုန်းမြို့နယ် NLD ဥက္ကဋ္ဌ ဒေါ်ခင်ဝိုင်းက မဇ္ဈိမကို ပြောသည်။
အခမဲ့ ဝေသော ဓာတ်ပုံများမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းတင်တို့၏ အလျား ၄ လက်မ၊ အနံ ၂ လက်မခွဲ အရွယ် ဓာတ်ပုံများ ဖြစ်သည်။
ဇီးကုန်းမှ ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နှင့် ကြံ့ဖွံ့ပါတီ (USDP) တို့ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည် သိရသည်။
ဇီးကုန်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် DPM မှ ဦးခင်မောင်သိန်း၊ တစညမှ ဦးချစ်ထွန်း၊ USDP မှ ဦးခင်မောင်မြင့်၊ အမျိုးသားလွှတ်တော်တွင် DPM မှ ကိုဇေယျာလှိုင်၊ တစညမှ ဒေါ်တင်တင်ထွေး၊ USDP မှ ဦးပေါက် (မြနန္ဒာဆန်စက်ပိုင်ရှင် – နတ္တလင်းမြို့) တို့ ယှဉ်ပြိုင်ကြမည်။
တိုင်းဒေသကြီး လွှတ်တော် အမှတ် ၂ တွင် DPM မှ ဦးခင်ရွှေ (ဇီးကုန်းမြို့ခံ ကျူရှင်ဆရာ)၊ တစညမှ ဦးထွန်းချစ်၊ USDP မှ ဦးထွန်းခိုင်တို့ ယှဉ်ပြိုင်မည်ဖြစ်သော်လည်း တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း တဦးတည်း ဝင်ကြဲမည်ဖြစ်သည်။
ဦးဉာဏ်ဝင်းသည် ဇီးကုန်းအနောက်ဖက် တမိုင်အကွာရှိ ကံညီကိုရွာ ဇာတိဖြစ်ပြီး ဇနီး ဒေါ်မြင့်မြင့်စိုးမှာ ဇီးကုန်း အမှတ် ၅ ရပ်ကွက်မှ ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ဦးဉာဏ်ဝင်းသည် ဇီးကုန်မြို့ခံ မျက်စိမှုန်သူများအတွက် မျက်မှန် ၇ဝဝ ကျော် အခမဲ့ ဝေကာ မဲဆွယ်ခဲ့သည်။ အရင်လဆန်းကလည်း ဇီးကုန်းအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဖြင့် အောင်မြင်သူ ကျောင်းသားကျောင်းသူများကို ဂုဏ်ထူးတဘာသာလျှင် ကျပ်တသောင်းစီ ဆုချီးမြှင့်ခဲ့သေးသည်။
“အခုမှ ဟိုလှူ ဒီလှူနဲ့ လုပ်နေတာက သူအာဏာရရေး လုပ်နေမှန်း သိသာပါတယ်။ ဇီးကုန်းသားဆိုပေမယ့် မဲပေးဖို့တော့ မစဉ်းစားပါဘူး။ ဦးဉာဏ်ဝင်းမှ မဟုတ်ဘူး။ ဘယ်ပါတီကိုမှ မဲပေးဖို့ မစဉ်းစားတာ” ဟု ဇီးကုန်းမြို့ခံ စားသောက်ကုန် လုပ်ငန်းရှင်တဦးက ပြောသည်။
မဇ္ဈိမသတင်းထောက် ဆလိုင်း ဟံသာစန်း ရေးသားသည်။