မိုးရွာ ရေကြီး၊ ဘူးသီးတောင်-မောင်တော ကားလမ်း ကျိုးပျက်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် မြန်မာနိုင်ငံ အနောက်ဘက် ကုန်သွယ်ရေး လမ်းမတခုဖြစ်သော ဘူးသီးတောင်-မောင်တော ကားလမ်းမှာ အပိုင်းပိုင်း ကျိုးပျက် သွားကြောင်း သတင်း ရရှိသည်။

မောင်တောမှ ကုန်သည်မ တဦးက“ကျမ ဒီနေ့ စစ်တွေကိုသွားမလို့ ဘူးသီးတောင်ကို ကားနဲ့ ဆင်းတာ။ လမ်းက ကျိုးပျက်ပြီး သွားလာလို့ မရတဲ့ အထိ လုံးဝအခြေနေဆိုးသွားတော့ မောင်တော ကိုပဲ ပြန်လည့်လာရတယ်” ဟု ပြောသည်။

ဘူးသီးတောင်-မောင်တောကားလမ်းတွင် မောင်တောဘက်ခြမ်း၌ လမ်းသုံးပိုင်း ပိုင်းသွားပြီး ၆မိုင် တံတားမှာလည်း ပြိုပျက်သွားကြောင်းနှင့် ဘူးသီးတောင်ဘက်ခြမ်း အခြေအနေကို မသိရှိရသေးကြောင်း သူမက ပြောသည်။

အလားတူ နစက ဌာနချုပ်ရှိရာ မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာသို့ သွားရာလမ်းတွင်ရှိသော သုံးမိုင် တံတားမှာလည်း ကျိုးပျက်သွားပြီး ရေထဲ မျောပါသွားကြောင်း ဒေသခံများက ပြောသည်။

အခုက အဆက်အသွယ် ပြတ်နေပါတယ်။ ဘယ်လိုမှ လမ်းက သုံးလို့မရတော့ပါဘူး။ ဒီလမ်း ကောင်းဖို့ ဘယ်လောက်ကြာမလဲဆိုတာတော့ မပြောတတ်တော့ပါဘူး။ တနေ့လုပ် တနေ့စား နေရတဲ့ လူတွေအတွက် အခက်အခဲဖြစ်ကြပြီပေါ့။ ကုန်ဈေးနှုန်းတွေ တက်လာမှာကတော့ ပြောစရာလိုမှာ မဟုတ်ပါဘူး။” ဟု သူမက ဆက်ပြောသည်။

ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ဒီရေ တက်လာမူကြောင့် မောင်တောမြို့ရှိ ရပ်ကွက် အများအပြားကို ရေလွမ်းခဲ့သည်ဟု မောင်တောမြို့ခံတဦးက ပြောသည်။

“မနေ့ ည၈နာရီလောက် ကတည်းက ဒီရေနဲ့အတူ ရေပြည့်ခဲ့ပါတယ်။ လူတွေက ဆူနာမီ ဖြစ်မလား ဆိုပြီးတော့ တော်တော့ကို အထိတ်တလန့် ဖြစ်သွားကြပါတယ်။ မောင်တော ကမ်းနားလမ်းက လူတွေဆိုရင် အကုန်လုံးနီးပါးဟာ အိမ်ထဲမှာ မနေရဲခဲ့ကြပါဘူး။ အိမ်၊ ခြံထဲတွေအထိ ရေပြည့်ခဲ့ပါတယ်။”

ရေပြည့်ခဲ့သော မြို့ပေါ်ရပ်ကွက်များမှာ အောက်ရွာ၊ ဒက်ရွာ၊ ကမ်းနားလမ်း၊ ဝိမလ၊ စံပြရွာ၊ ရွာသစ်၊ ဗိုလ်မှူးရွာနှင့် တခြား ရပ်ကွက် ကျေးရွာများတွင် ဖြစ်သည်။

၎င်းအပြင် မောင်တောမြို့နယ်ရှိ ကျေးရွာများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် ပုဇွန်ကန်များ ပြိုပျက်သွားခဲ့ပြီး လယ်ကွင်းများတွင်လည်း ရေပြည့်လျှံနေကြောင်း သိရသည်။

လယ်ကွင်းများတွင် ဆားငန်ရေနှင့်အတူ မိုးရေများပါပြည့်နေမှုကြောင့် စပါးပင်များ ပျက်စီး သွားမည်ကို လယ်သမားများ အထူး စိုးရိမ်နေကြကြောင်း မောင်တောမြို့နယ် အောက်ပြူးမ ကျေးရွာသား တဦးကပြောသည်။

လွန်ခဲ့သော ဇွန်လအတွင်းကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မိုးသက်လေပြင်းနှင့်အတူ ရေကြီးမှုကြောင့် ဘူးသီးတောင်နှင့် မောင်တောတွင် လူ ၁၀၀ နီးပါး သေဆုံးသွားခဲ့ပြီး ရာချီသော ပြည်သူများ အိုးအိမ်မဲ့ ဖြစ်ခဲ့ ရသည်။

ယခု သတင်းရေးသား နေချိန်တွင်လည်း မိုးရွာသွန်းပြီး လေပြင်းနှင့် အတူ ဒီရေများ တက် လာနေသဖြင် မြို့ပေါ် ရပ်ကွက်များကို တဖန် ရေမြုပ်နိုင်ခြေရှိကြောင်း မြို့ခံများက ပြောသည်။

နိရဉ္စရာသတင်းထောက် မင်းဆက်ခိုင် ရေးသားသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: