ထိုင်း-မြန်မာ နယ်စပ်တွင် လူကုန်ကူးမှု မထိန်းချုပ်နိုင်သေး

တရုတ်-မြန်မာ နယ်စပ်တွင် နယ်စပ် ဆက်ဆံရေးရုံး (BLO) ၂ ခု ဖွင့်လှစ်ပြီး လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဆောင်ရွက်နေ သော်လည်း ထိုင်း-မြန်မာ နယ်စပ်များတွင်မူ အဆိုပါရုံးများ မဖွင့်လှစ်နိုင်သေးကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့မှ ရဲမှူးကြီး ညွန့်လှိုင်က “၂၀၀၉ ကတည်းက ရုံးတွေဖွင့်သွားပြီး လုပ်ဖို့ သဘောတူ လက်မှတ်ထိုးထားတာ။ အခုလောလောဆယ် ထပ်ညှိနှိုင်းနေတယ်။ ဒီရုံးတွေဖွင့်ဖို့ မြန်မာဘက်က အတွေ့အကြုံရှိပြီးသား။ ထိုင်းဘက်က အဆင်ပြေပြီလို့ ပြောတဲ့နေ့ စဖွင့်သွားမယ်” ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်ဆက်ဆံရေးရုံးများ ဖွင့်လှစ်ပြီးပါက လူကုန်ကူးမှုလုပ်ငန်းများကို သတင်းရရှိသည်နှင့် ချက်ခြင်းပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် အောင်မြင်မှု ပိုမိုရရှိလာမည်ဟု ရဲမှူးကြီး ညွှန့်လှိုင်က ဆိုသည်။

ထိုင်း-မြန်မာ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး သဘောတူစာချွန်လွှာကို ၂၀၀၉ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း အကောင်အထည်ဖော်မည့် အရာများအား ရေးဆွဲညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ နယ်စပ်ဆက်ဆံရေးရုံးများကို တာချီလိတ်၊ မြ၀တီ၊ ကော့သောင်းမြို့တို့တွင် ဖွင့်လှစ်ရန် ရွေးချယ်ထားကြောင်း သိရသည်။

စက်တင်ဘာလ ၁၆ နှင့် ၁၇ ရက်နေ့များက မန္တလေးမြို့တွင် ကျင်းပခဲ့သော ထိုင်း-မြန်မာ လူကုန်ကူးမှုကြိုတင်တားဆီး ကာကွယ်နှိမ်နင်းရေး ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံဘက်မှ နယ်စပ်ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် သဘောတူညီခဲ့ကြောင်း၊ ဒုတိယ ရဲမှူးကြီး ရာလျန်မုန်းက ပြောကြားခဲ့သည်ဟု စက်တင်ဘာ ၃၀ ရက်နေ့ထုတ် ရန်ကုန်တိုင်း (မ်) ဂျာနယ်တွင် ဖော်ပြထားသည်။

ရဲမှူးကြီး ရာလျန်မုန်းက ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရုံဖြင့် လူကုန်ကူးမှုကို မဖြေရှင်းနိုင်ကြောင်း၊ တခြားသူများ ဝင်ငွေများများရသည်ကို အထင်ကြီးခြင်း၊ စွန့်စားလိုခြင်းနှင့် သွားရောက်သည့် နိုင်ငံ၌ လုပ်အား သို့မဟုတ် လိင်ခေါင်းပုံဖြတ်ခံရမည့် အန္တရာယ်ကို မသိခြင်းများက လူကုန်ကူးခံရစေရန် တွန်းအားပေးနေခြင်း ဖြစ်ကြောင်း ပြောသည်။

“လူကုန်ကူးတဲ့အထဲမှာ မြန်မာအချင်းချင်း၊ နောက်ခံက ထိုင်းလူမျိုးတွေပါ။ တချို့ ကယ်ထုတ်ထားတဲ့ လူတွေကို မေးတော့ ထိုင်းအာဏာပိုင်တွေထဲက တချို့တွေပါနေတော့ ကိုင်တွယ်ရခက်တယ်။ ကိုယ်က ကိုယ့်နိုင်ငံထဲမှာ လုပ်နေရတာ မဟုတ်တော့ အားနည်းချက်တွေရှိနေတယ်” ဟု လူကုန်ကူးမှု တိုက်ဖျက်ရေး ကုလသမဂ္ဂ စီမံချက် (UNIAP) နှင့် တွဲဖက်၍ လုပ်ကိုင်နေသူ မစ္စတာ ရိန်းဂိုးလ်က ဆိုသည်။

“NGO တွေက သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေနဲ့ ပေါင်း၊ သိုသိုသိပ်သိပ် လေ့လာပြီး ၀င်ဖမ်းတာမျိုး လုပ်သင့်တယ်။ UNIAP နဲ့ ပေါင်းပြီး အယောက် ၁၀၀ ကျော်လောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ ဒါရိုက်တာ ဦးမြင့်ဝေက “ကိုယ့် ဆွေမျိုးသားချင်းထဲက ရောင်းစားခံရတယ်၊ အဲဒီလိုမျိုးတွေ အကူအညီလာတောင်းလို့ အချက်အလက်တွေ ပေးနိုင်တယ်ဆိုရင် ကျနော်တို့က အချက်အလက်တွေကို စုံစမ်းပြီးတော့ ထိုင်းရဲတပ်ဖွဲ့တွေရယ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေး တွေရယ် သွားကယ်တယ်။ နယ်စပ်ဆက်ဆံရေးရုံး ဖွင့်လိုက်တာနဲ့တော့ ဒီဘက်ကို လာနေတဲ့ လူတွေကို ထိန်းချုပ်နိုင်မယ် မထင်ဘူး။ မြန်မာနိုင်ငံဘက်မှာ အလုပ်မပေးနိုင်သေးသရွှေ့ ဒီဘက်ကို လာဦးမှာပဲ” ဟု ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့က အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၁၅ ဦးကို မဟာချိုင် ပုစွန်အလုပ်ရုံတွင် သွားရောက် ကယ်ထုတ်ခဲ့ကြောင်း ဦးမြင့်ဝေက ဆိုသည်။

ပြည်တွင်း NGO တခုမှ တာဝန်ရှိသူတဦးက “အဓိက တရုတ်နယ်စပ်ကို သွားတဲ့အထဲမှာ အလုပ်လုပ်ဖို့ သွားတဲ့လူ နည်းတယ်။ ဈေးဝယ်ဖို့ သွားတဲ့ကုန်သည်တွေပဲ ရှိတယ်။ လူအ၀င်အထွက် နည်းတော့ စစ်ဖို့ လွယ်တယ်။ နှစ်နိုင်ငံ ပြဿနာမရှိဘူး။ ထိုင်း-မြန်မာ နယ်စပ်ကျတော့ အဓိက အလုပ်လုပ်ဖို့ သွားတဲ့လူတွေ များတယ်။ လူအ၀င်အထွက်များတော့ ထိန်းချုပ်ဖို့ ခက်တဲ့ ပြဿနာရှိတယ်” ဟု ထိုင်း-မြန်မာ နယ်စပ် လူအဝင်အထွက် ထိန်းချုပ်မှု အခက်အခဲကို ရှင်းပြသည်။

၎င်းက ဆက်လက်၍ “ဒီရုံးဖွင့်လိုက်တာနဲ့တော့ လူကုန်ကူးမှု ကျသွားမယ်လို့ ပြောလို့ မရသေးဘူး။ တကယ်လုပ်နိုင်ဖို့လည်း လိုပါတယ်။ အဓိက လူကုန်ကူးခံရတဲ့ အကြောင်းရင်းက တခုပဲရှိတယ်။ ပိုက်ဆံလိုချင်လို့ တခြားနိုင်ငံသွား အလုပ်လုပ်တာ။ ကိုယ့်ပြည်တွင်းမှာ စီးပွားရေးတွေ ကောင်းနေမယ်၊ အလုပ်လုပ်လို့ရလာတဲ့ ပိုက်ဆံက စားဝတ်နေရေးအတွက် လုံလောက်တယ်ဆိုရင် ဘယ်သူမှ သွားပြီးဒုက္ခမခံဘူး။ ဒီအချက်ကို အာဏာပိုင်တွေ ဖြည့်ဆည်းပေးနိုင်ရင် လူကုန်ကူးခံရတာ လျော့သွားမယ် ” ဟု ပြောသည်။

တခြားနိုင်ငံများသို့ တရားမ၀င် သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရမှုများလည်း ရှိသည့်အပြင် တရားဝင်သွားရောက်ပြီးမှ နိုင်ငံကူးလက်မှတ် အသိမ်းခံရကာ ပြန်မလာနိုင်သည့် ပြဿနာများလည်း ရှိသောကြောင့် တရားဝင်သွားရောက်ကာ လူကုန်ကူးခံနေရမှုများလည်းရှိကြောင်း၊ နိုင်ငံတွင်း စီးပွားရေးနှင့် လုပ်ကိုင်ရှာဖွေစားသောက်မှု ခက်ခဲနေခြင်းကြောင့် လူကုန်ကူးခံရသူများထဲတွင် ပညာတတ်များလည်း ပါဝင်လာကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ်မှ စတင်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ပြဌာန်းခဲ့သည်။

၂၀၁၀ ခုနှစ် စက်တင်ဘာလအထိ လူကုန်ကူးမှုပေါင်း ၅၉၄ မှုနှင့် လူကုန်ကူးသူ ၁၆၉၀ ဦးကို အရေးယူခဲ့ပြီး လူကုန်ကူးခံရသူ ၁၃၄၄ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

ဧရာဝတီသတင်းထောက် နရီလင်းလက် ရေးသားသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: