ရန်ကုန် မြို့နယ်အချို့တွင် စားသောက်ဆိုင်များ ညဥ့်နက်မဖွင့်ရန် တားမြစ်

ရန်ကုန်မြို့၏ မြို့နယ်အချို့အတွင်း ညဉ့်နက်သည်အထိ ဖွင့်လှစ်ရောင်းချလေ့ရှိသော စားသောက်ဆိုင်များအား ည (၁၁) နာရီ နောက်ဆုံးထား ပိတ်သိမ်းကြရန် တားမြစ်မိန့်ထုတ်ပြန်လိုက်ကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (တယက) မှ သိရသည်။

တားမြစ်မိန့်အရ အရက်ဆိုင်များ၊ ဘီယာအပါအ၀င် စားသောက်ဆိုင်များ၊ အလှပြင်ဆိုင်၊ ကာရာအိုကေဆိုင်၊ အနှိပ်ခန်း (မာဆတ်)၊ KTV စသည်တို့ အကျုံးဝင်ပတ်သက်သည်ဟု သိရသည်။

အဆိုပါဆိုင်ကြီးများသည် ညဥ့်နက်သည်အထိ ဖွင့်လှစ်ခြင်းဖြင့် ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေခြင်း၊ ယင်းဆိုင်များ၌ ညဥ့်အချိန် မသမာသူ ဒုစရိုက်သမားများ ခိုအောင်းနိုင်ခြင်း၊ ရာဇ၀တ်ပြစ်မှု ကျူးလွန်ခြင်းတို့ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုကဲ့သို့ တားမြစ်မိန့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

“စည်ပင်ခွန်၊ အမြတ်ခွန် တရားဝင်ပေးသွင်းထားတဲ့ စားသောက်ဆိုင်တွေအနေနဲ့ ဒုစရိုက်မှု၊ လုံခြုံရေးဆိုင်ရာ ပြဿနာ ဒီလောက်မရှိနိုင်ပါဘူး။ လိုင်စင်လက်ဝယ်မရှိတဲ့ ဒေသအာဏာပိုင်တွေနဲ့ နားလည်မှုယူပြီး ဖွင့်နေကြတဲ့ ကာရာအိုကေဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ ပြည့်တန်ဆာခန်းတွေ၊ နိုက်ကလပ်တွေမှာသာ ရာဇ၀တ်မှုတွေ ဖြစ်နေတာပါ။ ဒီနေရာတွေမှာသာ ဒုစရိုက်သမား အများစု ခိုအောင်းနေတာပါ။ အမှန်က ရွေးကောက်ပွဲ နီးလာလို့ လုံခြုံရေးအရ ခုလို တားမြစ်မိန့် ထုတ်ပြန်ခြင်း ဖြစ်နိုင်ပါတယ်” ဟု ရန်ကုန်မြို့ခံတို့က ယူဆကြသည်။

အဆိုပါ ကြေညာချက်ကို ပုဇွန်တောင်မြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) တို့တွင် စတင်ထုတ်ပြန်လိုက်ပြီး မကြာမီရက်ပိုင်း၌ တောင်ဥက္ကလာပမြို့နယ်သို့ ဆက်လက် ထုတ်ပြန်ရန်ရှိကြောင်း မယက အသိုင်းအ၀ိုင်းမှ သိရှိရသည်။

အထက်ပါ တားမြစ်မိန့်အား ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံးသို့ ထုတ်ပြန်ခြင်း ရှိ မရှိကိုမူ လတ်တလော မသိရှိရသေးသော်လည်း ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ မြို့နယ်အားလုံးသို့ ထုတ်ပြန်ဖွယ်ရှိသည်ဟု စုံစမ်းသိရှိရသည်။

အဆိုပါ ညွှန်ကြားချက်နှင့် တားမြစ်မိန့်များကို ဖောက်ဖျက်ကျူးလွန်ပါက ပုဒ်မ (၁၈၈) ဖြင့် အရေးယူဆောင်ရွက်မည်ဟု ကြေညာချက်တွင် ပါရှိသည်။

ခေတ်ပြိုင်သတင်းထောက် အောင်ထက် ရေးသားသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: